DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် ကျပ်သိန်း ၄ သောင်းကျော်တန် မူးယစ်ဆေးဝါးဖမ်းမိ၊ ပိုင်ရှင်ထွက်ပြေး
DVB
·
April 4, 2016
ရှမ်းပြည်နယ်တွင် ကျပ်သိန်း ၄ သောင်းကျော်တန် မူးယစ်ဆေးဝါးဖမ်းမိ၊ ပိုင်ရှင်ထွက်ပြေး
Donate to DVB

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ ဧပြီလ ၂ ရက်နေ့ည သန်းခေါ်ယံမတိုင်မီက ကျပ်သိန်းပေါင်း (လေးသောင်းတစ်ထောင်)  တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မြ၀တီသတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ အစိုးရသစ်တက်လာပြီး ၂ ရက်အကြာမှာ တန်ဖိုးများပြားလှတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိမှုဖြစ်ပါတယ်။

ကျိုင်းတုံမြို့နယ်၊ မိုင်းခတ်-မိုင်းယန်းသွားကားလမ်း၊ နောင်ကန်ရွာထိပ်လမ်းမကြီးပေါ်မှာ ည ၁၁ နာရီခွဲခန့်က လုံခြုံရေးပူးပေါင်းအဖွဲ့က မိုင်းခတ်ဘက်မှ နောင်ကန်ရွာဘက်ကို မောင်းလာတဲ့ ဟွန်ဒါ စီအာရ်ဗွီအမျိုးအစားကားကို စစ်ဆေးဖို့ရပ်ခိုင်းတဲ့အခါ မရပ်ဘဲ ယာဉ်ပေါ်ကနေ သေနတ်နဲ့ပစ်ခတ်မောင်နှင်ထွက်ပြေးကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ ရာမှာ ယာဉ်ဟာ လမ်းဘေးရေမြောင်း အတွင်း ထိုးကျသွားခဲ့ပြီး ယာဉ်ပေါ်ပါသုံးဦးက နောင်ကန်ရွာအနီးတောလမ်းအတိုင်း ထွက်ပြေးသွားခဲ့ကြောင်း မြ၀တီသတင်းက ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ရဲတပ်ကြပ်ဇော်မင်းဦးနဲ့ ရဲတပ်သားဇော်မင်းထွေးတို့မှာ ဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ်အတွင်းမှ တစ်ထုပ်လျှင် မူးယစ်ဆေးဝါး အိုက်စ် ၁ ကီလိုဂရမ်ခန့်ပါရှိတဲ့ အထုပ်၂၀ ပါ ကျောပိုးအိတ်လေးလုံးနဲ့ ၂၁ ထုပ်ပါ ကျောပိုးအိတ်လေးလုံး၊ စုစုပေါင်းအလေးချိန် ၁၆၄ ကီလိုဂရမ်ခန့် ကာလတန်ဖိုး ကျပ်သိန်း ၄၁၀၀၀ ခန့်၊ မြန်မာငွေကျပ် ၁၃ သိန်း၊ လက်ကိုင်ဖုန်းနှစ်လုံး၊ စစ်စိမ်းရောင် ပြောက်ကျားအင်္ကျီ တထည်၊ ပြောက်ကျားဘေးလွယ်အိတ်တစ်လုံးနှင့် အခင်းဖြစ်ပွားရာနေရာမှ ၉ မမ လူကာပစ္စတို ကျည်ခွံနှစ်ခုတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ မြ၀တီသတင်းကဆိုပါတယ်။ သိမ်းဆည်း ပစ္စည်းတွေ ကို ကျိုင်းတုံမြို့မရဲစခန်းကို အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးပူးပေါင်းအဖွဲ့က သတင်းရရှိလို့ ဒီမော်တော်ယာဉ်ကို ကြိုတင်စောင့်ဆိုင်း ရပ်တန့် ခိုင်းတာဖြစ်ပေမယ့် ကားပေါ်ပါလာသူက သေနတ်နဲ့ပစ်လို့ ရဲ ၂ ယောက်ဒဏ်ရာရတာ၊ ၉ မီလီမီတာကျည်ခွံ ၂ ခုကိုသာ တွေ့ရှိခဲ့မှုက ယာဉ်ပေါ်ပါလူတွေပစ်တဲ့ ကျည် ၂ တောင့်ဟာ ရဲ ၂ ဦးကို ထိမှန်ခဲ့ပုံရပါတယ်။

ဒဏ်ရာရ ရဲ ၂ ဦးကို ကျိုင်းတုံဆေးရုံပို့ဆောင်ထားပြီး ပစ်ခတ်ထွက်ပြေးသူတွေကို တပ်မတော်က လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မူးယစ်ဆေးဝါးဆန့်ကျင်ရေးတပ်ဖွဲ့ကို မေးမြန်းရာမှာ ကျိုင်းတုံရဲတပ်ဖွဲ့ကို မေးဖို့ ညွန်ပြခဲ့ပြီး၊ ဒီဗွီဘီက ကျိုင်းတုံမြို့မရဲစခန်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရပ်တပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းဖို့ တယ်လီဖုန်းအလီလီဆက်ပေမယ့် မရပါဘူး။

ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကို မတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ မေးမြန်းစဉ်တုန်းက သူက “ထုတ်လုပ်မှုလျော့ပါးရေးမှာလည်း ဘိန်းစိုက်တောင်သူ တွေ၊ အခုကတော့ ဘိန်းစိုက်တာကတော့ နည်းနည်းနည်းသွားပြီပေါ့နော် stimulants ခေါ်တဲ့ စိတ်ကြွဆေးအခြေခံတွေ ထွက်နေတာများတယ်ပေါ့။ အဲဒါတွေကို ထုတ်လုပ်မှုပိုင်းမှာ ကျနော်တို့ က ဥပဒေစိုးမိုးလာလို့ရှိရင် ဒါတွေကို ဆောင်ရွက်လို့ရသွားမှာပါ။ အဲဒီမှာ ဘိန်းတောင်သူတွေကို ဘိန်းကရတဲ့ ၀င်ငွေနဲ့ အလားသဏ္ဌာန်တူတဲ့ တခြားအလုပ်အကိုင်၊ တခြားသီးနှံတွေ ဖန်တီးပေး နိုင်မယ်ဆိုလို့ရှိရင်လည်း စိုက်ပျိုးထုတ်လုပ်မှုက လျော့ကျသွားမှာပါ။ အဲဒီတော့ ကျနော်တို့ အက်ဖက်တမင်းတွေ၊ ရာဘဆေးပြားတွေ ထုတ်လုပ်နေတာကိုတော့ တရားဥပဒေစိုးမိုးအောင် ပြုလုပ်မယ်ဆိုလို့ရှိရင် နှစ်အတန်ကြာတဲ့အခါမှာ တဖြည်းဖြည်း တဖြည်းဖြည်း လျော့ပါးသွား လိမ့်မယ်လို့ အောက်မေ့ပါတယ်” လို့ ဖြေဆိုခဲ့ပါတယ်။

လက်ရှိဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ၊ တပ်မတော်ဟာ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဖြစ်ကြပါတယ်။ ဒီဝန်ကြီးဌာန ၂ ခုနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့ရဲ့ ၀န်ကြီး ၃ ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အဆိုပြုချက်အတိုင်း ခန့်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013