DVB Logo
Home
Lead Story
ကြိုးပမ်းလုံးပန်းရကျိုးနပ်တယ် - သူရဦးတင်ဦး
DVB
·
March 30, 2016
ကြိုးပမ်းလုံးပန်းရကျိုးနပ်တယ် - သူရဦးတင်ဦး
Donate to DVB

နှစ်ပေါင်း ၂၇ နှစ်ကြာ အဖိနှိပ်ခံပါတီအဖြစ် ရပ်တည်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာတော့ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို တရားဝင်ဖွဲ့စည်း ကျမ်းသစ္စာကျိန်ဆိုပြီး နိုင်ငံတော်အာဏာကို ရယူနိုင်လိုက်ပါပြီ။
ခုလို ပြည်သူ့အစိုးရတရပ်တက်လာတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့တဲ့ လက်ရှိ အဖွဲ့ချုပ်ရဲ့ နာယက ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ဒီဗွီဘီကို အမှတ်တရ ပြောကြားထားပါတယ်။

စစ်အုပ်ချုပ်ရေးမှ လူထုအစိုးရသို့
“စစ်အုပ်ချုပ်ရေးကနေ ခုဒါထူးထူးခြားခြား ပြည်သူလူထုဆန္ဒနဲ့ တင်မြှောက်လာတဲ့ အစိုးရ ဖြစ်လာတာတော့ အင်မတန်မှ ၀မ်းမြောက်စရာကောင်းပါတယ်။ နှစ်ရှည်လများ စစ်အသွေးအရောင်ပါတဲ့ လွှတ်တော်ကနေပြီးတော့ ပြည်သူလူထုဆန္ဒနဲ့အညီ အသွေးရောင်ပါတဲ့ ဟာ ဖြစ်လာပြီဆိုတော့ တိုင်းရင်းသားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးကတော့ မျှော်လင့်ကြီးစွာဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်ကြရတယ်လို့ ကောင်းကောင်းသဘောပေါက်ပါ တယ်။ အဲလိုပဲဖြစ်လာနိုင်အောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တာဝန်ဆက်ယူမယ့် ပုဂ္ဂိုလ်တွေက ပြည်သူလူထုတွေ ထင်သာမြင်သာ ထင်ရှားအောင် ရက်ပေါင်း ၁၀၀ အတွင်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်အောင် လုံးပန်းနေတယ်ဆိုတာ ကျနော်သိပါတယ်။”

ရွေးကောက်ပွဲကတိအတိုင်း ပြောင်းလဲရမည်
“အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲတုန်းကတည်းက ကြေညာထားတဲ့အတိုင်း အပြောင်းအလဲတခုကိုတော့ ဖြစ်ရမှာပဲ။ ဒီအပြောင်းအလဲကို ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တာဝန်ယူဆောင်ရွက်သွားဖို့ မဲပေးဖို့ တောင်းခဲ့တော့ကာ လူထုကတော့ အောင်မြင်စွာ မဲပေးပြီးသွားပြီ၊ ဒါကို အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့အားလုံးက ပြည်သူလူထုဆန္ဒနဲ့ ညီအောင် သူတို့ရဲ့လိုအပ်ချက်တွေ မည်သည့်ကိစ္စတွေကတော့ အရေးတကြီးလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို ဦးစားပေးအဆင့်ဆင့်နဲ့ ဆောင်ရွက်သွားဖို့ စပြီးဆောင်ရွက်တော့မယ်။”

အသက်နဲ့ဘ၀တွေ ပေးဆပ်ခဲ့ကြသူများသို့ အမှတ်တရ
“‘ဒီအခြေအနေရောက်အောင် လုံးပန်းကြိုးပမ်းသွားကြတဲ့ အသက်ပေးသွားကြတာတွေ၊ ဘ၀ပျက်ကြရတာတွေ၊ အနစ်နာခံခဲ့ကြရတာတွေ ဒါတွေကို အမြဲတမ်းသတိရပြီးတော့မှ သူတို့ရဲ့ ကျေးဇူးတရား ကြီးမားတာကို အောက်မေ့ပြီးတော့ ကျန်တဲ့သူတွေအနေနဲ့ ဆက်ပြီးတော့ တာဝန်ကျေအောင် ကြိုးကြိုးစားစား လုံးလုံးပန်းပန်းနဲ့ ဇွဲနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုရအောင် လုပ်ရမယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားတာရှိပါတယ်။ အဲဒီအတိုင်းပဲ အဆင့်ဆင့်သောပုဂ္ဂိုလ်တွေဟာ လုံးပမ်းသွားရမယ်။ အလွန်ကိုကြိုးစားပြီး လုပ်ကိုင်သွားကြရမယ် ဆိုတာကတော့ သေချာပါတယ်။

