DVB Logo
Home
မြန်မာသတင်း
၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး ဦးမော့နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း
DVB
·
March 31, 2016
၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး ဦးမော့နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာ့စီးပွားရေးဟာ ပြန်လည်ဦးမော့လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းတဲ့အကြောင်း မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၁၇ မတ်လ ၃၁ ရက်မှာကုန်ဆုံးမယ့် ဒီဘဏ္ဍာနှစ်အတွင်းမှာ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ ခန့်မှန်းလိုက်တာပါ။

ပြီးခဲ့တဲ့နှစ်ကတော့ နိုင်ငံအနှံ့ ရေကြီးမြေပြိုတာတွေ ဖြစ်ခဲ့ပြီး စီးပွားရေးတိုးတက်မှုနှုန်းက ၇ ဒသမ ၂ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။

“အပြုသဘောရလဒ်တွေ ဖြစ်နေပေမယ့် အစိုးရသစ်အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ အခြေခံအဆောက်အအုံနဲ့ လုပ်သားလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့၊ ငြိမ်းချမ်းရေးနဲ့ လူမှုအသိုက်အ၀န်းတွေ အချင်းချင်း သွေးစည်းချစ်ကြည်ကြဖို့ စတဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်” လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဗင်းဖရက် ဗစ်ကလိုင်းက ပြောပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းကတော့ ဒီနှစ်မှာ မြင့်မားနေနိုင်ပြီး လာမယ့်နှစ်မှာမှ လျော့ကျသွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။

နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု အားနည်းခဲ့တာကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လိုအပ်ချက်တွေ အများကြီးရှိနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များတဲ့အတွက် ပုဂ္ဂလိကကဏ္ဍကို ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် လှုံ့ဆော်ဖို့ လိုပါတယ်” လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ မြန်မာနိုင်ငံ ဒုတိယဌာနေကိုယ်စားလှယ် ပီတာ ဘရင်းဘယ်လ်က ပြောပါတယ်။

ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ တခြားဒေသတွင်း နိုင်ငံတွေရဲ့ ပို့ဆောင်ရေးစံနှုန်းတွေကို လိုက်မီစေဖို့အတွက် ၂၀၃၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ရင်းနှီးမြှုပ်နှံဖို့ လိုတယ်လို့လည်း အာရှဖွံ့ဖြိုးရေးဘဏ်က အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013