DVB Logo
Home
Lead Story
ထင်သာမြင်သာ ရက် ၁၀၀ စီမံကိန်းနဲ့ ပျားရည်မြစ်တို့ စီးလာပြီ
DVB
·
March 29, 2016
ထင်သာမြင်သာ ရက် ၁၀၀ စီမံကိန်းနဲ့ ပျားရည်မြစ်တို့ စီးလာပြီ
Donate to DVB

လာမယ့် မတ်လ ၃၁ ရက်နေ့ဆိုရင်တော့ ပြည်သူအများစု လက်မခံတဲ့အပြင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ ဆန့်ကျင်သပိတ်မှောက်နေတဲ့ကြားက စစ်အာဏာရှင်တွေ စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သူ့ဖဲသူချိုးပြီး ကျင်းပခဲ့တဲ့ အငြင်းပွားစရာ ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး တိုင်းပြည်အာဏာရယူထားခဲ့တဲ့ ဦးသိန်းစိန်တို့ရဲ့ စစ်ဘောင်းဘီချွတ် အစိုးရဟာ သက်တမ်းကုန်ဆုံးလို့ နိဋ္ဌိတံပါတော့မယ်။

တချိန်တည်းမှာပဲ နှစ်ပေါင်း ၅၀ ကျော်အောင် စစ်ဖိနပ်အောက်မှာ အကြောက်တရားနဲ့ လူ့ဂုဏ်သိက္ခာတွေ ချိုးနှိမ်ခံခဲ့ရလို့ အောင့်အီးမျိုသိပ်ခဲ့ရတဲ့ ပြည်သူတွေဟာ သူတို့ရဲ့ရင်ထဲက ဆန္ဒတွေကို ထင်ထင်ရှားရှားပြသဖို့ လက်သန်းမှာ မင်အတို့ခံပြီး တညီတညာတည်း ပေးအပ်ခဲ့တဲ့ မဲပြားတွေနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ အစိုးရသစ်ဟာ နိုင်ငံတော်အာဏာကို တရားဝင်လွှဲပြောင်း ရယူတော့မယ့် မင်္ဂလာအခါသမယ လည်း ဖြစ်ပါတယ်။

မျက်မှောက်အချိန်အခါဟာ ဗမာပြည်သူပြည်သားအများစု ကာလရှည်လျားစွာ မျှော်လင့်တကြီး စောင့်စားခဲ့ရတဲ့ အချိန်ပါပဲ။ လူသန်း ၅၀ ကျော်ရဲ့ နှစ်ပေါင်း ၅၄ ကျော်ကြာအောင် မက်ခဲ့ရတဲ့ အိပ်မက်တွေ ရှင်သန်နိုးထလာချိန်လို့ ပြောရင်လည်း မမှားနိုင်ပါဘူး။

ပြည်သူလူထုရဲ့ ရွေးကောက်ခံ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အမတ် ၁၄ ဦးကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ်များအဖြစ် သက်ဆိုင်ရာ  လွှတ်တော်တွေထံ တင်သွင်းပြီး အတည်ပြုခန့်အပ်တာ လည်း ပြီးစီးသွားခဲ့ပါပြီ။ လာမယ့် မတ်လ ၃ဝ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ပြည်ထောင်စုဝန်ကြီးအသစ်တွေ အပါအ၀င် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာဆိုလို့ ဧပြီ ၁ ရက်နေ့ကစပြီး တာဝန်တွေ စတင်ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။

ခန့်အပ်ခံရတဲ့ ၀န်ကြီးချုပ်တချို့ကလည်း မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်တာကို ဖြေကြားရင်း ဦးသိန်းစိန်အစိုးရ မဖြေရှင်းခဲ့တဲ့ နိုင်ငံသူနိုင်ငံသားတွေ မချိမဆန့် ရင်ဆိုင်ခံစားနေရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်အနက်က အမြန်ဆုံးကိုင်တွယ်သင့်တဲ့ ကိစ္စတွေ၊ အချိန်တိုတွင်း ဖြေရှင်း နိုင်မယ့် အရေးကြီးဆုံး ပြဿနာတွေကို သူတို့လက်ထက်မှာ အတတ်နိုင်ဆုံး ကိုင်တွယ်ဖြေရှင်းသွား မယ့်အကြောင်း ပြောကြားသွားခဲ့ကြပါပြီ။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ၁၅ ဦးကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ရက် ၁၀၀ အတွင်း ပြီးမြောက်နိုင်တဲ့၊ အကောင်အထည်ဖော်နိုင် တဲ့ လုပ်ငန်းမျိုးတွေကို ဦးစားပေးရေးဆွဲ စီမံဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွှတ်တော်အတွင်းမှာရှိတဲ့ အိုင်-၁၂ မှာ မတ်လ ၂၅ ရက်နေ့တုန်းက တွေ့ဆုံပွဲမှာ ပြောကြားခဲ့ တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူမယ့် သူရဦးအောင်ကိုက မီဒီယာတွေကို အဲ့ဒီနေ့ကပဲ ပြောကြားထားပါတယ်။

