DVB Logo
Home
Lead Story
မူးယစ်ဆေးဝါးကို ချေမှုန်းမယ်လို့ ကချင်ဝန်ကြီးချုပ်လောင်းပြော
DVB
·
March 28, 2016
မူးယစ်ဆေးဝါးကို ချေမှုန်းမယ်လို့ ကချင်ဝန်ကြီးချုပ်လောင်းပြော
Donate to DVB

သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဦးထင်ကျော်က ကချင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြစ်ကြီးနားမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာ ခက်အောင်ကို ရွေးချယ်ထားပြီး မနက်ဖြန် ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်း မှာဖြစ်ပါတယ်။

တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ဒီကနေ့ ၀န်ကြီးချုပ်အဆိုပြုကြပေမယ့် ကချင်ပြည်နယ်လွှတ်တော်ကတော့ ဒီကနေ့မှ အဆိုပြုစာအိတ်ဖွင့်ဖောက်ခဲ့တာကြောင့် နောက်ကျရတာဖြစ်ပါတယ်။

ဒေါက်တာခက်အောင်ဟာ ၁၉၄၆ ခု မတ်လ ၁၁ ရက်နေ့ ရှမ်းပြည်နယ်မူဆယ်မြို့မှာ မွေးဖွားခဲ့ ပါတယ်။ B.D.S သွားဖက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိထားသူဖြစ်ပြီး ခံတွင်းနှင့် သွားဖက်ဆိုင်ရာ ဆရာဝန်ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ကျန်မာရေးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ခုနောက်ပိုင်းမှာ ကျန်းမာရေးဌာနကနေ နုတ်ထွက်ခဲ့ပါတယ်။

ရန်ကုန် တောင်ဥက္ကလာဒေသန္တရ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ချိန်မှာ ၁၉၈၈ အရေး အခင်းဖြစ်ပွားတဲ့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဦးဆောင် ဆန္ဒပြခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီရဲ့ မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ် ၁ မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပါတယ်။ ဦးခက်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်တဲ့အခါ ဘာကို ဦးစာပေးဆောင်ရွက်မှာလဲရှင့်။

