
အနောက်ဘက်မှ လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းဖို့ ရှိနေသလို နေ့အပူချိန် မြင့်တက်မှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှုတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အလျားမိုင် ၃၆၀ ကျော်နဲ့ အနံ ၂၂၇ မိုင်ရှိ တိမ်ထုကြီးဟာ မြန်မာနိုင်ငံအတွင်း ၈၀ ရာခိုင်နှုန်းဝင်ရောက်နေပြီး ကချင်နဲ့ ချင်းပြည်နယ်မှာ မိုးအများဆုံး ရရှိကြမှာဖြစ်တယ်၊ ဒေသအနှံ့အပြားမှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်အရပ်ရပ်မှာ မိုးကြိုကာလအတွင်း နေ့အပူချိန်များမြင့်တက်ရာက မိုးတိမ်တောင်များဖြစ်ပေါ်ပြီး အဲ့ဒီ မိုးတိမ်တောင်တွေကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း များ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက သတင်းထုတ်ထားပါတယ်။
မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ပြည်သူများအနေဖြင့် မုတ်သုံရာသီ မကျရောက်မီ မိုးကြိုကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြု နေထိုင်သွားကြပါရန် သတိပေးနှိုးဆော်ထားပါတယ်။











