
မခင်လေး (အရပ်ဘက်အဖွဲ့အစည်း)
“အကျင့်ပျက်ခြစားမှုတွေကို လျော့နည်းအောင် လုပ်စေချင်ပါတယ်။ သမ္မတဦးထင်ကျော်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူ့အကြောင်းကို ကောင်းကောင်းသိတယ်။ ဒီသမ္မတလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့အတူ အကျင့်ပျက်ခြစားမှုတွေကို တတ်နိုင်သမျှနည်းအောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲပေါ့။ အဲလို ပြဿ နာမျိုးလေးတွေ ဖြေရှင်းနိုင်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်ထင်တယ်။ စိတ်ဓာတ်ရေးရာ ပျက်စီးယိုယွင်းနေတာတွေကို ပြင်ဆင်ဖို့တော့ ဒီသမ္မတ ၅ နှစ် သက်တမ်းမှာလည်း မပြီးနိုင်ပါဘူး။”
ဝါရင့်စာရေးဆရာကြီး ဦးမိုးသူ
“ဒလဗန်းဆိုတဲ့ ကလောင်နာမည်နဲ့ ဆရာမင်းသုဝဏ်အကြောင်း ရေးတဲ့အခါမှာ သူက အဲဒီစာအုပ်ကိုပေးတယ်။ အဲဒီစာအုပ်ကို လက်ဆောင်ပေးဖူးပါတယ်။ သူ့လက်မှတ်နဲ့ပါပဲ။ အဲဒီတော့ ဆိုလိုတာက သူနောက်ဆုံးရေးတဲ့ ဆောင်းပါးတစောင်မှာ သူဘာရေးတုန်းဆိုတော့ သမ္မလောင်း အရည်အချင်းကို သူက စစ်ရေးအမြင်ရှိဖို့တို့၊ စီးပွားရေးအမြင်ရှိဖို့တို့ ဘာညာနဲ့ လျှောက်ပြောတာပေါ့နော်။ ဘဘယုံကြည်တာ ဘာတုန်းဆိုတော့ သမ္မတလောင်းတယောက်ရဲ့ အရည်အချင်းဟာ အရေးအကြီးဆုံးအချက် ၂ ချက် ရှိပါတယ်။ ၁ အချက်က စိတ်ဓာတ်ဖြူ ဖို့ရယ်၊ ၂ က စိတ်ဓာတ်ဖြောင့်ဖို့ရယ်၊ အဲဒီနှစ်ချက်က အရေးကြီးဆုံးလို့ ဘဘယုံကြည်တယ်။ ဒီအချိန်မှာ အဲဒီပေတံနဲ့ တိုင်းလိုက်ရင် ဦးထင်ကျော်ဟာ စိတ်ဓာတ်ဖြူ လည်းဖြူတယ်၊ ဖြောင့်လည်းဖြောင့်တယ်၊ ကိုယ့်ဆရာသားလည်း ဖြစ်တဲ့အတွက် ဘဘအနေနဲ့ အတိုင်းမသိ ၀မ်းသာပါတယ်။"
မသင်းသင်းအောင် (အရပ်ဘက်အဖွဲ့အစည်း)
"ဒီမိုကရေစီရဲ့ လမ်းကြောင်းပေါ်ကို သွားဖို့အတွက် အရပ်သားအစိုးရပေါ့နော်။ အရပ်သားစစ်စစ်တယောက်က သမ္မတဖြစ်လာတယ်။ အဲဒါက ၀မ်းသာစရာပါ။ ဒါဟာ ပထမဦးဆုံး ကနဦး အရေးကြီးတဲ့ ခြေလှမ်းတလှမ်းကို လှမ်းလိုက်တာဖြစ်တယ်။ နောက်ထပ်ခြေလှမ်းတွေ အများကြီး ဆက်ပြီးတော့ လှမ်းသွားရဦးမှာ ဖြစ်တယ်ပေါ့နော်။ တကယ်တမ်း ကျမတို့တွေအားလုံးက မြန်မာပြည်သား အားလုံးကလည်း အစိုးရတရပ်ကပဲ သူ့အလုပ်သူလုပ်၊ ကိုယ်က စောင့်ကြည့်တာမျိုး မဟုတ်ဘဲနဲ့ ပြည်သူပြည်သားအားလုံးကလည်း ဒါဟာ ကိုယ်တွေအားလုံးရဲ့ အလုပ်ဖြစ်တယ်။ အားလုံးဝိုင်းလုပ်မှသာလျှင် တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်ပြီးတော့မှ ငြိမ်းချမ်းမယ်ပေါ့နော်။ ပြောချင်တာ ကျမတို့ပြည်သူတွေအားလုံးက ၀ိုင်းပြီးတော့ ပံ့ပိုးကြပါ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြောချင်ပါတယ်။"
ဦးဝဏ္ဏ (Tomorrow) ဂျာနယ်
"ဆရာတို့ဝမ်းသာတယ်။ ဆရာတို့ Tomorrow ဂျာနယ်က တောက်လျှောက် ဟိုးအစောကြီးကတည်းက ဦးထင်ကျော်ကို သမ္မတလောင်းဖြစ်မယ်ဆိုပြီး မှန်းခဲ့တယ်။ နောက်ဆုံးမှာလည်း ဘယ်သူမှ မခန့်မှန်းသေးတဲ့အချိန်မှာ "ဦးထင်ကျော်နှင့် အဆုံးသတ်ခဲ့သည့် သမ္မတလောင်း ရှာပုံတော်ဆိုပြီး” ဆရာတို့ ကြိုတင်ခန့်မှန်းခဲ့တယ်။ ဒါတွေအကုန်လုံး မှန်တဲ့အတွက်ကြောင့် ဆရာတို့ ၀မ်းသာတာပေါ့နော်။ ကိုယ့်ရဲ့သုံးသပ်ချက်တွေ မှန်တာရော၊ လူထုကရွေးတာရော တထပ်တည်းကျလို့ ၀မ်းသာပါတယ်။ ဦးထင်ကျော်အနေနဲ့လည်း အနာဂတ် မြန်မာနိုင်ငံတော်ကို သမ္မတသက်တမ်းငါးနှစ်မှာ ဒီထက်အောင်မြင်အောင် စွမ်းဆောင်နိုင်မယ်လို့ ဆရာတို့ ယုံကြည်ပါတယ်။"