“နံပတ် ၁ ဦးစားပေးလုပ်ဆောင်ပေးရမယ်ဆိုရင် ကချင်ပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံး၊ ပြည်နယ်သူပြည်နယ်သားများအားလုံးရဲ့ အကျိုးကို နံပတ် ၁ လုပ်ပေးရ မှာပေါ့ဗျာ။  အဲဒါကလည်း ကိုယ်က လက်တွေ့နေရာယူပြီးတော့နောက်ပိုင်းမှာ ပိုပြီးသိမှာပေါ့။ ဘယ်ဟာလိုလဲ ဘယ်ဟာမလိုဘူးဆိုတာ။ ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ဗျာ အခု သမီးတို့ သိတဲ့အတိုင်းပဲ အမျိုးမျိုး စိန်ခေါ်မှုတွေက အများကြီးပဲလေ။ စိန်ခေါ်မှုတွေက အများကြီးဆိုတော့ နံပတ် ၁ က တရားဥပဒေ စိုးမိုးရေးဆိုတဲ့ဟာကို အဓိကကြိုးစားပြီး အကုန်လုံး စိုးမိုးအောင် လုပ်ရမှာပေါ့လေ။ ဥပမာ ကချင်ပြည်နယ်မှာဆိုရင် မူးယစ်ဆေးဝါးက တအားများ နေတယ်။ အဲဒီမှာလည်း စိန်ခေါ်မှုတရပ်ပဲ။ အဲဒါကြောင့် အန်ကယ်က စိုးရိမ်တယ်။ စိုးရိမ်တယ် ဆိုတာ မူးယစ်ဆေးဝါးဆိုတာ ကမ္ဘာကလည်း ခွင့်မပြုဘူးလေ။ တကမ္ဘာလုံးရဲ့ရန်သူဆိုတော  မြန်မာနိုင်ငံကလည်းခွင့်မပြုဘူး ဒီမူးယစ်ဆေးဝါးကို။ အခု ဒီမှာဖြစ်နေတာကတော့ မိသားစုတွေ ဘိန်းရောင်းပြီးတော့ အသက်မွေးဝမ်းကြောင်းလုပ်နေတာရှိတယ်။ အဲဒီထဲမှာ အသုံပြုတဲ့လူတွေ ရှိတယ်။ ထုတ်လုပ်တဲ့သူတွေလည်းရှိတယ်။ အဲလိုဆိုတော့ ဒီဟာကြီးကို နှိပ်နှင်းပစ်မှရမယ်။ ဘာကြောင့်လဲဆိုရင် အနာဂတ်ရဲ့ လူ့အရင်းအမြစ်ဆိုတာ သိပ်အရေးကြီးတယ်လေ။ အခုက မြစ်ကြီးနား ကောလိပ်မှာပါ ကောလိပ်ကျောင်းသားတွေ၊ တက္ကသိုလ်ကျောင်းသားတွေကအစ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတော့ ကျနော်တို့ ပြည်နယ်ရဲ့ အနာဂတ်တွေမကဘူး မြန်မာနိုင်ငံရဲ့ အနာဂတ်က လူ့အရင်းအမြစ်ကို ခြိမ်းခြောက်နေတာ ဒါတခုပဲ။ ဘာကြောင့်လဲဆိုတော ဘိန်းစား ဘွဲ့ရနဲ့ နိုင်ငံကြီးကို တည်ထောင်လို့မရဘူးလေ။ ဒီဖြင့်ဟာကတော့ လမ်းပန်းဆက်သွယ်ရေး တို့၊ ပြည်သူတွေရဲ့ စားဝတ်နေရေးတို့ပေါ့။ အန်ကယ်တို့ဒီကချင်ပြည်နယ်မှာကတော့ အောက်ပြည် အောက်ရွာနဲ့စာရင် ကုန်ဈေးနှုန်းတွေက ကြီးတယ်လေ။ အသားငါးတွေလည်း ဈေးကြီးတယ်။ အကုန်လုံးပေါ့ဗျ အစစအရာရာတွေကို အန်ကယ်တို့ နေရာယူပြီးတဲ့နောက်ပိုင်းမှာ လုပ်ရမှာပေါ့။”

ကျမတို့ မြင်နေရတာက ကချင်ပြည်နယ်မှာက လက်နက်ကိုင် ပဋိပက္ခတွေလည်းရှိတယ်။ သံယံဇာတနဲ့ ပတ်သက်ပြီးတော့လည်း ပြဿ  နာတွေရှိတယ်။ နောက်တခုက အန်ကယ်အခုနက ပြောတဲ့ မူးယစ်ဆေးဝါးပြဿ  နာပေါ့နော်။ ဆိုတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အန်ကယ်ဘယ်လို တာဝန်ယူဖြေရှင်းဖို့ စဉ်းထားထားလဲ။

“သမီးပြောတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်နယ်ရဲ ငြိမ်းချမ်းရေးက ပြည်ထောင်စုရဲ့ ငြိမ်းချမ်းရေးအပေါ် မူတည်တယ်လေ။ အဲတော့ ဒီငြိမ်းချမ်းရေးကို ပြည်ထောင်စု ကနေပြီးတော့ သူတို့ လုပ်မှာပါ။ မရရအောင် လုပ်မှာပါ။ ပြည်ထေင်စုအစိုးရကနေပြီးတော့ ငြိမ်းချမ်းရေးကိုလေ။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးရသွားလို့ရှိရင် အန်ကယ်တို့ ပြည်နယ်က လည်း ငြိမ်းချမ်းရေးရသွားမယ်လေ။ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့ ကချင်ပြည်နယ် တခုထဲပဲ ကွက်ပြီးတော့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်လို့မရဘူးလေ။ ဒါကတော့ အန်ကယ့်အမြင်ပေါ့။ နောက် အခုနက ပြောတဲ့ သဘာဝ သံယံဇာတနဲ့ ပတ်သက်ပြီးတော့ အရင် အစိုးရလက်ထက် အဆက်ဆက်ပေါ့လေ အဲဒီဟာကလည်း ဥပဒေ စိုးမိုးမှုမရှိလို့ပေါ့နော်။ နောက်ဆုံးကျတော့ ငြိမ်းချမ်းရေးမရလို့ပေါ့။ ကျောက်စိမ်းထွက်တဲ့နေရာတို့၊ သစ်ခုတ်တဲ့နေရာက အစ အကုန်လုံးကို သေချာအစိုးရက မစိုးမိုးနိုင်ဘူးပေါ့ဗျာ။ မစိုးမိုးနိုင်တဲ့အတွက် ပရမ်းပတာတွေ ဖြစ်တဲ့အခါကျတော့ ဥပမာ ကျောက်စိမ်းဆိုရင် ကျနော်တို့ ကချင်ပြည်နယ်ကလည်း ကျောက်စိမ်း ဘယ်လောက်ထွက်လို့ ထွက်မှန်းလည်း မသိဘူး။ အဲဒီ ကျောက်စိမ်းကနေ ရလာတဲ့ ဘဏ္ဍာငွေ ဆိုရင်လည်း ဘာမှမရဘူး။ နိုင်ငံတော်အစိုးရဆီမှာလည်း ဘယ်လောက်ဝင်သွားတယ် ဆိုတာ လည်း မသိဘူး။ ဆိုတဲ့အခါကျတော့ ဒါတွေ ငြိမ်းချမ်းရေးရတဲ့အခါကျမှပဲ ဒါတွေကို စနစ်တကျနဲ့ ကျနော်တို့ရဲ့ တကယ့် သဘာဝ သံယံဇာတတွေဖြစ်တဲ့ ကျောက်စိမ်းတို့၊ ရွှေတို့ ဒီဖြင့်ဟာတွေ လည်း အကုန်လုံးနိုင်ငံတော်အတွက်၊ နိုင်ငံသားတွေအတွက်ရော ပြည်နယ်အတွက်ရော အကျိုးရှိမှာပေါ့။ ဒါကတော့ တရားဥပဒေစိုးမိုးရေးကို ကြိုးစားပြီးလုပ်ဆောင်ရမှာပေါ့။ ”

အခုလက်ရှိ အစိုးရဟောင်းမှာရှိနေတဲ့ ၀န်ကြီးချုပ်ထက်စာရင် အန်ကယ့်လက်ထက်မှာ ဘာတွေ သူတို့ထက် ပိုပြီး ကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ထင်လဲ။

“သူတို့ လုပ်ခဲ့တုန်းက အောင်မြင်တဲ့ဟာတွေလည်းရှိပါတယ်။ သူတို့လုပ်ခဲ့တုန်းက စေတနာ အမှားပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် မှားခဲ့တဲ့ဟာတွေကို အန်ကယ်တို့က မှန်အောင် လုပ်ရမှာပေါ့။ နောက်သူတို့လက်ထက်မှာ ကောင်းအောင်လုပ်ထားတဲ့ဟာတွေလည်း ပိုပြီး ကောင်းအောင် လုပ်ရမှာပေါ့။ ကချင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဒီလိုပဲ အန်ကယ်စဉ်းစားထားပါတယ်။ အန်ကယ်က ရုံးမထိုင်သေးဘူးလေ။ နေရာမယူသေးပြီး နေရာယူပြီးတော့မှ ဌာန အသီးသီးကို အန်ကယ်တို့က ပြန်လေ့လာမှာကို။ ပြီးခဲ့တဲ့ ၅ နှစ်တင်မကဘူး ဟိုဖက်မှာ ဘာတွေ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ဖြတ်သန်းလာတဲ့ ဖြစ်စဉ်လေးတွေကို ကောက်ကွေ့နေတဲ့ ဖြစ်စဉ်လေးတွေကို ပြန်ပြီး တည့်မတ်ပေးရမှာပေါ့။ တည့်မတ်ပြီးသားဟာကို ပိုပြီးကောင်းအောင်  ဖြောင့်ဖြူအောင် လုပ်ရမှာပေါ့။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013