အစိုးရသစ်နဲ့ သံဃာ့အဖွဲ့အစည်းကြားမှာ နားလည်မှုရှိအောင် ပထမဆုံး ရက် ၁၀၀ အတွင်း ဆောင်ရွက်မယ့်အကြောင်းနဲ့ တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာ၊ အဲဒီအပြင် တခြားဘာသာငယ်တွေ ရှိပါသေးတယ်။ ဒါကိုလည်း ထိတွေ့ပါမယ်။ ပြီးရင် အဓိကဘာသာကြီးလေးရပ်က စိတ်ဝမ်းမကွဲကြေး၊ သူများသွေးထိုးသွေးခွဲတိုင်းလည်း မယုံကြည်ဖို့အတွက်၊ ဥပေက္ခာပြုဖို့အတွက်၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အစီအမံရေးဆွဲဖို့အတွက်လည်း လုပ်ပါမယ်။” လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါဟာ ပြည်သူက ရွေးကောက်လို့ ထွက်ပေါ်လာတဲ့ ပြည်သူ့အစိုးရတရပ်အနေနဲ့ ပြည်သူကို မျက်နှာမူပြီး ပြည်သူတွေရဲ့ပုခုံးပေါ် တင်နေတဲ့ အောက်ပါဝန်ထုပ်ဝန်ပိုးပြဿနာတွေ၊ အန္တရာယ်ဒုက္ခတွေကို ပြည်သူနဲ့လက်တွဲပြီး အခြေခံကျကျ ဖယ်ရှားနိုင်တာဖယ်ရှား၊ လျှော့ချသင့်တာ လျှော့ချနိုင်ဖို့ ပထမဆုံးလှမ်းတဲ့ ခြေလှမ်းတရပ်ပါပဲ။

(၁) တရားဥပဒေမစိုးမိုးခြင်းပြဿနာ၊

(၂) အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုပြဿနာ၊

(၄) ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ၊

(၅) တိုင်းရင်းသားနဲ့ လူမျိုးငယ်စုပြဿနာ၊

(၆) နိုင်ငံရေးအကျဉ်းသားပြဿနာ၊

(၇) ပညာရေးနိမ့်ကျမှုနဲ့ ပညာရေးဥပဒေပြဿနာ၊

(၈) မြေယာပြဿနာ၊

(၉) အလုပ်သမား-အလုပ်ရှင် အခွင့်အရေးနဲ့ လုပ်ခပြဿနာ၊

(၁၀) အလုပ်လက်မဲ့ပြဿနာ၊

(၁၁) သယံဇာတ ပရမ်းပတာထုတ်ယူသုံးစွဲခြင်းပြဿနာ၊

(၁၂) မြစ်ဆုံစီမံကိန်းပြဿနာ၊

(၁၃) ကျန်းမာရေးစောင့်ရှောက်မှုနိမ့်ကျနေခြင်းပြဿနာ၊

(၁၄) ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာပြဿနာ၊

(၁၅) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာပြဿနာ၊

(၁၆) ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာ၊

(၁၇) မီဒီယာလွတ်လပ်ခွင့်ပြဿနာ၊

(၁၈) ဖွဲ့စည်းပုံပြင်ဆင်ရေးပြဿနာ၊

(၁၉) လျှပ်စစ်မီးမလုံလောက်မှုပြဿနာ၊

(၂၀) ယာဉ်ကြောပိတ်ဆို့မှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးပြဿနာ၊

(၂၁) ရေကြီးရေလျှံမှုပြဿနာ၊

(၂၂) အဆင့်တန်းမမီတဲ့ အမှိုက်သိမ်းစနစ်နဲ့ အမှိုက်စုပုံနေမှုပြဿနာ၊

(၂၃) သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုပြဿနာ၊

(၂၄) အခွန်ရှောင်ပြဿနာ၊

(၂၅) ရေရှားပါးမှု၊ ပြတ်လပ်မှုပြဿနာ၊

(၂၆) လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုပြဿနာ၊

(၂၇) နိုင်ငံသားစိစစ်ရေးပြဿနာ၊

(၂၈) ဘင်ဂါလီလူမျိုးပြဿနာ၊

(၂၉) မူးယစ်ဆေးဝါးပြဿနာ၊

(၃၀) မီးဘေးပြဿနာ၊

(၃၁) လုပ်ငန်းခွင်အန္တရာယ်လျှော့ချရေးပြဿနာ၊

(၃၂) ရာဇ၀တ်မှုတိုက်ဖျက်ရေးနဲ့ လျှော့ချရေး ပြဿနာ၊

(၃၃) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးဝါးနဲ့ စားသောက်ကုန်ပြဿနာ၊

