DVB Logo
Home
မြန်မာသတင်း
မိကရင်ကျေးရွာနယ်မြေတွင်း ဘိလပ်မြေစက်ရုံကို ဒေသခံများ ဆန္ဒပြ
DVB
·
March 29, 2016
မိကရင်ကျေးရွာနယ်မြေတွင်း  ဘိလပ်မြေစက်ရုံကို ဒေသခံများ ဆန္ဒပြ
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ကျေးရွာမှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ မကြာသေးခင်က အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာတဲ့အပေါ် ဒေသခံတွေက အလိုမရှိတဲ့ အကြောင်း ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ ဒီကနေ့ ဆုတောင်းပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။

ဘားအံမြို့နယ် မိကရင်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျောပြင်တောင်ကို Myanmar Jidong Cement ကုမ္ပဏီက ၁ ရက် တန် ၅ ထောင် ထုတ်လုပ်နိုင်မယ် ဘိလပ်မြေတည်ဆောက်ဖို့ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က လုပ်ဆောင်ခဲ့ပါတယ်။

ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်တန့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်က နယ်ခြားစောင့် တပ်က ဗိုလ်မှူးချစ်သူဦးဆောင်ပြီး ဒီဘိလပ်မြေစက်ရုံကို ပြန်လည်အကောင်အထည်ဖော်ဖို့ ဆွေးနွေးမှုတွေ ရှိလာတဲ့အတွက် အခုလို ဆုတောင်းပွဲလုပ်ရတာလို့ မိကရင်ကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် အရှင်ဦးဝါနိတ္တက မိန့်ပါတယ်။

“အဓိက အကြောင်းအရင်းက သဘာဝ ဘေးအန္တရာယ်ကင်းစင်ဖို့၊ ဒါယာကာတွေ သူတို့ရဲ့ဆန္ဒက သဘာဝ မပြိုပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ အန္တရာယ်ကင်း ပရိတ်ရွတ်ရခြင်းဖြစ်တယ်။ မေတ္တာပို့ ဆုတောင်းရခြင်းဖြစ်တယ်။ အခု ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့က ဦးဇင်း တယောက်အနေနဲ့ စောသေးတယ်လို့ မြင်တယ်။ နောက်ပြီးတော့ သဘာဝ သံယံဇာတ ပျက်စီးမှာကိုလည်း စိုးရိမ်တာလည်း ပါတာပေါ့။ ”

ဒီနေ့ပြုလုပ်တဲ့ ပရိတ်ရွတ်ဆုတောင်းပွဲမှာ ကျောပြင်တောင်ပတ်လည်က ကျေးရွာ ၁၀ လောက်က ကျေးရွာသူရွာသား တထောင်ခန့် ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒီကျောပြင်တောင် ဘိလပ်မြေတည်ဆောက်မယ့်အရေးနဲ့ပတ်သက်ပြီးတော့လည်း မနက်ဖြန် မိကရင်ဘုန်းကြီးကျောင်းမှာပဲ ကေအန်ယူ၊ နယ်ခြားစောင့်တပ်၊ ဒီကေဘီအေ၊ ကရင်ငြိမ်းချမ်းရေး အဖွဲ့တွေအပါဝင် ဒေသခံလူထုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့လည်း ဆရာတော် ဦးဝါနိတ္တက မိန့်ပါတယ်။

မိကရင်တောင်ရွာအနီး ဘိလပ်မြေတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခု မတ်လက မြန်မာပြည်တွင်းအခြေစိုက် Myanmar Ji Dong Cenment ကုမ္ပဏီနဲ့ ကရင်အမျိုးသားအ စည်းအရုံး (ကေအန်ယူ) သထုံခရိုင်၊ တပ်မဟာ ၁ တို့ ပဏာမ သဘောတူညီခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒေသခံတွေ လက်မခံရင် ကေအန်ယူ အနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောဆိုခဲ့ဖူးပါတယ်။

ကုမ္ပဏီဘက်ကတော့ စက်ရုံတည်ဆောက်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းအောင်နဲ့ ဒေသခံတွေနစ်နာမှုမရှိအောင် အနီးတဝိုက် ကျေးရွာတွေကို ရေ၊ မီး၊ ပညာ ရေးစတဲ့ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးသွားမှာဖြစ်သလို လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်အောင်လည်း လုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013