DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာ အလှမယ်ပြိုင်ပွဲ ချစ်ကြည်ရေးတံတားပေါ် ပထမဆုံး ကျင်းပမည်
DVB
·
April 2, 2016
ထိုင်း-မြန်မာ အလှမယ်ပြိုင်ပွဲ ချစ်ကြည်ရေးတံတားပေါ် ပထမဆုံး ကျင်းပမည်
1 / 4
Donate to DVB

လာမယ့်သင်္ကြန်ပွဲတော်မှာ ထိုင်း-မြန်မာ ချစ်ကြည်ရေး ထူးထူးခြားခြား အစီအစဉ်အဖြစ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတားအလယ်မှာ နှစ်နိုင်ငံအလှမယ်တွေ ယှဉ်ပြိုင်ပွဲ ကျင်းပဖို့ရှိပါတယ်။

မဟာသင်္ကြန်ကာလ နှစ်နိုင်ငံချစ်ကြည်ရေးပွဲတော်အဖြစ် မဲဆောက်-မြ၀တီနယ်စပ်မှာ အလှမယ်ပြိုင်ပွဲတွေနဲ့ ဈေးရောင်းပွဲတော်တွေကို ဧပြီ ၉ ရက်နေ့ကစတင်ပြီး ၉ ရက်တိတိ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီထဲက အထူးအစီစဉ်တခုအနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး အမှတ် ၁ တံတားမှာ အလှမယ်ပြိုင်ပွဲတွေလည်း ကျင်းပသွားမယ်လို့ ထိုင်နိုင်ငံ တာ့ခ်ခရိုင်မှူး နိုင်းစုံချိုင်းက မတ်လ ၂၈ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ မှာ ၉ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၉ ရက် ပျော်ပွဲတွေ ပြုလုပ်ကြမယ်။ နှစ်ဘက်စလုံးက အလှမယ်တွေပါမယ့် ယဉ်ကျေးမှု အလှမယ်ပြိုင်ပွဲတွေလည်း ကျင်းပမှာ ဖြစ်ပါတယ်။ အလှမယ်တွေ ရွေးချယ်ဖို့က ဆိုရှယ်မီဒီယာတွေကနေ အားလုံး Like လုပ်ကြပါ။ Like များများရတဲ့ သူတွေကတော့ ဆက်လက်ပြီးတော့ အရွေးခံရမှာဖြစ်တယ်။”

ဧပြီ ၁၅ ရက်နေ့မှာတော့ နှစ်နိုင်ငံချစ်ကြည်ရေးပြိုင်ပွဲဝင်မယ့် နှစ်ဘက်အလှမယ်တွေ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအလယ်မှာ လမ်းလျှောက်ပြမှာ ဖြစ်ပါတယ်။

မြန်မာဘက်က အလှမယ် ၁၂ ဦးနဲ့ ထိုင်းဘက်က အလှမယ် ၁၂ ဦး ပါဝင်ကြမှာ ဖြစ်ပါတယ်။

လာပြိုင်ကြတဲ့ အလှမယ်တွေထဲမှာ မဲဆောက်ဘက်က စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာမိန်းကလေးတွေလည်း ပါဝင်ပါတယ်။

မယ်ပြိုင်ပွဲဝင်မယ့် လရိပ်က “အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ စဉ်းစားထားပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရော၊ မြ၀တီမှာရှိတဲ့ အလုပ်သမားတွေရော ဒီပွဲကို လာကြည့်ဖို့အတွက် သမီးဖိတ်ခေါ်ပါတယ်” လို့ ပြောပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံရိုးရာ နှစ်သစ်သင်္ကြန်ပွဲတော်ကို နှစ်နိုင်ငံလက်တွဲပူးပေါင်း ပြုလုပ်လာတာဟာ နှစ်ပေါင်းများစွာ ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း ချစ်ကြည်ရေးတံတား အလယ်မှာ အလှမယ်ပြိုင်ပွဲ ကျင်းပတာဟာ ပထမဆုံးအကြိမ် ဖြစ်လာမယ်လို့ ဆိုရမှာပါ။

တံတားတလျှောက် Catwalk လမ်းလျှောက်ကြမှာဖြစ်တဲ့အတွက် ဒါဟာ အရှည်ဆုံး အလှမယ်လမ်းလျှောက်ပွဲ ဖြစ်လာမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013