DVB Logo
Home
Lead Story
ပြောင်းလဲခြင်း - ၁
DVB
·
March 31, 2016
ပြောင်းလဲခြင်း - ၁
Donate to DVB

စနစ်တခုမှ စနစ်တခုသို့ ပြောင်းလဲဖို့ လှုပ်ရှားမှုများတွင်ဖြစ်စေ၊ စစ်ပွဲများရပ်ဆိုင်းကာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဖြစ်စေ ထိုဖြစ်စဉ်များကို လှုပ်ရှားဆောင်ရွက်ကြရာတွင် နှစ်ဘက်သော အင်အားစုများ၏ စိတ်သဘောထားမှာ အရေးကြီးလေသည်။ နိုင်ငံတကာရှိ ပြည်တွင်းငြိမ်းချမ်းရေးများကို တည်ဆောက်ရာတွင် အစိုးရနှင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုတို့ကြား တဘက်နှင့်တဘက် အလျှော့အတင်း၊ အပေးအယူလုပ်ဖို့ အရေးကြီးပါသည်။ နီပေါနိုင်ငံတွင် မော်ဝါဒီတော်လှန်ရေးသမားများဖြစ်သော နီပေါကွန်မြူနစ်ပါတီနှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးရာတွင် အဓိကဦးတည်သည့် အကြောင်းအရာမှာ နီပေါတွင် ဘုရင်စနစ်ဖယ်ရှားရေး ဖြစ်၏။ နှစ်ဘက်စလုံးက ထိုမူကို အကျေအလည် သဘောတူပြီးသည့်အခါတွင် ထိုဆွေးနွေးပွဲမှာ ဖြစ်မြောက်အောင်မြင်သွားသည်။ မော်ဝါဒီများမှာ သူတို့ဒေသတွင် လက်နက်ကိုင်ကာ သီးသန့်နေထိုင်ခြင်း မရှိပေ။ သူတို့လက်နက်များကို ကုလသမဂ္ဂ၏ ထိန်းချုပ်မှုဖြင့် အစိုးရထံ လက်နက်အပ်ခဲ့လေသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲဝင်နိုင်ရေး၊ သူတို့ပါတီကို အသိအမှတ်ပြုရေးနှင့် ဘုရင်စနစ် ပယ်ဖျက်ရေးသာ ဖြစ်လေသည်။ အစိုးရမှာလည်း လူကြီးလူကောင်း ပီသဖို့၊ ကတိတည်ဖို့ အရေးကြီးလေသည်။ လက်တင်အမေရိကနိုင်ငံများတွင်လည်း ဘုံသဘောတူညီချက် ချပြီးသည့်နောက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ကြလေသည်။ ဆိုလိုသည်မှာ ဆန့်ကျင်ဘက် အဖွဲ့အစည်း ၂ ခုကြား တဘက်နှင့်တဘက် အလျှော့အတင်း လုံးဝမရှိဘဲ သူတို့မူကိုသာ စွဲကိုင်ထားမည်။ သူတို့သာ အာဏာရရမည်ဟု အာဏာကို လုံးဝ လက်မလွှတ်ဘဲ တဘက်ကိုလည်း အလျှော့မပေးဘဲ သူတို့မူကို လက်ခံမှသာ ငြိမ်းချမ်းရေး ပြုလုပ်မည်ဟု ပါးစပ်ကသာ ပြောနေလျှင် ထိုတွေ့ဆုံမှုမှာ လုံးဝအောင်မြင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အခြေအနေကို ဆန်းစစ်ဖို့ လိုလာပေပြီ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံ အင်အားစုနှင့် ယခင်စစ်အစိုးရ၊ ယခု သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်တို့ကြား မြန်မာနိုင်ငံ အပြောင်းအလဲကို ဖော်ဆောင်ဖို့အတွက် ခိုင်မာတိကျသော တွေ့ဆုံပွဲ မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာကာစက ဦးသိန်းစိန်နှင့် ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။ သို့သော် ဘာတွေပြောကြ၊ ဘာတွေဆွေးနွေးကြသလဲ မသိရ။ ထူးခြားသည်မှာ ဦးသိန်းစိန်၏ ဧည့်ခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ပုံများ ချိတ်ဆွဲထားသည်သာ ထူးခြားချက်ရှိသည်ဟု ပြောရပေမည်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသည့်နောက် အင်အားအကောင်းဆုံး တပါတီတည်းဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် ကြိုတင်မဲ အများအပြားနှင့် အာဏာဆိုသော ပန်းကို ဝင်သွားလေသည်။ ယခင်စစ်ဗိုလ်ချုပ်ကြီးများ ခေါင်းဆောင်သော စစ်အစိုးရ၏ လျာထားချက်အတိုင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတဖြစ်လာသည်။ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းမှာလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ၏။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်အောင်မြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည်။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာသည်။ ဗိုလ်ချုပ်ဟောင်း အသီးသီးမှာ အစိုးရဝန်ကြီးများ ဖြစ်လာသလို တိုင်းဒေသကြီးများ၊ ပြည်နယ်များတွင် ဝန်ကြီးချုပ်များအဖြစ် တာဝန်ဆက်ယူကြလေသည်။ ဆိုလိုသည်မှာ ဗဟိုနှင့် ပြည်နယ်တိုင်းတို့ အာဏာမျှယူလိုက်ခြင်းသာ ဖြစ်သည်။ အရပ်ဝတ်အစိုးရ ဆိုသည်မှာလည်း ယူနီဖောင်းချွတ်၊ တောင်ရှည်ဝတ်၊ ခေါင်းပေါင်းပေါင်းကာ အစိုးရဌာနများ၊ လွှတ်တော်များတွင် နေရာယူလိုက်ခြင်းသည်သာ အပြောင်းအလဲ ဖြစ်စေသည်ဟု ကြေညာလိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ အပြောင်းအလဲတခု ဖြစ်ပေါ်စေသည်မှာ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များ၊ လက်နက်ကိုင်အင်အားစုများ အချေအတင် တွေ့ဆုံဆွေးနွေးပြီး တိုင်းပြည်ကို ၂ ဘက် သဘောတူညီချက်များဖြင့် ပြောင်းလဲလိုက်ခြင်း မဟုတ်ပေ။ အစိုးရက မိမိအစီအစဉ်နှင့် မိမိ ပြောင်းလဲလိုက်ခြင်းသာ ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်မှနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲလိုက်ခြင်း မဟုတ်ပေ။ ထိုအပြောင်းအလဲသည် စစ်အာဏာရှင်ဟောင်းများနှင့် စစ်အာဏာရှင်သစ်များအတွက် အုပ်ချုပ်ရေး၊ စီးပွားရေး အကျိုးအမြတ်များကို ဆက်လက် အကာအကွယ်ပေးသော အပြောင်းအလဲ ဖြစ်လေသည်။

