DVB Logo
Home
Lead Story
ဘယ်မှာပဲနေနေ ကိုယ်ပိုင်အထောက်အထားရှိအောင် လုပ်ထားသင့်တယ် - နိုင်းဆုရဖုန်း
DVB
·
April 2, 2016
ဘယ်မှာပဲနေနေ ကိုယ်ပိုင်အထောက်အထားရှိအောင် လုပ်ထားသင့်တယ် - နိုင်းဆုရဖုန်း
Donate to DVB

ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံမဲ့၊ မှတ်ပုံတင်အထောက်အထားမဲ့ ဖြစ်နေရသူတွေအတွက် ဂဏန်း ၁၃ လုံးပါ လက်မှတ်ထုတ်ပေးတဲ့ အထူးစီမံချက်ကို စတင်နေပြီ ဖြစ်ပါတယ်။

ဒီစီမံချက်ကို ပထမဆုံးအနေနဲ့ မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ စတင်ဆောင်ရွက်နေပြီး    မဲဆောက်မြို့နယ်က နိုင်ငံမဲ့ကလေးပေါင်း ၃၃၄ ဦးအတွက် သက်သေခံလက်မှတ်တွေကို  ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က မဲဆောက်မြို့ အမှတ် ၂ ဒေသ၊ အခြေခံပညာဦးစီးဌာန ရာ့ဆဒွန်းဝိထယားကျောင်းမှာ အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတဦးဖြစ်တဲ့ နိုင်ငံမဲ့သူများ အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ နိုင်းဆုရဖုန်း ကောင်းဂျန်ထိုက်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

တာ့ခ်ခရိုင်ထဲမှာ မှတ်ပုံတင်အထောက်အထားမဲ့သူတွေအတွက် လက်မှတ်တွေ ထုတ်ပေးနေတယ်လို့ သိရပါတယ်။ ဒီအစီအစဉ် ဆောင်ရွက်ရခြင်းအကြောင်းနဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

"ထိုင်းအစိုးရအနေနဲ့ နိုင်ငံထဲမှာ နေထိုင်နေကြတဲ့ သူတွေအားလုံးကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေအထောက်အထား ရှိစေလိုတယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာချုပ်မှာ ချုပ်ဆိုထားတဲ့အတိုင်း ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေအတိုင်း လိုက်နာဆောင်ရွက်တာလည်း ဖြစ်တယ်။   ဒုတိယအကြိမ် ဖြည့်စွက်ပြင်ဆင်တဲ့ ၂၀၀၈ နိုင်ငံသားမှတ်ပုံတင်စာရင်းဆိုင်ရာ ဥပဒေအရ ဆောင်ရွက်တာပါ။ ပြီးတော့ နိုင်ငံတွင်းနေထိုင်သူတိုင်းကို သက်သေခံ အထောက်အထား ထုတ်ပေးဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက မနှစ် (၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့) နေ့စွဲနဲ့ ညွှန်ကြားစာတစောင် ထုတ်ပါတယ်။ အဲဒီညွှန်ကြားချက်အရ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။"

ဒီအစီအစဉ်ကို ဘယ်လိုဆောင်ရွက်တာပါလဲ။

"ထိုင်းတနိုင်ငံလုံးမှာ ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အခု တာ့ခ်ခရိုင်မှာတော့ ပထမဆုံးပေါ့။ ပညာသင်နေတဲ့ အထောက်အထားမဲ့ ကလေးတွေကို အရင်ထုတ်ပေးတယ်။ လူကြီးတွေကတော့ နောက်မှလာမယ်။ မဲဆောက်မြို့နယ်မှာ ပြီးခဲ့တဲ့အပတ်က ကျနော်တို့ ဒေသထဲ ကွင်းဆင်းစစ်ဆေးတယ်။ အဲဒီမှာ စေတနာ့ဝန်ထမ်းကျောင်း ၇ ကျောင်းမှာ အထောက်အထားမဲ့ ကျောင်းသား ၃၃၄ ဦးကို တွေ့ရှိပြီး သူတို့အတွက် ဂဏန်း ၁၃ လုံးပါ ကိုယ်ပိုင်လက်မှတ်တွေကို ၂၉ ရက်နေ့က အခမ်းအနားနဲ့ အပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဆက်ပြီးတော့ တာ့ခ်ခရိုင် အမှတ် ၂ အခြေခံပညာဦးစီးဌာနရဲ့ တင်ပြချက်အရ မဲဆောက်၊ ဖုတ်ဖရ၊ အုန်းဖျံ၊ ထာ့ဆောင်ယန်း၊ မယ်လမတ် စတဲ့ မြို့နယ်က အစိုးရစာသင်ကျောင်းတွေမှာ အထောက်အထားမဲ့ကလေး စုစုပေါင်း ၈၁၅၁ ဦးရှိတာ တွေ့ရတယ်။ အဲဒီကလေးတွေအားလုံး အထောက်အထားရအောင် ဆက်လုပ်ပေးမှာဖြစ်တယ်။"

ဒီကတ်က ဘယ်လိုလူတွေအတွက် လုပ်ပေးတာပါလဲ။

"ထိုင်းနိုင်ငံမှာ နေရာအတည်တကျရှိပြီး ဘာလက်မှတ်အထောက်အထားမှ မရှိတဲ့သူတွေပေါ့။ နယ်စပ်ပေါက်ကနေ နေ့ချင်းပြန် အလုပ်လာလုပ်နေတဲ့ တဘက်နိုင်ငံက အလုပ်သမားတွေ မပါဘူး။"

