
၂၀၁၆ ခုနှစ် ဧပြီ၊ မေနဲ့ ဇွန်လတို့မှာ အယ်လ်နီညိုကြောင့် မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသများ မှာ အခြားဒေသများထက် ပူပြင်းခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း တို့ကို ပိုမိုကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးလိုက်ပါတယ်။
၂၀၁၆ ခုနှစ်၊ အယ်နီညိုအခြေအနေနဲ့ ၂၀၁၆ ခုနှစ်၊ဧပြီ၊-မေနဲ့ ဇွန်လတို့မှာ မြန်မာနိုင်ငံ ကြုံတွေ့လာနိုင်တဲ့ ရာသီဥတုအခြေအနေသတင်းထုတ်ပြန်ရာမှာ မိုးလေ၀သဌာနက အခုလို သတိပေးဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီသတင်းထဲမှာ ၂၀၁၅-၂၀၁၆ ခုနှစ်ရဲ့ အယ်နီညို ဖြစ်စဉ်ဟာ အားကောင်းတဲ့ အခြေအနေမှ ၂၀၁၆ ခုနှစ်၊ မတ်လဆန်းပိုင်းမှစလို့ တဖြည်းဖြည်း အားလျော့ခဲ့ပြီးနောက် မတ်လကုန်ပိုင်းတွင် ဆက်လက်အားလျော့နေတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်၊ ဇွန်လ ကုန်ခန့်မှ စပြီး အယ်နီညိုအခြေအနေဟာ ပုံမှန်(ကြားနေ) အခြေအနေသို့ ပြောင်းလဲ သွားနိုင်တယ်။ ဒါပေမယ့် ကမ္ဘာ့ရာသီဥတုအပေါ် အယ်နီညိုရဲ့ အကျိုးသက်ရောက်မှု ဆက်လက်ရှိနေနိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။
အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် အစားအစာဖူလုံရေး၊ စိုက်ပျိုးရေ ရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေဖူလုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်း သွားလာရေး၊ ခရီးသွားလုပ်ငန်းစတဲ့ ကဏ္ဍများမှာ သက်ရောက်မှုများ ရှိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြပါလို့ မိုးဇလက အကြံပြုတိုက်တွန်းထားပါတယ်။











