
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ အမျိုးသားတဦးကို ဖောက်ခွဲရေးပစ္စည်းတွေ၊ သေနတ်နဲ့ ကျည်ဆန်တွေအတူ ရဲတပ်ဖွဲ့က ဖမ်းဆီးမိတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
သင်္ကြန်အကြိုမှုခင်းကြိုတင်ကာကွယ်ရေးအတွက် ရဲတပ်ဖွဲ့က ကင်းလှည့်ပိတ်ဆို့ စစ်ဆေးဆောင်ရွက်စဉ် မတ်၃၀ ရက် ည ၁၁ နာရီအချိန်က မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနဲ့ ပန်လုံ (၄) လမ်း ထိပ်အမှောင်ရိပ်မှာ အမျိုးသားတဦးကို မသင်္ကာဖွယ် တွေ့ရှိ ထွက်ပြေးလို့ လိုက်လံဖမ်းဆီးရာက လက်နက်တွေ တွေ့ရှိတာပါ။
ဖမ်းဆီးမိသူဟာ မူဆယ်မြို့နေ အသက် ၄၈ နှစ်အရွယ်ရှိ ကိုသန်းအောင် ဆိုသူဖြစ်ပြီး သူနဲ့အတူ 9mm ပစ္စတို (၁)လက်၊ ကျည်(၁၅)တောင့်ပါ ကျည်အိမ်(၁)ခု၊ ယမ်းမှုန့်တွေ ထည့်ထားတဲ့ ကော်ချပ်ပြား(၂)ခု၊ ဖြူ/နီ ဝါယာကြိုးတပ်ဒီတိုနီတာ(၂)ခု ဘက်ထရီ၊ အဝေးထိန်းကိရိယာနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်တွေအရ ကိုသန်းအောင်ဟာ SSA ဝမ်ဟိုင်း အဖွဲ့ရဲ့ လူသစ်စုဆောင်းခံရကာ ဝမ်ဟိုင်းဌာနချုပ်မှာ လက်နက်ငယ်ပစ်ခတ်သင်တန်း ၂ လလောက် တက်ရောက်ခဲ့သူဖြစ်ပြီး မူဆယ်မြို့ လမ်းမကြီးပေါ်မှာ ဖောက်ခွဲဖျက်ဆီးဖို့ ခိုင်းစေခံရသူဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးထားသူကို မူဆယ်ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးနေပြီး အမှုဖွင့် အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။