ကြိုးပမ်းရကျိုးနပ်ပါတယ်
“ကျနော်ကတော့ ခုရှိနေတဲ့ အနေအထားရောက်လာတဲ့အထိ ကြိုးပန်းလုံးပန်းရကျိုးနပ်တယ်လို့ ဆိုချင်တယ်။ ဒီလိုဟာမျိုးကို မြင်ချင်လို့ လုံးပန်းတာပဲလေ၊ အခုတော့ ဒါ မြင်တွေ့နေရတဲ့ အနေအထားကတော့ အတိုင်းအတာ တခုအနေအထားနဲ့ ချောမွေ့နေသေးတယ်။ အဲဒါကို ဆက်လက်ပြီး တိုးတက်နိုင်သလောက် တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ဖို့ ကြိုးပမ်းရမှာပဲ။”

ရှေ့ဆက်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများအတွက်
“လွယ်လွယ်ကူကူတော့ မဟုတ်ဘူးနော်။ နှစ်တွေက တော်တော်ကြာကြာကြီး ခေါက်ရိုးက ကျိုးထားပြီဆိုတော့။ ဒါကို လုပ်ရမယ်ဆိုရင် စိတ်ရှည်လက်ရှည်နဲ့ လုပ်ရမယ့်ကိစ္စ၊ သဘောထားကြီးကြီးနဲ့ လုပ်ရမယ့်ကိစ္စ၊ အေးချမ်းငြိမ်းချမ်းသောနည်းနဲ့ အမြဲတမ်းအစဉ် ကိန်းအောင်းပြီးတော့ ကျင့်ကြံဖို့၊ မကျေနပ်တာလေးတခုတွေ့တာနဲ့ ဒါကို အမှားလုပ်မယ်၊ အပျက်လုပ်မယ် ဆိုတာမျိုးဆိုရင်တော့ အဖြေမရောက်ဘူးပေါ့ဗျာ။ အမှားတခုကို အမှားနောက်တခုနဲ့ အဖြေရှာလို့ကတော့ အမှား ၂ ခုပဲဖြစ်မယ်၊ အဖြေတခုတော့ရမှာ မဟုတ်ဘူး။”

အတိတ်ကပေးတဲ့သင်ခန်းစာ
“အရင်က အတွေ့အကြုံတွေရခဲ့ပြီးပြီပဲ။ အဲဒီ အတွေ့အကြုံတွေပေါ်မှာ အားလုံးသတိရ ကြပြီးတော့ နောင်လူ နောင်သားများ အားလုံးကိုလည်းပဲ တက်တက်ကြွကြွပါနိုင်အောင် ဖြစ်ခဲ့တာဟာတွေထဲက သင်ခန်းစာကောင်းတွေ ယူပြီးဆောင်ရွက်သွားဖို့ပဲ တိုက်တွန်းချင်ပါတယ်။ အကုန်လုံးဝိုင်းကြိုးပမ်းရကြရမှာပဲဗျ။ မငြိမ်းချမ်းချင်ဘူးလား။ အေးချမ်းချင်တယ်ဗျာ။ အေးချမ်းချင်ရင်တော့ အေးချမ်းချင်တဲ့ အပြော၊ အေးချမ်းချင်တဲ့ အလုပ် အေးချမ်းချင်တဲ့ဆောင်ရွက်မှု ဒါတွေလုပ်ဖို့ပဲလိုတယ်။ မပြေလည်တာတွေ ပြဿ နာတွေကတော့ ရှိမှာပေါ့ဗျာ။ အကုန်လုံးတိုက်ဆိုင်ကြသည်ဆိုတာတော့ ဘယ်ရှိမလဲ၊ မတိုက်ဆိုင်ရင်လည်း ဒါတွေနဲ့ ပတ်သက်တာတွေအားလုံးကို အနီးစပ်ဆုံး ပြည်သူ့သဘောထားရအောင် စိတ်ရှည်လက်ရှည်နဲ့ အေးချမ်းသောနည်းနဲ့ ဆွေးနွေးဖြေရှင်း အဖြေရှာသွားရမှာပဲ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013