DVB Logo
Home
မြန်မာသတင်း
သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင် ဥပဒေကို လိုက်နာရန် ထောက်ပြပြောဆို
DVB
·
March 30, 2016
သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင် ဥပဒေကို လိုက်နာရန် ထောက်ပြပြောဆို
Donate to DVB

လက်ရှိကျင့်သုံးနေတဲ့ ဥပဒေတွေထဲက တချို့ကို ပြင်ဆင်သင့်ပေမယ့် ကောင်းမွန်တဲ့ ဥပဒေတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုယ်တိုင် လိုက်နာသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ တချို့က ထောက်ပြပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေတွေမှာ အားနည်းချက်တွေ များစွာရှိနေပြီး တချို့ဥပဒေတွေဟာ ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို လက်ရှိအချိန်ထိ ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ တည်ဆဲဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်သလို ကောင်းတဲ့ဥပဒေတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုယ်တိုင် လိုက်နာကျင့်သုံးသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတချို့က ထောက်ပြ ပြောဆိုလိုက်တာပါ။

တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဦးမောင်မောင်ဝင်းက “တချို့ဥပဒေတွေ မလိုအပ်ဘဲနဲ့ ပြဋ္ဌာန်းထားတာတွေ၊ အဆိုးဆုံးကတော့ ကောင်းနေတဲ့ ဥပဒေကို ပယ်ဖျက်လိုက်တာပဲ။ အလုပ်သမားရေးရာ ဥပဒေတွေထဲမှာ အလုပ်သမားတွေအတွက် အင်မတန် အကာအကွယ်ရတဲ့ ဥပဒေတချို့ကို ပယ်ဖျက်တယ်။ နောက်ပြီးတော့ တောင်သူလယ်သမားနဲ့ ပတ်သက်ပြီးတော့ တကယ်ကောင်းနေတဲ့ ဥပဒေတွေ၊ တည်ဆဲဥပဒေတွေကို ပယ်ဖျက်ခဲ့တယ်။ အဲဒီတော့ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့၊ သုံးသပ်ဖို့ ဆိုတဲ့အခါမှာ ခေတ်အလိုက်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဖြစ်တယ်ဆိုတာကိုလည်း သုံးသပ်ဖို့လိုတယ်။ နောက်ပြီးတော့ ဒီဥပဒေရဲ့ အားနည်းချက်ကြောင့် ဖြစ်တာလား၊ ကိုင်တွယ်ကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေရဲ့ အားနည်းချက်ကြောင့် ဖြစ်တာလား ဆိုတာလည်းပဲ သုံးသပ်ဖို့တော့ လိုပါတယ်” လို့ ပြောပါတယ်။

အရင်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေထဲမှာ ကောင်းမွန်တဲ့ဥပဒေတွေ ရှိသလို ပြောင်းလဲရမယ့် ဥပဒေတွေလည်း ရှိနေပြီး တချို့ဥပဒေတွေကို သက်ဆိုင်ရာ အာဏာရှိသူတွေ ကိုယ်တိုင်က လိုသလို ဆွဲသုံးနေတာတွေလည်း ရှိနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း “အဂတိလိုက်စားပြီးတော့ ပြစ်ဒဏ်တွေ လျှော့ပေါ့ပစ်တာ၊ ပယ်ဖျက်ပစ်တာ၊ ပြောင်းလဲပစ်တာ၊ အဲ့ဒါမျိုးတွေကို ရဲတပ်ဖွဲ့က စပြီးတော့ ဥပဒေတွေကို အတိကျ မလိုက်နာဘူး။ ရဲတပ်ဖွဲ့က စပြီးတော့ အမှုတွေဖြစ်တယ်။ နောက် ဥပဒေရုံး ရောက်လာတယ်။ ဥပဒေရုံးက တလွဲ အကြံပေးတယ်။ နောက် တရားရုံး ရောက်တယ်။ တရားရုံးတွေက အဂတိလိုက်စားမှုတွေ မကင်းဘဲနဲ့ ဒါတွေကို ပြစ်ဒဏ်တွေကို ကျော်လွန်တယ်။ ဒါ့ကြောင့်မို့ ရဲတပ်ဖွဲ့၊ ဥပဒေ၊ တရားစီရင်ရေး နယ်ပယ်တွေက ဥပဒေတွေ ကျင့်သုံးတဲ့နေရာမှာ ဥပဒေအတိုင်း အများပြည်သူ အကျိုးအတွက် ဥပဒေအတိုင်း မကျင့်သုံးဘဲနဲ့၊ ဥပဒေတွေက ကောင်းနေတယ်။ မကျင့်သုံးတာတွေပေါ့။ အဲ့ဒါမျိုးတွေလည်း ရှိနေတယ်” လို့ ဝေဖန်ခဲ့တာပါ။

ကိုလိုနီခတ်က ရေးဆွဲခဲ့တဲ့ ဥပဒေတွေ၊ ဖဆပလခတ်က ရေးဆွဲခဲ့တဲ့ ဥပဒေတွေနဲ့ ၁၉၆၂ ခု တော်လှန်ရေးအစိုးရ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဥပဒေတွေအပြင် န၀တ၊ နအဖ လက်ထက်က ရေးဆွဲခဲ့တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့လိုသလို တချို့ အမှန်တကယ် ကျင့်သုံးသင့်တဲ့ ဥပဒေတွေကို တိတိကျကျ လိုက်နာကျင့်သုံးဖို့ လိုအပ်နေတယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်ပြောဆိုနေကြတာပါ။

သတင်း - ခိုင်ပန်းနု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013