DVB Logo
Home
မြန်မာသတင်း
သမ္မတဇနီး တာဝန်ယူထားသည့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနေရာ အစားထိုးခန့်
DVB
·
March 31, 2016
သမ္မတဇနီး တာဝန်ယူထားသည့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနေရာ အစားထိုးခန့်
Donate to DVB

ပြည်သူ့လွှတ်တော်ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌအဖြစ် သမ္မတ ဦးထင်ကျော်ရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလွင်ကို ခန့်အပ်တာဝန်ပေးထားရာကနေ သူ့ရဲ့နေရာမှာ တခြားတဦးကို အစားထိုးခန့် အပ်လိုက်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးကော်မတီမှာ ဥက္ကဋ္ဌအဖြစ် သုံးခွမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစားအဖွဲ့ဝင်ဖြစ်သူ ဝါးခယ်မမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်သိန်း ကို ဥက္ကဋ္ဌအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာလို့ ပြည်သူ့လွှတ်တော်ရုံးက မတ်လ ၃၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒေါ်စုစုလွင်ဟာ သမ္မတသစ် ဦးထင်ကျော်ရဲ့ ဇနီးဖြစ်တဲ့အတွက် သမ္မတနဲ့အတူ နိုင်ငံခြား ခရီးစဉ်တွေမှာ လိုက်ပါရတာ၊ သံတမန်တွေနဲ့ တွေ့ဆုံမှုတွေမှာ ပါဝင်ရလေ့ရှိတဲ့အတွက် လွှတ်တော်မတီဥက္ကဋ္ဌ တာဝန်ကို မယူတော့တာ ဖြစ်နိုင်တယ်လို့ သနပ္ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

“အန်ကယ်တို့ လွှတ်တော်ကိုတော့ အကျိုးအကြောင်း ရှင်းပြတာတော့မရှိဘူး။ အန်ကယ်တို့ နားလည်လိုက်တာက ဒေါ်စုစုလွင်ဟာ နိုင်ငံတော်သမ္မတကြီးရဲ့ ကတော်ဖြစ်သွားတာကိုး။ ဖြစ်သွားတဲ့အတွက် အလုပ်တွေ ဟိုမှာရှိလာမယ်ထင်တယ်။ ၀ိုင်းကူဖို့ လိုလာမလားပေါ့။ ဒါမှမဟုတ်လည်း သူ့ကို တခြားတာဝန်ခုခု ပေးမလားပေါ့။ အန်ကယ်တို့ကို သေချာမရှင်းပြတဲ့အတွက် သေချာတော့ နားမလည်ဘူး။ အစိုးရဘက်မှာတော့ သူပိုပြီးတော့ အထောက်အကူပေးဖို့ လိုမယ်လို့ ထင်တယ်။ ”

ဒါ့အပြင် လတ်တလောမှာ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဆက်ရှိနေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒေါ်စုစုလွင်ကို နိုင်ငံတကာဆက်ဆံရေးကော်မီတီ ဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်က ပြည်သူ့လွှတ်တော်က တာဝန်ပေးအပ်ခဲ့တာပါ။

အသစ်ခန့်အပ်တာဝန်ပေးလိုက်တဲ့ ၀ါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်းဟာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ၀ါရင့်နိုင်ငံရေးသမားဟောင်း သခင်သိန်းမောင်(၀ါးခယ်မ)ရဲ့ သားကြီးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ  နိုင်ငံရေးသိပ္ပံဘွဲ့ ရထားသူဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ နိုင်ငံတကာမိသားစုမှာ တတ်နိုင်သလောက် အကျိုးပြုဖို့ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး  အာဆီယံ ပါလီမန်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ကော်မတီဥက္ကဋ္ဌသစ် ဦးဇော်သိန်းက သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013