အထက်ပါပြဿနာတွေထဲက တချို့ဟာ ရက်ပေါင်း ၁၀၀ အတွင်း သိသာထင်ရှားအောင် ဖယ်ရှားဖြေရှင်းလို့ ရနိုင်ပေမယ့် တချို့ပြဿနာတွေ၊ ဥပမာ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာမျိုးဟာ ရက် ၁၀၀ အတွင်း ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ပါဝင်သင့် ပါဝင်ထိုက်တဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးနဲ့ တပ်မတော်အပါအ၀င် တိုင်းရင်းသား မိဘပြည်သူတွေ ညီညီညွတ်ညွတ် လက်တွဲဖြေရှင်းမယ်ဆိုရင် မဝေးလှတဲ့  အနာဂတ်မှာ ငြိမ်းချမ်းရေးမရနိုင်စရာ အကြောင်း မရှိပါဘူး။

နောက်ထပ်ခက်ခဲတဲ့ ပြဿနာတခုက မြေယာပြဿနာပါ။ အလွန်နက်ရှိုင်းနေပါပြီ။ စစ်အစိုးရ အဆက်ဆက်မှာ မြေလွတ်မြေရိုင်း၊ သစ်တောကြိုးဝိုင်းတွေလို နိုင်ငံတော်ပိုင်မြေတွေကိုလည်း ပုဂ္ဂလိကပိုင်အဖြစ် လုပ်ပြီးတော့ ရောင်းစားခဲ့တယ်။ လယ်စိုက်နေတဲ့ မြေတွေကိုလည်း အခြား အသုံးပြုခွင့်ဆိုပြီး စီးပွားရေးလုပ်ငန်းတွေ ပရမ်းပတာ လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေလည်း အများကြီး ရှိခဲ့တယ်။ စားကျက်မြေသိမ်းမှုတွေ၊ တပ်သိမ်းမြေတွေ၊ ကျူးကျော်ကိစ္စတွေ အများကြီးရှိတယ်။ ကန်တရာ ခြံတရာစီမံကိန်း၊ စက်မှုဇုန်စီမံကိန်း စတာတွေ အကြောင်းအမျိုးမျိုးပြပြီး မတန်မရာကြေး ပေးပြီး လယ်မြေယာမြေသိမ်းမှုတွေ အများအပြား ကျူးလွန်ခဲ့ကြတယ်။ မြေယာပိုင်ဆိုင်မှုဥပဒေကို စနစ်တကျ လေ့လာသုံးသပ်ပြီး အများအကျိုးကို ရှေးရှုလို့ ပြင်ဆင်သင့်တာ ပြင်ဆင်ဆောင်ရွက်ဖို့ လိုတယ်။

ဒါပေမယ့်လည်း သေချာတာတခုကတော့ ဘယ်ကိစ္စ ပြဿနာမျိုးကိုမဆို လူအားလုံး ကျေနပ်ပျော်ရွှင်စေအောင်တော့ ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ ပြောင်းလဲမှု ဟုတ်မဟုတ်ဆိုတာကို တိုင်းပြည်အတွက် အကျိုးရှိမရှိ ဆိုတာရယ်၊ ပြည်သူအများစု လက်ခံမှုရှိမရှိ ဆိုတာနဲ့ပဲ တိုင်းတာရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကို  နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်မှာ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ပြီး မဲဆန္ဒရှင်ပြည်သူတွေ စိတ်ပျက်အောင် မလုပ်ဆောင်ကြဖို့ မှာကြားခဲ့ပါတယ်။

ပြည်သူလူထုကြီးကလည်း ပြုပြင်ပြောင်းလဲရေးတာဝန်ဟာ တက်လာမယ့် အစိုးရသစ် တာဝန်ပဲလို့ မှတ်ယူပြီး ပုံအပ်စောင့်ဆိုင်းနေလို့ မဖြစ်ပါဘူး။ ဒီအပြောင်းအလဲဟာ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက်သာမက ကိုယ့်မျိုးဆက်သစ်တွေအထိ သက်ဆိုင်နေတဲ့ အရေးကြီးကိစ္စ ဖြစ်တယ်ဆိုတာ ရင်ထဲ နှလုံးသားထဲက ယုံကြည်ဖို့ လိုသလို ခေတ်ဟောင်းက အကျင့်ဟောင်း စိတ်ဓာတ်ဟောင်းတွေ စွန့်ပစ်လို့ စိတ်သစ်လူသစ် အတွေးသစ်တွေနဲ့ လက်တွဲပူးပေါင်းကြဖို့၊ နိုင်ရာဝန်ထမ်းကြဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံသားအားလုံး လိုလားတောင်းတနေကြတဲ့ ပဉ္စမမြန်မာနိုင်ငံတော်သစ်မှာ ပျားရစ်မြစ်တွေ စီးဆင်း၊ ရွှေရောင်ငွေရောင် တ၀င်းဝင်းနဲ့ အောင်စည်သံခွင်းလို့ အောင်ပွဲခံ ကျင်းပနိုင်မှာဖြစ်ပါကြောင်း။    ။

မင်းကောင်းချစ်

မတ်လ ၂၉ ရက် ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013