DVB Logo
Home
မြန်မာသတင်း
စင်ကာပူရောက် မြန်မာကျွမ်းကျင်ပညာရှင်များ နေရပ်ပြန်ရန်ပြင်
DVB
·
March 30, 2016
စင်ကာပူရောက် မြန်မာကျွမ်းကျင်ပညာရှင်များ နေရပ်ပြန်ရန်ပြင်
Donate to DVB

မြန်မာနိုင်ငံမှာ တိုးတက်လာမယ့် စီးပွားရေးကြောင့် စင်ကာပူရောက် မြန်မာကျွမ်းကျင် ပညာရှင်တွေ နေရပ်ပြန်ဖို့ ပြင်ဆင်နေကြပါတယ်။

ကိုအောင်ကျော်ဟာ စင်ကာပူနိုင်ငံမှ ကုမ္ပဏီပေါင်းများစွာမှာ အိုင်တီပညာရှင်အဖြစ် ၇ နှစ်လောက်လုပ်ကိုင်ခဲ့ပေမယ့် သူ့ရဲ့ နိုင်ငံတွင်းအမြဲတမ်းနေထိုင်ခွင့်လျှောက်ထားမှုကို ၆ ကြိမ်တိုင်တိုင် ငြင်းပယ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ သူဟာ ၂၀၁၁ ခုနှစ်တည်းက ရန်ကုန်မှာ စတင်လုပ်ကိုင်ခဲ့တဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ကုန်သွယ်မှုလုပ်ငန်းကို ဦးစီးလုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

“မြန်မာပြည်မှာက စီးပွားရေးလုပ်ငန်းတွေဟာ တရှိန်ထိုးတိုးတက်နေတာပါ။ ကျနော်က ဒီမှာ အခုလို နှစ်စဉ်နေထိုင်ခွင့် ထပ်တိုးနေရတာထက် ကိုယ့်ကိုယ်ပိုင်ကုမ္ပဏီကိုပဲ (အောင်မြင် အောင်) ဆက်လုပ်ချင်တာပါ”လို့ အသက် ၃၂ နှစ်အရွယ်  ကိုအောင်ကျော်က ပြောပါတယ်။

မြန်မာကျွမ်းကျင်လူငယ်ပညာရှင်ပေါင်းမျာစွာဟာ ကိုယ့်နေရပ်မှာ ဖွံ့ဖြိုးလာတဲ့ စီးပွားရေး မျှော်လင့်ချက်ကြောင့် နေရပ်ပြန်ဖို့ ဆုံးဖြတ်ကြသူအများစုဖြစ်လာတယ်လို့ သည် စထရိတ်တိုင်းမ် စင်ကာပူသတင်းမှာ ဖော်ပြပါတယ်။

စင်ကာပူနိုင်ငံရဲ့ တင်းကြပ်တဲ့ အလုပ်သမားဥပဒေနဲ့ စည်းမျဉ်းတွေကြောင့်လည်း တစိတ်တပိုင်းပါဝင်နေတယ်လို့ ဆိုပါတယ်။

အသက် ၆၅ နှစ်အရွယ် ဦးဝီလျှံရွှေဟာ စင်ကာပူနိုင်ငံ၊ မြန်မာအသင်းဥက္ကဋ္ဌအဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိလုပ်ကိုင်ခဲ့ပြီး လက်ရှိ(စင်ကာပူ)နိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်နေထိုင်ကြသူ ၇၅ ယောက်မှာ ၂၅ ယောက်လောက်က ပြန်သွားကြပြီလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတော့ အသစ်ဝင်ရောက်လာသူ ၉၅ ယောက်မှာ နေရပ် ပြန်သူဦးရေအချိုးအဆဟာ ၅ ယောက်နှုန်းသာရှိခဲ့တာပါ။

အစိုးရတရားဝင်ထုတ်ပြန်ချက်တွေအရ စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသားဦးရေ ၁ သိန်းခွဲကျော်ရှိနေတာပါ။

ခုနေရပ်ပြန်ကြသူတွေဟာ စင်ကာပူနိုင်ငံမှာ အချိန်ကာကအတန်ကြာနေထိုင်ကြ ပြီးမှ မြန်မာပြည်မှာ ပြန်လည်ကြိုးစားလုပ်ကိုင်ဖို့အတွက် အလုပ်ထွက်ကြတာဖြစ်ပါ တယ်။

ပန်နီဆူလာပလာဇာမှာ စတိုးဆိုင်တဆိုင်ဖွင့်လှစ်ထားတဲ့ ကိုနောင်နောင်ဦးက သူ့ရဲ့ သူငယ်ချင်းတယောက်ဟာ စင်ကာပူနိုင်ငံသားခံယူပြီးမှ ပြီးခဲ့တဲ့တနှစ်ကတော့ ရန်ကုန်ကိုပြန်ပြီး အိမ်ခန်းအလှဆင်လုပ်ငန်းတွေလုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

မြန်မာအစားအစာဆိုင်တွေ၊ ကွမ်းယာဆိုင်တွေစသဖြင့် အများစုရှိတဲ့ ပန်နီဆူလာ ပလာဇာဟာ မြန်မာအများစုသွားရောက်လေ့ရှိတဲ့ နေရာတခုဖြစ်ပြီး ခုနောက်ပိုင်းနှစ် တွေမှာ လာရောက်သူနည်းလာခဲ့တယ်လို့ ဆိုပါတယ်။

စင်ကာပူရောက် မြန်မာကျွမ်းကျင်အလုပ်သမားတွေဟာ စင်ကာပူနိုင်ငံကို လုပ်ငန်း အတွေ့အကြုံရယူဖို့ရည်ရွယ်ချက်နဲ့ ရောက်ရှိလာကြတာအများစုဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အသက် ၃၈ နှစ်အရွယ် ရွှေ့ပြောင်းမြန်မာအလုပ်သမားအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာ သိန်းသန်းဝင်းဟာ ၆ နှစ်နီးပါးနေထိုင်ပြီးနောက်မှာတော့ ခုနှစ်အနည်းငယ်အတွင်းမှာ နေရပ်ပြန်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ကျနော် ခုထိတော့ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်ပါတယ်။ ကျနော် မြန်မာ နိုင်ငံပြင်ပမှာ အလုပ်အတွေ့အကြုံယူဖို့လိုနေပါသေးတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013