DVB Logo
Home
Lead Story
ပြောင်းလဲခြင်း - ၂
DVB
·
April 1, 2016
ပြောင်းလဲခြင်း - ၂
Donate to DVB

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမှာ အတိုက်အခံအင်အားစုနှင့် အာဏာရစစ်အုပ်စု ကြား ညှိနှိုင်းဆွေးနွေးပြီး တူညီသည်များကို အကောင်အထည်ဖော်၊ မတူညီသည်များကို ဆက်လက်ဆွေးနွေးကာ အလျော့အတင်း သဘောဖြင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို လျှောက်ခြင်း မဟုတ်ပေ။ မြန်မာနိုင်ငံမှ အတိုက်အခံအင်အားစုမှာ အောက်ကြေးမှ ဖြစ်ကာ ယခင်အစိုးရ ယခုစစ်အုပ်စုအစိုးရသစ်မှာ အပေါ်ကြေးဖြင့် သူတို့ချမှတ်ထားသော မူဝါဒအတိုင်း လျှောက်လှမ်းခြင်းဖြစ်သည်။ စစ်ယူနီဖောင်းနေရာတွင် အရပ်ဝတ် ဝတ်ကာ ပြောင်းလဲ အုပ်ချုပ်ခြင်းသာဖြစ်၏။ အရပ်ဝတ်ပြောင်းလဲဖို့အတွက် ၁ဝ နှစ် ၁ဝ မိုး စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီရေးဆွဲမည်ဟု အမျိုးသားညီလာခံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိကမှ ဒီက လပ်နှင့် မြန်မာပြည်မှ ဗိုလ်သန်းရွှေတို့မှာ လုံးဝကွာခြားလှလေသည်။ ဗိုလ်သန်းရွှေနှင့်  စစ်ဗိုလ်ချုပ်တစ်စု မှာ သူတို့ အကျိုးစီးပွား ကာကွယ်ရေးကိုသာ စဉ်းစားခဲ့ကြသည်။ သူတို့၏ တသွေး၊ တသံ၊ တမိန့်မူဖြင့် ကမ္ဘာပေါ်တွင်ဆက်လက်ရပ်တည်၍ မရကြောင်း သဘောပေါက် လာသည်။ တချိန်တည်းတွင် အာဏာရှင်တို့၏ အရုပ်ဆိုး အကျည်းတန်းလှသော ဇာတ်သိမ်းများ ကို ကျောချမ်းလာပုံရ၏။ ထိုအခါ မြွေမသေ၊ တုတ်မကျိုး လမ်းစဉ်ကို စစ်ဗိုလ်ချုပ်များက အလေးအနက် တိုင်ပင်ခဲ့၏။ လူထုတောင်းဆိုသော ဒီမိုကရေစီ လည်းပါရမည်။ သူတို့လည်း အာဏာဆက်ကိုင်စွဲရ မည်ဟု သူတို့ဘာသာ ကလန်ဖန်ထိုးပြီး ညောင်၂ပင် ညီလာခံ ကျင်းပကာ လမ်းပြမြေပုံ ၇ ချက် ရေးဆွဲခြင်း၊ ၂ဝဝ၈ဖွဲ့စည်းပုံ ရေးဆွဲခြင်း၊ ကြံ့ဖွံ့အဖွဲ့ကို ပြည်ခိုင် ဖြိုးပါတီအဖြစ် ပြောင်းခြင်းတို့ကို အစီအစဉ်နှင့် လုပ်ဆောင်ကာ သူတို့ကို ကာကွယ်မည့်စစ်တပ်ကို ထိပ် တန်းတင်ကာ အပြောင်းအလဲဟု  ကမ္ဘာသိ ကြွေးကြော်ပြီး အနောက်အုပ်စု၏ ထောက်ခံမှုကို ရယူခဲ့သည်။ စင်စစ်အားဖြင့် စစ်အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲလိုက်ခြင်းမှာ “အပြောင်းအလဲ” သာဖြစ်ပြီး “ပြုပြင်ပြောင်းလဲခြင်း” မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် သူတို့သည် ပြုပြင်၍ ပြောင်းလဲခြင်းမဟုတ်ပဲ အရပ်သားဝတ်စုံသို့ ပြောင်းလဲလိုက်ခြင်းသာ ဖြစ်လေသည်။