ထိုအခါ စစ်အစိုးရက ပြောင်းလဲပေးလိုက်သည့် အပြောင်းအလဲပေါ်တွင် မူတည်ကာ ကျန်အင်အားစုများကလည်း ထိုမူအတိုင်း ကျင့်သုံးလာခြင်း ဖြစ်ပါသည်။ ကမ္ဘာတွင် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြောင်းလဲသွားသော နိုင်ငံများရှိသည်။ အထူးသဖြင့် စစ်အာဏာရှင်များ၊ လူဖြူလူမည်း ခွဲခြားသော လူဖြူအစိုးရ အုပ်ချုပ်သော နိုင်ငံများတွင် ပြည်သူများကို ဖက်ဆစ်ဆန်ဆန် ပြုမူခဲ့ကြသည်။ ဒီမိုကရေစီရအောင် ပြည်သူလူထုကလည်း ကျားကုတ်ကျားခဲ တိုက်ပွဲဝင်ခဲ့ကြပါသည်။ ဥပမာ တောင်အာဖရိကနိုင်ငံဆိုပါစို့၊ တောင်အာဖရိကတွင် လက်တဆုပ်စာ လူဖြူများက စစ်တပ်၊ ရဲနှင့် လက်နက်ကိုင်အင်အားများ တည်ဆောက်ပြီးနောက် သန်းပေါင်းများစွာရှိသော လူမည်းများကို အုပ်ချုပ်ထားလေသည်။ လူမည်းများကို တိရစ္ဆာန်သဖွယ် ခွဲခြားဆက်ဆံထားလေသည်။ လူမည်းများက သပိတ်မှောက်လာ၊ ဆန္ဒပြလာ၊ ဆန့်ကျင်လာလျှင် အစုအပြုံလိုက် သေနတ်ဖြင့် ပစ်သတ်လေသည်။ ထိုင်ခုံတခုံတွင် လူဖြူနှင့် အတူမထိုင်ရ။ ဘတ်စ်ကားတွင် လူဖြူနှင့် အတူမစီးရ။ စားသောက်ဆိုင်များတွင်လည်း လူဖြူနှင့် အတူမစားရ။ စစ်တပ်တွင်လည်း ဗိုလ်ချုပ်များ၊ ဗိုလ်များအားလုံးမှာ လူဖြူများချည်းဖြစ်၏။ ထိုအခြေအနေကို ပြောင်းလဲဖို့ လူမည်းနိုင်ငံရေးသမားများ၊ လူမည်းပညာတတ်များက ကြိုးစားလာကြသည်။ အထူးသဖြင့် နယ်လ်ဆင်မင်ဒဲလားဖြစ်၏။ သူသည် ပညာတတ် ရှေ့နေတယောက် ဖြစ်သည်။ အာဖရိက အမျိုးသားကွန်ဂရက်ပါတီတွင် ခေါင်းဆောင်ဖြစ်လာ၏။ တောင်အာဖရိကတွင် လူဖြူများ၏ မတရားအုပ်ချုပ်မှုအောက်မှ ရုန်းထွက်ဖို့ ကြိုးစားအားထုတ်ခဲ့သော ပါတီများတွင် တခုအပါအဝင်မှာ တောင်အာဖရိက ကွန်မြူနစ်ပါတီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကတည်းက ကွန်မြူနစ်ပါတီသည် ဖက်ဆစ်တို့ကို တိုက်ပွဲဝင်ခဲ့သလို ယခု လူဖြူများ၏ ဖိနှိပ်မှုကိုလည်း အေအန်စီပါတီထဲ ဝင်ရောက်ပတ်သက်ကာ တိုက်ပွဲဝင်ခဲ့လေသည်။ မင်ဒဲလားလက်အောက်သို့ ဝင်ကာ လူမည်းများ၏ ကံကြမ္မာကို လူမည်းများသာ ဆုံးဖြတ်ခွင့်မူဖြင့် တိုက်ပွဲဝင်ခဲ့ရာ မင်ဒဲလားမှာ ဖမ်းဆီးခံရကာ ထောင်ထဲတွင် ၂၇ နှစ် နေခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားအဖြစ် ရော်ဘင်ကျွန်းသို့ ပို့ခဲ့ကြ၏။ (မြန်မာနိုင်ငံတွင် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ကိုကိုးကျွန်းပို့ကာ ဖိနှိပ်ညှဉ်းပန်းသကဲ့သို့ပင်)

