အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီကနေ ဒေသတွင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်အသစ်တွေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ထူထောင်ရေးနဲ့ ပတ်သက်တဲ့ သတင်းစကားတွေ အများကြီး ရခဲ့တယ်လို့ အီရန်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာကာကာလီဘတ်ဖ်က သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။
အမေရိကန်က အစ္စရေးအတွက် ဒေသတွင်းမဟာမိတ်တွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေခဲ့တယ်လို့လည်းပြောပါတယ်။
ပြည်တွင်းဖြစ် လွတ်လပ်တဲ့ ဒေသဆိုင်ရာ အစီအစဉ်တခုက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဖော်ဆောင် ပေးလိမ့်မယ်လို့လည်း ကာလီဘတ်က ဖြည့်စွက်ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဘယ်နိုင်ငံကိုမဆို ချမှတ်ခဲ့ဖူးသမျှ အပြင်းထန်ဆုံး စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို စတင်ဖို့ သူ့ရဲ့ရည်ရွယ်ချက်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပြီး အီရန်အပေါ် အမြင့်ဆုံးဖိအားပေးတဲ့ လှုပ်ရှားမှုကို “မကြုံစဖူး ပမာဏနဲ့ စီးပွားရေးစစ်ပွဲနဲ့ အထီးကျန်မှု အဖြစ် ရည်ညွှန်း ဖော်ပြခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ဟာ ဇွန်လမှာ ပါကစ္စတန်နဲ့ ကာတာတို့ရဲ့ ကြားဝင်စေ့စပ်မှုက တဆင့် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ရန်လိုမှုတွေကို အဆုံးသတ်ရင်း နောက်ဆုံးသဘောတူညီချက်အတွက် ညှိနှိုင်းဖို့ ရက်ပေါင်း ၆၀ အချိန်ကို သတ်မှတ် တံခါး ဖွင့်ပေးခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှုအတွက် အရေးပါတဲ့ လမ်းကြောင်းတခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကတဆင့် ရေကြောင်းသွားလာရေးအတွက် သဘောတူညီချက်တွေ အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကြားမှာ ဆွေးနွေးပွဲတွေ ရပ်တန့်သွားခဲ့ပါတယ်။