ထိုအနေအထားကို အတိုက်အခံအင်အားစုကလည်း အင်နှင့်အားနှင့် ဘက်ပြိုင်အံတု နိုင် စွမ်းမရှိခဲ့ပေ။ တောင်အာဖရိကတွင် အသားအရောင်ခွဲခြားမှု စနစ်ကို ပြောင်းလဲစဉ်က ANC ပါတီနှင့် တောင် အာဖရိက လူမည်းတို့တွင် အားရှိသည် ခေါင်းဆောင်မှု ကောင်းကောင်းရှိသလို နောက်လိုက်ကောင်းများ များရှိကြသည်။ လူဖြူအစိုးရကို ဖြုတ်ချဖို့ အသက်ပင်ပေးရပေးရ အသားအရောင် ခွဲခြားမှုစနစ်ကို တိုက်ဖျက်လိုသော အင်အားကောင်းကောင်းရှိ၏။ မြန်မာနိုင်ငံတွင် အတိုက်အခံအင်အားဟူ၍ အန်အယ်လ်ဒီသာ ရှိသည်။ အန်အယ်လ်ဒီ တွင် လူထုထောက်ခံသော ဒီမိုကရေစီခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်သာ ရှိ၏။ အန်အယ်လ်ဒီ စဖွဲ့စည်းစဉ်က ပါဝင်သော ခေါင်းဆောင်အတော်များများမှာ ထောင်ထဲတွင် ကျဆုံးကုန်ကြသည်။ ဦးဝင်းတင် လို ပုဂ္ဂိုလ်မျိုးမှာလည်း ထောင်နှစ်ရှည်ကျခံနေရသည်။ အန်အယ်လ်ဒီ ပါတီစထောင်စဉ်က ပထမ မျိုးဆက်မှာ ပြုတ်သလောက် ဖြစ်သွား၏။ ဒုတိယ မျိုးဆက်ခေါင်းဆောင်မှုဖြင့် ထောင်မှ လွတ်လာသော သူများနှင့် စုစည်းကာ မျိုးဆက်သစ်များဖြင့် လျှောက်လှမ်းနေရသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာရဖို့ နိုင်ငံရေးလောကထဲ ဝင်လာခြင်း မဟုတ်ပဲ သူမနှင့် ကင်းကွာနေသော မြန်မာနိုင်ငံမှာ ကုန်းကောက်စရာပင် မရှိအောင် မွဲတေနေ ပြီး သူမနေခဲ့သော အနောက်နိုင်ငံများနှင့် ယှဉ်လျှင် ဒီမိုကရေစီမှာ မူးလို့ပင် ရူစရာမရှိသောကြောင့် မြန်မာ ပြည်သူများကိုစာနာစိတ်၊ တိုင်းပြည်ချစ်စိတ်၊ ပြာပုံထဲရောက်နေသော မြန်မာနိုင်ငံကို ပြန်လည်ထူထောင် လိုစိတ်များဖြင့် လင်လည်းသေ၊ သားများနှင့်လည်း အဆက်ပြတ်သွား သော်လည်း သူမဘဝကို ဒီမိုကရေစီ တိုက်ပွဲများတွင်သာ မြှုပ်နှံထားလိုက်လေသည်။ တိုက်ပွဲကို မဟာဗျူဟာနည်း မဟာဗျူဟာများဖြင့် တဆင့် ပြီးတဆင့် တိုက်ခိုက်ဖို့နည်းလမ်းလည်း မရှိခဲ့ပေ။