မင်ဒဲလားကို ထောင်ထဲချထားသည့်တိုင် အေအန်စီပါတီဝင်များနှင့် အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လူမည်းအမျိုးသားတို့သည် လူဖြူအစိုးရကို ဘက်ပေါင်းစုံမှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ အေအန်စီသည် အကြမ်းဖက်တိုက်ခိုက်မှုများကိုပင် လုပ်သည်ဟု အနောက်နိုင်ငံများက စွပ်စွဲခဲ့ကြသည်။ ပရီတိုးရီးယား၊ ကိတ်တောင်း စသော မြို့ကြီးများတွင် ဗုံးခွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ လူအသေအပျောက်လည်း ရှိသည်။ လူဖြူအစိုးရက အေအန်စီပါတီ၏ လက်ချက်ဟု စွပ်စွဲ၏။ အမေရိကန်အစိုးရက အေအန်စီကို အကြမ်းဖက်အဖွဲ့အစည်းဟူ၍ပင် သတ်မှတ်ခဲ့သည်။ နယ်လ်ဆင်မင်ဒဲလားကိုလည်း အကြမ်းဖက်သမားဟု သတ်မှတ်ခဲ့လေသည်။  မည်သို့ပင်ဖြစ်စေ အေအန်စီနှင့် လူမည်းများသည် လူဖြူအစိုးရတပ်များကို လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြသည်။ အေအန်စီပါတီသည် မြေအောက်ပါတီအဖြစ် လူဖြူအစိုးရ အကျပ်တွေ့အောင် လှုပ်ရှားခဲ့ကြသလို ကုလသမဂ္ဂကရော အနောက်နိုင်ငံများကပါ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်လာသည်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက တောင်အာဖရိကတွင် ရင်းနှီးမြှုပ်နှံမှုများ မလုပ်ရဟု ပိတ်ဆို့ခဲ့လေသည်။ လူဖြူအစိုးရမှာ အာဏာနှင့်လက်နက် ရှိသော်လည်း ပြည်သူများ၏ ထောက်ခံမှု လုံးဝမရခဲ့ပေ။ အဖြူနှင့်အမည်း တိုက်ပွဲဖြစ်နေသည်မှာ လူမျိုးတစုနှင့်တစု တိုက်ပွဲဖြစ်နေသလိုပင် တောင်အာဖရိက လူမည်းတို့က လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်၊ ပြတ်ပြတ်သားသား ခုခံတိုက်ခိုက်ခဲ့သောကြောင့် စေ့စပ်ရေးစားပွဲဝိုင်း ရောက်ရှိလာလေသည်။ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲလည်း ပါ၏။ ပထမ ဝီဒဗလျူဘိုသာ အုပ်ချုပ်စဉ်က လူမည်းတို့နှင့် စေ့စပ်ညှိနှိုင်းဖို့ စိတ်ကူး လုံးဝမရှိခဲ့ပေ။ လူမည်း ၁ သန်း သေချင်သေပါစေ၊ လူမည်းတို့လက်ထဲ အာဏာတဖဲ့မျှ မပေးဟု ရက်စက်စွာ အုပ်ချုပ်ခဲ့သော သမ္မတဖြစ်သည်။ သို့သော် ဘိုသာနောက် တက်လာသော သမ္မတ အက်ဖ်ဒဗလျူဒီကလပ် လက်ထက်တွင် တောင်အာဖရိက၏ သမိုင်းမှာ အကွေ့အပြောင်း ဖြစ်သွားရတော့သည်။ စေ့စပ်ညှိနှိုင်းရေးသမား၊ တိုင်းပြည်၏ အနာဂတ်ကို ရေရှည်မြင်နိုင်သော နိုင်ငံရေးသမား တက်လာခြင်းနှင့် တဘက်အင်အားစု အင်အားတောင့်တင်းလာခြင်းနှင့်လည်း ဆိုင်သည်။ အေအန်စီပါတီနှင့် တောင်အာဖရိက လူမည်းပြည်သူတို့မှာ သူတို့လွတ်လပ်ရေးအတွက် တန်ဖိုးမည်မျှပေးရသည်ဖြစ်စေ ပန်းတိုင်ရောက်အောင် တိုက်ပွဲဝင်မည်ဟု ဆုံးဖြတ်ချက်ရှိသည်။ တိုက်ပွဲတိုင်းတွင် ထိုပိုင်းဖြတ်ချက်မှာ အရေးကြီးပါသည်။

