DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်းလည်ပတ်ရန် ကားငှားရမ်းခ ဈေးနှုန်းများ မြင့်တက်
DVB
·
March 29, 2016
သင်္ကြန်တွင်းလည်ပတ်ရန် ကားငှားရမ်းခ ဈေးနှုန်းများ မြင့်တက်
Donate to DVB

လာမယ့်သင်္ကြန်ကာလမှာ အယ်နီညို ရာသီဥတု ဖြစ်နေတာကြောင့် စိုးရိမ်မှုတွေရှိနေပေမယ့် ကားငှားရမ်းမှုတွေကတော့ လျော့ကျမသွားဘဲ နေ့အလိုက် ကားငှားရမ်းမှုတွေကလည်း ပြီးခဲ့တဲ့နှစ်တွေကထက် ဈေးနှုန်းမြင့်တက်နေတာပါ။

Sunrays Car Rental Service က ကိုရဲရင့်ကတော့ “ဒီနှစ်သင်္ကြန်အတွင်းမှာ အများဆုံး လူငယ်တွေ ငှားကြတာကတော့ လိုက်ထရပ်တို့၊ ဆူဇူကီးဗွိုင်းလက် အသေးလေးတွေ၊ မီဆူဘီရှီ အသေးလေးတွေ ငှားကြပါတယ်။ ကျနော်တို့က လိုက်ထရပ်အတွက်ဆိုရင်တော့ လူရောဆီရော အပြီးအစီးကို တယောက် တစ်သိန်းနှစ်သောင်းနဲ့ ငှားပေးပါတယ်။ ဟိုက်ဂျက်တို့ ဘာတို့ဆိုရင်တော့ တရက်ကို ရှစ်သောင်းကနေပြီးတော့ တသိန်းကြားပဲ ရှိမှာပါ။ ပြီးခဲ့တဲ့နှစ်ရဲ့ ဈေးနှုန်းတွေနဲ့ ယှဉ်လိုက်ရင်တော့ ဒီနှစ်က နည်းနည်းလေးတော့ တက်လာမယ် ထင်ပါတယ်။ အငှားကလည်း ပိုများလာကြတာကိုး။" လို့ ပြောပါတယ်။

ဒီနှစ် ရာသီဥတု ပူပြင်းမယ်ဆိုပေမယ့် အငှားအော်ဒါတွေကတော့ တက်နေပြီး မနှစ်ကနဲ့ယှဉ်ရင် ဈေးနှုန်း အရမ်းတော့မတက်ပါဘူးလို့လည်း သူက ဆိုပါတယ်။

ကားငှားရမ်းမှုက နေ့အလိုက်ဈေးနှုန်း မတူညီဘဲ ကားအမျိုးအစားလိုက် ကျပ်တသိန်းကနေ နှစ်သိန်းနဲ့ သုံးသိန်းဝန်းကျင်ထိ ဖြစ်နေတာပါ။

လူငယ်တွေအတွက် သင်္ကြန်ကာလမှာ ကားကို သရုပ်ပျက် အလှဆင်တာမျိုးတွေကိုတော့ သက်ဆိုင်ရာ ယာဉ်ထိန်းရဲတာဝန်ရှိသူတွေက ကန့်သတ်တားမြစ်ထားပြီး လှည့်လည်စစ်ဆေးမှုတွေ လုပ်ဖို့လည်း ရှိနေပါတယ်။

သင်္ကြန်တွင်း ကားနဲ့လည်မယ့် လူငယ်တဦးက “ကျနော်တို့ ဒီနှစ်သင်္ကြန်ကို သူငယ်ချင်းတွေနဲ့ ကားစုလည်မယ်။ ဈေးနှုန်းကတော့ ကျနော်စုံစမ်းထားတာကတော့ နှစ်သိန်းလောက်တော့ရှိတယ်၊ တရက်ကို။ အဲဒါကြောင့် သူငယ်ချင်း ဆယ်ယောက်လောက်ဆိုရင် စုပြီးလည်လို့ရှိရင်တော့ မဆိုးပါဘူး။ ရာသီဥတုက နေကတော့ တော်တော်ပြင်းတယ်ဆိုတော့ စိုးရိမ်စရာတော့ နည်းနည်းရှိတာပေါ့။ ကျနော်တို့အနေနဲ့ နေအေးမှပေါ့၊ မဏ္ဍပ်ထိုင်ဖြစ်ရင်ထိုင်ဖြစ် မထိုင်ဖြစ်ရင်တော့ ကားလည်မယ်ပေါ့။ ညနေဘက်လောက်ပေါ့ အေးအေးချမ်းချမ်းလေးပေါ့” လို့ ပြောပါတယ်။

၂၀၁၆ သင်္ကြန်အတွက် ရေကစားမဏ္ဍပ်တွေကိုတော့ မြို့နယ်စည်ပင်က မနှစ်ကထက် လျှော့ချထားပြီး ဒီနှစ်မှာတော့ မဏ္ဍပ်ကြီး ၂၃ ခု ရှိနေမှာ ဖြစ်ပါတယ်။

ဒီလို မဏ္ဍပ်အရေအတွက် လျော့ကျသွားတဲ့အပြင် ရေရှားပါးမှုနဲ့ အယ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် လာမယ့်သင်္ကြန်ကာလဟာ အရင်နှစ်တွေထက် စည်ကားမှု နည်းနိုင်တယ်လို့လည်း မဏ္ဍပ်စီစဉ်သူတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

သတင်း - အိမမမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013