Home
မြန်မာသတင်း
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ကျမ်းသစ္စာဆို
နန်းမြနဒီ
·
April 1, 2016
shan parliament4
shan parliament3
shan parliament2
shan parliament1
shan parliament
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပသွားတဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့မှာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံ ရသူ အန်အယ်လ်ဒီပါတီမှ ဒေါက်တာလင်းထွဋ်နဲ့ အစိုးရအဖွဲ့ဝင် ၁၀ ဦးတို့ ဒီကနေ့  ကျမ်းသစ္စာ ဆိုခဲ့ကြပါတယ်။ ပြည်နယ်လွှတ်တော် အစည်းအဝေးကို မနက် ၁၀ နာရီမှာစတင်ပြီး ၀န်ကြီးချုပ်က ကျမ်းသစ္စာ ကျိန်ဆိုကာ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ကို ရွေးချယ်တင်မြှောက်ပြီး တိုင်းရင်းသားဝန်ကြီး ၇ ဦးပါ ကျမ်းသစ္စာဆိုခဲ့တယ်လို့ အစည်းအဝေး တက်ရောက်သူ  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းထွန်းဉာဏ်က ဒီဗွီဘီကို ပြောပါတယ်။ “၀န်ကြီးချုပ်က ကျမ်းသစ္စာဆိုတယ်။ ပြီးတော့ ဥပဒေချုပ်အဖြစ် ပြင်ပဥပဒေ ညာရှင်တဦးဖြစ်တဲ့ ဦးတင်ဦး၊  စာရင်းစစ်ချုပ်အဖြစ် အရင်က ဒုပြည်နယ်စာရင်း စစ်ချုပ်မှူးဖြစ်ခဲ့ဖူး တဲ့ ကျိုင်းတုံက ရှမ်းအမျိုးသမီး ဒေါ်နန်းဝိုဟိန်းကို အဆိုပြုပါတယ်။ နောက် နယ်လုံ ၀န်ကြီး ကတော့ ဗိုလ်မှူးစိုးမိုးအောင်ကို အဆိုပြုပြီး  ဒီနေ့မနက်ဘဲ အတည်ပြုပြီးတော့ ကျမ်းသစ္စာ ဆိုကြတယ်။ ပြီးတော့ တိုင်းရင်းသားရေးရာ ၀န်ကြီး ၇ ဦးပေါ့။” ရှမ်းပြည်နယ်အစိုးရထဲပါတဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၇ ဦးတို့မှာ  ဗမာတိုင်းရင်း သားရေးရာ ၀န်ကြီးအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ အောင်သန်းမောင်၊ ကချင်တိုင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် တသီးပုဂ္ဂလအဖြစ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဦးဇုတ်ဒေါင်၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဂူဆာ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးယောသပ်၊  အာခါတိုင်းရင်းသား ရေးရာဝန်ကြီးအဖြစ် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအာဖေလှ၊ အင်းတိုင်းရင်းသား ရေးရာဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာထွန်းလှိုင်နဲ့ ကယန်း ( ပဒေါင် )  တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ဦးခွန်းအေးမောင်တို့က ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးကို ၂ ရက်ရပ်နားပြီး ဧပြီလ ၄ ရက်မှာ ပြန်လည်စတင်မှာဖြစ်ကြောင်း၊ အဲဒီနေ့မှာ ကျန်ရှိနေသေးတဲ့ အခြား အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို  ရွေးချယ်တင်မြှောက်ဖို့ ရှိတယ်လို့ ဦးစိုင်းထွန်းဉာဏ်က ဒီဗွီဘီကို ပြောသွားပါ တယ်။ ဓာတ်ပုံ - MOI  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024