စစ်အာဏာရှင်တို့ကမူ စစ်တပ်က ဖွဲ့စည်းသော အဖွဲ့အစည်းပီပီ၊ စစ်စည်းကမ်း၊ စစ်မိန့်များဖြင့် ညောင်၂ပင် ညီလာခံမှ အစ လမ်းပြမြေပုံ ၇ ချက်၊ ၂ဝဝ၈ ဖွဲ့စည်း ပုံတို့ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လှမ်းတက်လာသည်။ အရပ်သားအစိုးရတွင် လာဘ်စားမှု၊ ရမ်းကားမှုနည်းသော သို့မဟုတ် မရှိသော သူများကို တာဝန်ပေးလာသည်။ နိုင်ငံတကာမှ အမြင်ကောင်းအောင် ပေါင်းသင်း ဆက်ဆံရေး ကောင်းရမည်။ ချိုသာသိမ်မွေ့ရမည်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လူကြိုက်အောင် ပြော တတ်ရမည်။ မိမိတို့အာဏာကို မထိခိုက်သရွေ့ တချို့အနှောင်အတဲများကို ဖြတ်တောက်ပစ်ရ မည်။ ဥပမာ - စာနယ်ဇင်းလွတ်လပ်ခွင့်မျိုး၊ စာပေနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ပေးလိုက်ရုံနှင့် စစ်အာဏာရှင်အဟောင်း၊ အသစ်တို့၏ အကျိုးစီးပွားကို ထိပါးသွားမည်မဟုတ်။ သူတို့ရမ်းကား နှိပ်စက်ခဲ့သည်များကို ရေးသားကြရုံသာရှိသည်။ အရေးယူခွင့်ရှိသည်မဟုတ်။ စစ်တပ်က သူတို့လက်ထဲ၊ ရဲကသူတို့လက်ထဲ၊ တရားရုံးက သူတို့ လက်ထဲတွင်ရှိသည်မဟုတ်ပါလော။

တရားဥပဒေမှာ လွတ်လပ်ပြီး အမှီအခိုကင်းသည့် တရားရေးဌာန အောက်တွင် မရှိသေးပေ။ မကြာခင်က ကန့်ဘလူရှိလယ်သမားများကို တရားရုံးက ထောင်ဒဏ် ၁နှစ်၊ ၆လ စသဖြင့် ထောင်ချလိုက်ရာ တရားသူကြီးကိုယ်တိုင်က စစ်တပ်က ချခိုင်း၍ချရပါသည်ဟု ပြောကြားခဲ့သည်။ တရားဥပဒေအထက် မည်သူမှ မရှိဟု နားထောင်ကောင်းအောင် ပြောနေကြသော်လည်း တရားဥပဒေအထက် မည်သူတွေ ရှိနေသလဲ ဆိုသည်ကိုသိနိုင်ပါသည်။ စာနယ်ဇင်းသမားများကို ထောင်ဒဏ် ၁ဝနှစ် ချမှတ်သည်အထိ နှိပ်ကွပ်လာသည်။ ၁ဝနှစ်ထောင်ဒဏ်ချစရာအကြောင်းမရှိ။ သတင်းယူရုံ၊ သတင်းရေးရုံ ဖြင့် ထိုသို့ ထောင်ဒဏ်ချမှတ်သည်မှာ ကမ္ဘာ့စာနယ်ဇင်း လောကတွင် တစ်ခါမှ မရှိဖူးပေ။ တရားဥပဒေ အထက် မည်သူမျှ မရှိဟု သစ္စာရေသောက်ပြီး ပြောလျှင်လည်း ယုံနိုင်စရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်တိုင် အထူးတရားရုံးတွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရစဉ်က တရားသူကြီးကိုယ်တိုင်က “ကျနော်က ထောင်ဘယ်လောက်ချ၊ ဘယ်လို လွတ်ခွင့်ပေး ဆိုတာတွေ မဆုံးဖြတ်နိုင်ပါဘူးဗျာ၊ ထောက်လှမ်းရေးက ထောင်ဘယ်နှနှစ်ချ ဆိုရင် ချရပါတယ်။ ဒီမှာကြည့်ပါဗျာ” ဟုဆိုကာ စာရွက်တိုလေးကို ပြသည်။ ထိုစာရွက်တွင် ထောင်ဒဏ် ၅ နှစ်ချပါဟု ရေးထားပြီး အောက်တွင် လက်မှတ်တခုရေးထိုး ထားကြောင့် ကျနော့် ယောက္ခမက ပြောပြပါသည်။ ထိုသို့ အဖြစ်များမှာ အဆန်းမဟုတ်တော့ပေ။