အခုထုတ်ပေးတဲ့ လက်မှတ်ရဲ့ အမျိုးအစားနဲ့ ခံစားခွင့်တွေ သိပါရစေ။

"အခုထုတ်ပေးတဲ့လက်မှတ်က မှတ်ပုံတင်စာရင်း မရှိသူများလို့ အဓိပ္ပာယ်ရပါတယ်။ အရှေ့က အဖြူရောင်နဲ့ အနောက်က ပန်းရောင်ကတ်၊ ဂဏန်း ၁၃ လုံးမှာ ရှေ့ဆုံးက သုညနဲ့စတယ်၊ လောလောဆယ်တော့ မိမိ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကိုယ်ရေးရာဇ၀င် အထောက်အထား ပြသနိုင်တာကလွဲလို့ တခြား ဘာမှ၊ ဥပမာ အခမဲ့ကျန်းမာရေး ကုသခွင့်တွေ၊ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေ မရသေးပါဘူး၊ မူဝါဒထွက်လာတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် ဒီကတ်က ထိုင်းအစိုးရက တရားဝင်ထုတ်ပေးတာ ဖြစ်တဲ့အတွက် မိမိသက်သေခံအထောက်အထား ပြသဖို့ လိုအပ်လာရင် သက်ဆိုင်ရာကို ပြနိုင်တာပေါ့။"

အခု ကျောင်းသားတွေကို ထုတ်ပေးတဲ့ကတ်နဲ့ အရင်က နယ်စပ်တွေမှာ ထုတ်ပေးခဲ့တဲ့ ဆယ်နှစ်ခံ တောင်ပေါ်သားကတ်တွေနဲ့ တူတူပဲလား။

"ထိုင်းနိုင်ငံမှာ အထောက်အထားမရှိတဲ့ သူတွေအတွက် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က  ၆ ဂဏန်း၊ ၇ ဂဏန်းတွေနဲ့စတဲ့ တောင်ပေါ်သားကတ်တွေ ထုတ်ပေးခဲ့ဖူးတယ်။ အခု သူတို့တွေ အမြဲနေထိုင်ခွင့်ရပြီ။ အဲဒီကတ်တွေနဲ့ မတူဘူး။ ပြီးတော့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း အထောက်အထားမဲ့သူတွေအတွက် ထုတ်ပေးခဲ့တယ်။ ရှေ့ဆုံးကဂဏန်း သုညနဲ့စတယ်။ အဲဒီကတ်နဲ့ အမျိုးအစားတူပါတယ်။ ဒါပေမယ့် အဲဒီတုန်းက သက်ဆိုင်ရာ ခရိုင်/မြို့နယ်ကနေ ထုတ်ပေးတယ်။ အခုက ကျနော်တို့ အဖွဲ့တွေကိုယ်တိုင် ကွင်းဆင်းပြီး  ပညာပေးဟောပြောတာတွေ စိစစ်ဆောင်ရွက်ပေးတာတွေ လုပ်တယ်။"

ခရိုင်တခုကို ဘယ်လောက်ကြာကြာ လုပ်ပေးမှာလဲ။ ဘယ်လအတွင်း အပြီးလုပ်မယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ရှိပါသလား။

"မရှိပါဘူး။ လုပ်ငန်းပြီးစီးမှုပေါ် မူတည်ပါတယ်။"

အခုပြောတဲ့ နိုင်ငံမဲ့သူများအုပ်စုက ထိုင်းနိုင်ငံရဲ့ ဘယ်ဒေသမှာ အများဆုံးရှိပါသလဲ။

"တာ့ခ်ခရိုင်၊ ချင်းရိုင်းခရိုင်၊ ချင်းမိုင်ခရိုင် စတဲ့ နယ်စပ်ဒေသတွေမှာ အများဆုံးရှိပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံအတွင်းပိုင်းမှာလည်း ရှိတယ်။ ဘန်ကောက်မှာလည်းရှိတယ်။ လေလွင့်ကလေးတွေ၊ မိဘမဲ့တွေ၊ ဒုက္ခိတတွေ၊ စွန့်ပစ်ခံရတဲ့ ကလေးတွေ၊ ထိုင်းလူမျိုးတွေဖြစ်ပြီး အထောက်အထားမဲ့၊ နိုင်ငံမဲ့နေတာ။"

ဒီစီမံချက်အတိုင်း မလိုက်နာရင် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။

"အစိုးရအတွက် စစ်မှန်တဲ့ လူဦးရေစာရင်း မသိရတော့ နိုင်ငံတော်စီမံခန့်ခွဲမှုမှာ အခက်အခဲ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေးလုပ်ငန်းတွေပေါ့။ အထောက်အထား မရှိသူတွေကျတော့ ကိုယ်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မပြနိုင်တော့ အသိအမှတ်ပြု မခံရဘူးပေါ့၊ လူ့အခွင့်အရေး ဆုံးရှုံးတာပေါ့။"

နောက်ထပ် ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။

"ဘယ်မှာပဲနေနေ ကိုယ်ပိုင်အထောက်အထားရှိအောင် လုပ်ဆောင်ထားသင့်ပါတယ်။ ထိုင်းနိုင်ငံက အထောက်အထားမရှိသူ စာသင်ကျောင်းပြင်ပကလူတွေ၊ လူကြီးတွေလည်း အခုလို အထောက်အထားလုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ လုပ်ပေးမယ့်အချိန်ကို သက်ဆိုင်ရာရဲ့ ကြေညာချက်ကို သတိပြု စောင့်ဆိုင်းကြပါလို့ပဲ ပြောချင်ပါတယ်။"

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013