DVB Logo
Home
မြန်မာသတင်း
၂ နှစ်ပေါင်းပေးမည့် အကယ်ဒမီပွဲ သူရဦးတင်ဦး တက်မည်
DVB
·
April 2, 2016
၂ နှစ်ပေါင်းပေးမည့် အကယ်ဒမီပွဲ သူရဦးတင်ဦး တက်မည်
Donate to DVB

၂၀၁၄၊၂၀၁၅၊ ၂ နှစ်ပေါင်းပေးမယ့် ထူးခြားတဲ့ အကယ်ဒမီပွဲဟာ အစိုးရသစ်လက်ထက် ပထမဆုံးလုပ်တဲ့ အကယ်ဒမီပွဲဖြစ်ပြီး အန်အယ်လ်ဒီပါတီနာယက သူရဦးတင်ဦး တက်ရောက်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကတော့ အရင် နှစ်ကုန်ပိုင်းနဲ့ နှစ်ဆန်းပိုင်းတို့မှာ ကျင်းပပြုလုပ်လေ့ရှိတဲ့ အကယ်ဒမီပွဲကို အခုလို ဧပြီလရောက်မှ ကျင်းပနိုင်တာလည်း ဒီနှစ်အကယ်ဒမီပွဲရဲ့ ထူးခြားချက်တခုပဲလို့ ပြောပါတယ်။

“ထူးခြားချက်ကတော့ ၂ နှစ်စာပေးတာဟာ ထူးခြားတယ်၊ နောက်ပြီးတော့ အခုလို ဧပြီလမှာ တခါမှ မပေးဖူးဘူး။ ဒီအချိန်မှ ပေးရတယ်၊ ဒီလို ပေးရတာဟာလည်း နောင်နှစ်နောင်နှစ်တွေမှာ တနှစ်တခါ ရှောရှောရှူရှူ တနှစ်တခါ ပုံမှန်လေး တနှစ်ကုန်တာနဲ့တခါ အချိန်မှန်ပေးနိုင်အောင် ၂ နှစ်ပေါင်း ပေးလိုက်ရတာ ဖြစ်တယ်။”

ရန်ကုန်၊ စမ်းချောင်းမြို့နယ် Myanmar even park မှာ ဧပြီ ၃ ရက် ညဘက်လုပ်မယ့် အကယ်ဒမီပေးပွဲကို အန်အယ်လ်ဒီ နာယက သူရဦးတင်ဦးနဲ့ ရုပ်ရှင်အစည်းအရုံး နာယက ဗိုလ်ကလေး ဦးတင့်အောင်တို့က ဖွင့်လှစ်ပေးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရသစ်လက်ထက် အကယ်ဒမီပွဲကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်တို့ တက်ရောက်ချီးမြှင့်ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပမယ့် အကယ်ဒမီပွဲမှာ ဆုတံဆိပ်ပေါင်း ၂၄ ခု ပေးအပ်ဖို့ရှိပြီး ဘယ်နှဆု ပေးနိုင်မယ်ဆိုတာတော့ ဧပြီ ၃ ရက် ညကျမှပဲ သိကြရမှာ ဖြစ်ပါတယ်။

ဒီနှစ် အကယ်ဒမီဆုတွေကို ဆိုင်ရာနယ်ပယ်အလိုက် ဆိုင်ရာပုဂ္ဂိုလ်တွေက အမှတ်ပေး ရွေးချယ်ကြတာဖြစ်ပြီး ဥပမာ ဒါရိုက်တာဆုကို ဒါရိုက်တာအလွှာက ပညာရှင်တွေက အမှတ်ပေးရွေးချယ်တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၁၇ ကား၊ ၂၀၁၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၁၃ ကား စုစုပေါင်း ကား ၃၀ မှာ ပါဝင်တင်ဆက်ရိုက်ကူးခဲ့ကြတဲ့ အနုပညာရှင်တွေကို အကယ်ဒမီဆု ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

လတ်တလော စူပါတန်းဝင် သရုပ်ဆောင်တွေဖြစ်ကြတဲ့ နေတိုး၊ ပြေတီဦး၊ အောင်ရဲလင်း၊ ခန့်စည်သူ၊ လူမင်း၊ နိုင်နိုင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ အကယ်ဒမီရဖို့ ရေပမ်းစားနေသလို၊ မင်းသမီးတွေထဲမှာ ဖွေးဖွေး၊ သက်မွန်မြင့်၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ ၀န်မှုန်ရွှေရည်၊ န၀ရတ်၊ မိုးယုစံ စတဲ့သူတွေ အကယ်ဒမီရဖို့ ရေပန်းစားနေကြပါတယ်။

ကလေးသရုပ်ဆောင်တွေဖြစ်တဲ့ ဟဲဗီးဖြိုးနဲ့ ယွန်းယွန်းတို့လည်း ကျမက နှင်းဆီပါမောင် ဇာတ်ကားနဲ့ အကယ်ဒမီရမယ်လို့ သတင်းထွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013