ထိုအခြေအနေများမှာ စစ်အစိုးရခေတ်ကနှင့် ယခုပြောင်းအလဲမရှိသေး။ မြေယာများ အဓမ္မသိမ်းထားမှုကို ဆန္ဒပြနေသော လယ်သမားများကို ထောင်ချနေသည်ကိုပင်ကြည့်။ စာနယ်ဇင်းသမားများကို ဖမ်းဆီးထောင်ချခြင်း ခေါ်ယူမေးမြန်းခြင်းများကိုပင်ကြည့်။ ယခင် စစ်အစိုးရနှင့် ဘာများကွာခြားပါသလဲ။ စစ်အစိုးရကာလနှင့် ယခုကွာခြားသည်မှာ ယခင်လို လက်ရဲဇက်ရဲနှင့် ထင်တိုင်းကြဲခြင်းမျိုး မရှိတော့ခြင်းပင်။ ယခင်လို ထင်တိုင်းကြဲပြီး မည်းမည်းမြင်ရာ ပစ်တာမျိုး မလုပ်တော့ပဲ သူတို့အကျိုးမထိခိုက်သည် ကိုပစ်ထားပြီးသူတို့ အကျိုးထိခိုက်လာပါက မညှာမတာ လက်ရဲဇက်ရဲ လုပ်ခြင်းမှာ လက်ပံတောင်းတောင် ဆန္ဒပြမှုကို နပန်းဗုံးသုံးကာ ဖြိုခွဲလိုက်ခြင်းက သာဓက ဖြစ်ပါသည်။

သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်သည်ပင်လျှင် ပထမ စစ်အစိုးရခေတ် မဆလ အာဏာရစဉ်က ဥပဒေများအတိုင်း နိုင်ငံရေးအကျဉ်းသားဆိုသည်ကို လက်မခံ။ နိုင်ငံရေးအကျဉ်းသားဆိုသော အသုံးအနှုန်းကိုပင် လက်မခံခဲ့ပေ။ နိုင်ငံရေးပြစ်မှုဖြင့် ထောင်ကျ သူရှိသည်ကို လက်မခံ။ တည်ဆဲဥပဒေကို ချိုးဖောက်သူ၊ အစိုးရဆန့်ကျင်သူများမှာ ဥပဒေကို ချိုးဖောက်ခြင်း၊ တည်ဆဲဥပဒေကို မလိုက်နာခြင်း၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်ခြင်း များကြောင့် ပြစ်မှုကျူးလွန်သူ များအဖြစ်ခိုးမှု၊ ဓားပြမှု၊ လူသတ်မှု၊ မုဒိန်းကျင့်မှု၊ ခါးပိုက်နှိုက်မှုစသော ဒုစရိုက်မှု ကျူးလွန်သူများနှင့် တတန်းတည်းဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် အစိုးရသစ် စတက်လာစဉ်က သမ္မတမိန့်ခွန်း ပြောရာ၌ နိုင်ငံရေးအကျဉ်းသားမရှိဟု ပြောင်ပြောင်တင်းတင်းပင် ပြောဆိုခဲ့လေ သည်။ ယခင်နှင့် ထူးခြားသည်ဟု ပြောရမည်မှာ ဗိုလ်သန်းရွှေအုပ်ချုပ်ခဲ့သော ၂၂နှစ်တာကာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမရှိရာမှ ယခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ထားရှိလာခြင်း၊ စစ်ကောင်စီတွင် ဗိုလ်ချုပ်မှူးကြီးမှာ စစ်ကောင်စီဥက္ကဋ္ဌအဖြစ်ပါရှိခဲ့ရာမှ ယခု ထိုဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ကာ အရပ်ဝတ်လဲဝတ်လိုက်ခြင်းသာ အပြောင်းအလဲဟု ပြောနိုင်ပါ တော့သည်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013