
ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရဖွဲ့စည်းခွင့်ပေးဖို့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ လူပေါင်း ၇၀၀ လောက်က ဒီနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရ ဦးဆောင်ခွင့်ပေးဖို့နဲ့ ပြည်နယ်တွေမှာ တိုင်ရင်းသားပါတီတွေကို ဦးစားပေးအလေးထား စဉ်းစားသင့်တယ်လို့ ဆန္ဒပြဦးဆောင်သူ ဦးသန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ဆန္ဒထုတ်ဖော်ရခြင်းအကြောင်းအရင်းကတော့ ပြည်နယ်အစိုးရကို ရခိုင်အမျိုး သားပါတီမှ ဦးဆောင်ခွင့်ပေးဖို့ရယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်ထဲ မဲအများဆုံးနဲ့ မြန်မာ ပြည်တပြည်လုံး တတိယမဲအများဆုံးရရှိထားတဲ့ ပါတီဖြစ်တယ်။ ဒီလိုပါတီမျိုးကို ဦးဆောင်ခွင့်မပေးနိုင်ဘူးဆိုရင် လက်ရှိရှုပ်ထွေးနေတဲ့ ရခိုင်ပြည်ပြဿာနာကို ဘယ်လိုဦးဆောင်မလဲ၊ ပြည်နယ်ထဲမှာတိုင်းရင်းသား ပါတီကို ဦးစားပေး လုပ်ပေးသင့်တယ်ဆိုတာ သိစေချင်ပါတယ်လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်သူတဦးဖြစ်တဲ့ ဦးကျော်ဇော်ဦးကလည်း ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်း ခွင့်မပေးလိုက်ဘူးဆိုရင် နောက်ဆက်တွဲပြဿာနာတွအများကြီး ဖြစ်လာနိုင်ကြောင်း၊ ပြည်မမှာနေထိုင်တဲ့သူတွေက ရခိုင်ပြည်နယ်ထဲ နေထိုင်တဲ့လူတွေထက် အခြေအနေကို မသိရှိနိုင်ဘူးလို့ ပြောပါတယ်။
ဒီကနေ့ဆန္ဒထုတ်ဖော်ပွဲကို ပေါက်တောမြို့ ဘ၀မ်းဘုန်းတော်ကြီးကျောင်းနားကနေ နေ့လယ် ၁ အချိန်လောက် စတင် ထွက်ခွာပြီး ပေါက်တောမြို့တပတ်ပတ်ကာ မြို့မ သာသနာ့ဗိမာန်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့တွေမှာ ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ခဲ့တဲ့ ၁/ ၂၀၁၆ ထောက်ခံကြောင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့ ဦးညီပုကို ကန့်ကွက်ကြောင်း အသီးသီးဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် တောင်ကုတ်မြို့ကတော့ ၁/ ၂၀၁၆ ကို မထောက်ခံကြောင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
(သတင်း - ဇော်ခ၊ ဓာတ်ပုံ - ဇော်မင်းဦး)










