DVB Logo
Home
မြန်မာသတင်း
သင်္ကြန်လည်မည့်သူများ အရေပြားရောဂါ မခံစားရရန် ကြိုတင်ပြင်ဆင်မှု လုပ်သင့်
DVB
·
April 5, 2016
သင်္ကြန်လည်မည့်သူများ အရေပြားရောဂါ မခံစားရရန် ကြိုတင်ပြင်ဆင်မှု လုပ်သင့်
Donate to DVB

သင်္ကြန်မှာ လည်ပတ်မယ့်သူတွေ အရေပြားရောဂါ မခံစားရဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်သင့်တယ်လို့ အရေပြားအထူးကု ဆရာဝန်က ပြောကြားလိုက်ပါတယ်။

မကြာခင်ကျရောက်မယ့် သင်္ကြန်ကာလဟာ ခရမ်းလွန်ရောင်ခြည် အပူရှိန် မြင့်တက်မှုနဲ့ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုကာလ ကြုံတွေ့နေရတဲ့အတွက် သင်္ကြန်လည်မယ့်သူတွေ အပူရှိန်လွန်ကဲမှုနဲ့ ကြုံရမှာပါ။

နေပူဒဏ်အပြင် ရေစိုမှုကြောင့် အရေပြားပျက်စီးတာ၊ ခရမ်းလွန်ရောင်ခြည် အန္တရာယ် ကိုယ်ထဲ ပိုပြီး ဝင်ရောက်တာတွေ ဖြစ်စေနိုင်ပါတယ်။

အရေပြား ပျက်စီးနိုင်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အရေပြားအထူးကုဆရာဝန် ဒေါက်တာလင်းထက်က “သင်္ကြန်ကာလအတွင်းမှာ အရေပြားပျက်စီးတဲ့ အကြောင်းရင်းတွေက နေရောင်ခြည်ကြောင့်ဖြစ်တာ ရှိသလို လေကြောင့်လည်း အရေပြားတွေ ပျက်စီးတယ်။ ကားနဲ့လည်ကြတာ၊ ကားပေါ်မှာ မတ်တပ်ရပ်ပြီး လေတွေတဟူးဟူးတိုက်ပြီး ကားမောင်းသွားတယ်။ ရေစိုတယ်၊ နေထိုးလိုက်တော့ ပူပြီးခြောက်သွားတယ်၊ လေတိုက်တော့ ပိုခြောက်သွားတယ်။ သုံးခုစလုံး ပေါင်းလိုက်တော့ အရေပြားပျက်စီးမှာ ကြောက်ရတယ်။ စိုလိုက်ခြောက်လိုက်၊ ခြောက်လိုက်စိုလိုက်နဲ့ ဒီအရေပြားက ဘာခံနိုင်မှာတုန်း” လို့ ပြောပါတယ်။

အခုနှစ်သင်္ကြန်ကာလဟာ ၅ ရက်ဖြစ်တာကြောင့် နေရောင်ထဲ သွားလာလည်ပတ်မယ့်သူတွေ အနေနဲ့ ဦးထုပ်ဆောင်းတာ၊ နေကာမျက်မှန်တပ်တာ၊ အင်္ကျီလက်ရှည်ဝတ်ဆင်ပြီး နေရောင်ခြည်ဒဏ်ခံတဲ့ နေလောင်ခံ လိမ်းဆေးတွေလိမ်းတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ရေစိုအဝတ်၊ ဖိနပ် ကြာရှည်စွာ ဝတ်ဆင်တာကိုလည်း ရှောင်ရှားသင့်ပြီး ရေကောင်းရေသန့်နဲ့ မဖြစ်မနေ ပြန်လည်ဆေးကြောဖို့လည်း လိုပါတယ်။

သင်္ကြန်တွင်း ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဒေါက်တာလင်းထက်က “သင်္ကြန်တွင်းမှာ နေရောင်ကာက ရိုးရိုးနေရောင်ကာနဲ့မရဘူး၊ ရေစိုခံတဲ့ နေရောင်ကာ၊ အဖြူရောင်ဆိုရင် ရေစိုလိုက်တဲ့အခါ အသားနဲ့ကပ်ပြီး နေရောင်က ဖောက်သွားနိုင်တယ်။ အဲဒီတော့ အရောင်ပါတဲ့အင်္ကျီ ၀တ်ရမယ်။ အမည်းရောင်တော့ မ၀တ်သင့်ဘူး။ အရောင်တောက်တဲ့ အင်္ကျီမျိုးကို ၀တ်ဆင်သင့်တယ်၊ သင်္ကြန်နဲ့လည်း အကိုက်ပေါ့" လို့ အကြံပြု ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျရောက်နေတဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက လွန်ကဲအဆင့်မှာ ကျရောက်နေပြီး မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း အမြင့်ဆုံး ကျရောက်နေတဲ့အတွက် နေရောင်ခြည်ထဲထွက်ရင် ထိခိုက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှုအပြင် ပူပြင်းခြောက်သွေ့တဲ့ အယ်နီညိုရာသီဥတုပါ ဖြစ်ပေါ်နေတဲ့အတွက် အပူဒဏ်က လွန်ကဲစွာ ကျရောက်နေပြီး အပူဒဏ်ကြောင့် ရုတ်တရက် မူးလဲတာတွေ ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် ပူပြင်းမှု၊ ရေရှားပါးမှုနဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုတွေလည်း ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013