DVB Logo
Home
မြန်မာသတင်း
အစိုးရအပြောင်းလဲ နိုင်ငံပိုင်သတင်းစာများ ရောင်းကောင်း
DVB
·
April 2, 2016
အစိုးရအပြောင်းလဲ နိုင်ငံပိုင်သတင်းစာများ ရောင်းကောင်း
Donate to DVB

မတ်လဆန်းပိုင်းကစပြီး အစိုးရအဖွဲ့ အပြောင်းအလဲတွေကြောင့် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက သတင်းစာတွေ အရင်လတွေထက် ရောင်းအား ပိုကောင်းခဲ့တယ်လို့ စာစောင်အရောင်း ဆိုင်တွေက ပြောပါတယ်။

ဒါ့အပြင်  မတ်လ ၃၁ ရက်နေ့ကစပြီး ပုံစံသစ်နဲ့ ထွက်ရှိလာတဲ့၊ နိုင်ငံပိုင် သတင်း စာတွေလည်း ရောင်းအားကောင်းခဲ့ပြီး၊ စာဖတ်သူတွေရဲ့ အားပေးမှုလည်း ကောင်းခဲ့တယ်လို့ သိရပါတယ်။

သတင်းစာတွေရောင်းနေတဲ့ဆိုင်မှ မနေရီဝင်းက “အကုန်ရောင်းရတယ် မောင်လေး သတင်းစာတွေကလေ။ မြန်မာ့အလင်း၊ အစိုးရသတင်းစာတွေလည်း ရောင်းရတယ်။ ပုဂ္ဂလိက သတင်းစာတွေလည်း ဒီရက်ပိုင်း တော်တော်ရောင်းရတယ်။ ခါတိုင်းလည်း လကုန်ပိုင်းဆိုရင်တော့ ရောင်းရတာ များတယ်။ ဒါပေမယ့် ဒီလကတော့ ပိုရောင်းရတယ်ပေါ့။ အခုက ပုံစံလေးပြောင်း လိုက်တာလည်းပါတယ်။ သတင်းတွေကော၊ ဟိုနေ့ကဆို ကဗျာလေးတွေလည်း ပါတယ်။ အဲ့ဒါတွေလည်း ရောင်းရတာပေါ့။ အခု ပြန်ဖတ်နေကြပြီပေါ့ အစိုးရ သတင်းစာ တွေကိုလေ။ ခါတိုင်းဆို ပုဂ္ဂလိက သတင်းစာတွေပဲ ယူကြတယ်။ အခုတော့ အစိုးရ သတင်းစာတွေပါ တွဲယူကြတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ သတင်းစာတွေရောင်းနေတဲ့ဆိုင်မှ ကိုနိုင်လင်းက “ဒီရက်ပိုင်းတော့ သတင်းစာတွေကတော့ တော်တော်ဖြန့်နေရတယ်။ အခုက ပြောင်းလဲထားတဲ့ အခြေအနေဆိုတော့လေ။ အကုန်လုံး cover တွေပါ အကုန် ပြောင်းလဲသွားတာ။ နိုင်ငံပိုင် သတင်းစာမှာပဲ တော်တော်ကြီးကို ပြောင်းလဲမှုက အရမ်း များသွားတော့။ နိုင်ငံရေးတွေ၊  နိုင်ငံရေး အကျဉ်းသားတွေ၊ ဘာတွေညာတွေက အစ ဆောင်းပါးတွေပါ ထည့်ပေးထားတာပေါ့။ မနေ့ကဆိုလည်း မင်းကိုနိုင်ဆောင်းပါးတွေပါထွက်တယ်။ ၀ယ်တဲ့သူတွေက အခု နိုင်ငံပိုင်သတင်းစာတွေကို တော်တော်စိတ်ဝင်စား လာကြတယ်။ ရောင်းအားလည်း တော်တော်များပါတယ်” လို့ ပြောပါတယ်။

သတင်းစာတွေကို အခုထက် ပိုမို အဆင့်မီပုံစံ ဖြစ်စေချင်တယ်လို့ ၀ယ်ယူဖတ်ရှုသူ ကိုဝင်းကိုကိုက ပြောပါတယ်။

“အခုက ဒီနေ့မှ အစလို့ပြောရမှာပေါ့။ အစဆိုတော့ ဘာမှတော့ ပြောလို့တော့ မရသေးဘူး။ အခုချိန်ထိတော့ ကောင်းနေတုန်းပဲ။ ပြောင်းတယ်ဆိုတာက အစိုးရပြောင်းလို့ သူတို့လိုက်ပြောင်းတာလား။ တကယ်ပဲ ပြောင်းတာလားဆိုတာ ကျနော်တို့ စောင့် ကြည့်ရဦးမှာပေါ့။ အသွင်အပြင်ကတော့ နိုင်ငံတကာ အဆင့်အတန်းမီလေး ဖြစ်စေချင်တာပေါ့။ ဒီ့ထက် အသွင်အပြင်လေး သားသားနားနားလေး၊ ကောင်းကောင်းလေး လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”

မြန်မာနိုင်ငံမှာ  ပုဂ္ဂလိက  သတင်းစာတွေကို  ၂၀၁၃ ခုနှစ်က  စတင်ထုတ်ဝေ ခွင့် ပြုခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းစာတွေဖြစ်တဲ့ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်း သတင်းစာတွေဟာ အရင်အစိုးရသက်တမ်းကုန်အထိ အစိုးရအဖွဲ့ အာဘော်တွေကိုပဲ ဖော်ပြခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ လက်ရှိအစိုးရသစ် လက်ထက်မှာတော့ နိုင်ငံပိုင်သတင်းစာတွေရဲ့ အပြောင်းအလဲကြောင့် လူထုက ထောက်ခံလာကြပါတယ်။

သတင်း- အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013