
ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ်တယ်လို့ဆိုပြီး ဒီကနေ့ ကျောက်တော်မြို့နယ် တရားရုံးက ရခိုင်လူငယ် ၁၂ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
ဒီကနေ့ ကျောက်တော်မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်တဲ့လူငယ် ၁၂ ဦးမှ ၃ ဦးကိုတော့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပြီး၊ နောက်ထပ် ၉ ဦးကို ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်လိုက်တာပါ။
“ဟုတ်ကဲ့ပါ။ ဒီနေ့ ၁၁ နာရီလောက်မှာ အမိန့်ချလိုက်တာပါ။ ၃ ဦးကိုတော့ ထောင်ဒဏ် ၅ နှစ်ချလိုက်တယ်ပေါ့လေ။ နောက်ထပ် ၉ ဦးကိုတော့ ၃ နှစ်စီချလိုက်ပါတယ်။ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ချလိုက်တာပေါ့လေ။ ၅ နှစ်ချလိုက်တဲ့ ၃ ဦးကိုတော့ ၁၇ (၂) ပုဒ်မနဲ့ ချတာ” လို့ ဖမ်းဆီခံထားရသူတွေရဲ့အမှုကို လိုက်ပါကူညီပေးနေသူ ကိုကျော်လှမြင့်က ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ထောင်ဒဏ် ၅ နှစ်ချမှတ်ခံလိုက်ရသူ ၃ ဦးကတော့ ကိုထွန်းနိုင် တင်းမကြီးကျေးရွာ ကျောက်တော်မြို့နယ်၊ ကိုရွှေသိန်း မြောင်ချောင်းကျေးရွာ မင်းပြားမြို့နယ်၊ ကိုဇော်နိုင်ဦး လိပ်ထောင့်ရွာ ရသေ့တောင်မြို့နယ်တို့ ဖြစ်ကြပါတယ်။
ထောင်ဒဏ် ၃ နှစ် ချမှတ်ခံလိုက်ရသူ ၉ ဦးကတော့ ကိုမောင်ကြီး (သဲတက်ရွာ ပုဏ္ဏားကျွန်းမြို့နယ်)၊ ကိုမောင်ဝင်း (ဒီပါရုံရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)၊ ကိုစိုးမြင့်သန်း (ညောင်ပင်ကြီးရွာ၊ ရသေ့တောင်မြို့နယ်)၊ ကိုကိုလင်း (ပြိုင်းချောင်းရွာ၊ ကျောက်တော်မြို့နယ်)၊ ဇော်နိုင်သန်း (ဖြူချောင်းရွာ၊ ရသေ့တောင်မြို့နယ်)၊ ကိုစံရွှေမောင် (ပေါက်တောပြင်ရွာ၊ မြောက်ဦးမြို့နယ်)၊ ကိုထွန်းဝင်းလှိုင် (စွန်ရဲရွာ၊ မင်းပြားမြို့နယ်)၊ ကိုအောင်ခင်ဝင်း (ရစိုးချောင်းရွာ၊ ရသေ့တောင်မြို့နယ်)၊ မောင်ဝင်းဌေး (ကျားနက်ကန်ရွာ၊ ကျောက်တော်မြို့နယ်) တို့ ဖြစ်ကြပါတယ်။
“အယူခံဝင်ဖို့ မ၀င်ဖို့ဆိုတာကတော့ ကျနော်တို့အနေနဲ့ ဖမ်းဆီးခံထားရတဲ့ မိဘတွေနဲ့ တခြားလူမှုအဖွဲ့အစည်းတွေရယ်၊ နောက်ပြီးရှေ့နေတွေရယ် တိုင်ပင်ပြီးတော့ ညှိနှိုင်းရမှာပေါ့” လို့ ကိုလှမြင်ကျော်က ပြောပါတယ်။
အခုဖမ်းဆီးထောင်ဒဏ်ချခံရသူတွေဟာ ၂၀၁၅ ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသ စပါးဆိပ် ကျေးရွာနားမှာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးခံထားတဲ့သူတွေဖြစ်ကြပါတယ်။
သတင်း - ဇော်ခ၊ ဓာတ်ပုံ - ကျော်လှမြင့်၊