တောင်အာဖရိကတွင် ရဲရင့်ပြတ်သားသော ခေါင်းဆောင်မှုနှင့် ပိုင်းဖြတ်ချက်ရှိသော ပြည်သူများကြောင့် နောက်ဆုံး ၂၇ နှစ်ကြာ အဖမ်းခံထားရသော နယ်လ်ဆင်မင်ဒဲလားကို ထောင်မှလွှတ်ပေးလိုက်ရကာ အပြောင်းအလဲတခုအတွက် စေ့စပ်ညှိနှိုင်းခဲ့ကြလေသည်။ အဓိက ရည်မှန်းချက်မှာ အသားအရောင်ခွဲခြားမှု ဖျက်သိမ်းခြင်းဖြစ်သည်။ စေ့စပ်ဆွေးနွေးပွဲတခုတွင် အရေးကြီးသော ဦးတည်ချက်ကို အဓိက ဆွေးနွေးဖို့ လိုပါသည်။ နီပေါတွင် ဘုရင်စနစ်ဖျက်သိမ်းရေးမှာ အဓိကဦးတည်ချက်ဖြစ်သလို တောင်အာဖရိကတွင်မူ အသားအရောင် ခွဲခြားမှု ဖျက်သိမ်းပေးရေး ဖြစ်ပါသည်။ ထိုရည်မှန်းချက်သည် တရားမျှတသလို ကမ္ဘာပေါ်တွင်လည်း အသားအရောင် ခွဲခြားမှုစနစ် ပပျောက်သွားသည်မှာ ကြာပြီ။ ထိုစနစ်ကို အသက်သွင်းနေသည့် တောင်အာဖရိက လူဖြူများအဖို့ ကမ္ဘာက လက်မခံတော့သော အသားအရောင်ခွဲခြားမှုကြောင့် သူတို့ အထီးကျန်ဖြစ်သထက် ဖြစ်လာသဖြင့် ပြောင်းလဲဖို့ ဖန်တီးပေးရတော့သည်။

အေအန်စီပါတီကို တောင်အာဖရိက အစိုးရက မတရားသင်းအဖြစ်မှ ရုပ်သိမ်းပေးရသည်။ အေအန်စီပါတီကလည်း လက်နက်ကိုင်တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ မပြုလုပ်ဖို့ တာဝန်ယူရသည်။ တောင်အာဖရိက နိုင်ငံသားများအဖြစ် အဆင့်အတန်းမခွဲ၊ အသားအရောင်မခွဲ၊  ကန့်သတ်မှုမရှိဘဲ အတူတကွ အုပ်ချုပ်မှု တခုတည်းအောက်တွင် နေထိုင်ဆက်ဆံရန်လည်း သဘောတူခဲ့ကြသည်။ ပါတီစုံရွေးကောက်ပွဲ ကျင်းပကာ လူဖြူပါတီ၊ လူမည်းပါတီများ ဝင်ရောက်ယှဉ်ပြိုင်ပြီး လူမည်းတမဲ၊ လူဖြူတမဲ မဲဆန္ဒအတူတကွ ရရှိဖို့လည်း သဘောတူကြ၏။ အကျေအလည် ဆွေးနွေးဖြစ်သည်မှာ နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိရေးဆိုသော လူဖြူအစိုးရ၏ ရက်စက်စွာ သတ်ဖြတ်ဖိနှိပ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရသော တောင်အာဖရိက လူမည်းများအနေဖြင့် ဥပဒေအတိုင်း ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်ရေး တောင်းဆိုသော်လည်း မင်ဒဲလားနှင့် အေအန်စီ ခေါင်းဆောင်များက သင်ပုန်းချေရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကို သဘောတူလိုက်ကြပါသည်။

တောင်အာဖရိက အခြေအနေနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အခြေအနေမျိုးမှာ မတူညီကြပေ။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013