DVB Logo
Home
မြန်မာသတင်း
လာမည့်သင်္ကြန်တွင် ရေပက်ချိန် ကန့်သတ်သင့်ကြောင်း ပညာရှင်များ ပြောကြား
DVB
·
March 28, 2016
လာမည့်သင်္ကြန်တွင် ရေပက်ချိန် ကန့်သတ်သင့်ကြောင်း ပညာရှင်များ ပြောကြား
Donate to DVB

အပူချိန်လွန်ကဲမှုနဲ့ ကြုံတွေ့နေရတာကြောင့် လာမယ့်သင်္ကြန်မှာ ကျန်းမာရေးပြဿ နာတွေ ရှိနိုင်ပြီး အစိုးရအနေနဲ့  ရေပက်ချိန် ကန့်သတ်ဖို့ ပညာရှင်တွေ အကြံပြုထားပါတယ်။

သင်္ကြန်ကာလမှာ ခရမ်းလွန်ရောင်ခြည် အပူချိန်မြင့်တက်မှုနဲ့ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုကာလ ကြုံတွေ့နေရတဲ့အတွက် သင်္ကြန်လည်မယ့်သူတွေအနေနဲ့ အပူချိန်လွန်ကဲမှုကို ကြုံတွေ့ရမှာပါ။

နေပူဒဏ်အပြင် ရေစိုတာကြောင့် အရေပြားပျက်စီးတာ၊ ခရမ်းလွန်ရောင်ခြည် ခန္ဓာကိုယ်ထဲ ပိုမိုဝင်ရောက်တာတွေ ဖြစ်စေနိုင်တဲ့အတွက် အစိုးရက ရေပက်ချိန် ကန့်သတ်ဖို့လိုတယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေပြားရောဂါ အထူးကုဆရာဝန် ဒေါက်တာလင်းထက်က “အာဏာပိုင်အဖွဲ့အစည်းတွေကနေပြီးတော့ စည်းကမ်းလေးတွေ ထုတ်ပြန်သင့်ပါတယ်။ ဆိုပါစို့ ရေပက်ချိန်တွေ လျှော့ပေါ့။ တကယ့် အပူပြင်းဆုံး အချိန်တွေမှာ ရေပက်ခြင်းမပြုလုပ်ဖို့ ထုတ်ပြန်သင့်တယ်။ ရာသီဥတု အရမ်းပူပြင်းနေပြီ။ တတ်နိုင်ရင် မနက်စာစော ထပက်ပေါ့။ အာဏာပိုင်တွေက မသတ်မှတ်ဘူးဆိုရင်လည်း ပြည်သူလူထုအနေနဲ့  ဘာလုပ်ရမလဲဆိုတော့ ရေပက်တဲ့ လူတွေကလည်း မနက်စောစော စပက်ပေါ့။ နေ့လယ်စောစောသိမ်းပေါ့။ ရေပက်ခံတဲ့သူကလည်း နေ့လယ်စောစောပြန်ပေါ့။ ညနေကျ နောက်ကျမှ ထွက်ပေါ့” လို့ ပြောပါတယ်။

သင်္ကြန်လည်မယ့်သူတွေအနေနဲ့ အရက်သေစာသောက်စားတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ရင်လည်း အပူဒဏ်နဲ့ ရေစိုမှုကြောင့် ကိုယ်ခံအားနည်းပြီးတော့ ရုတ်တရက် မူးမေ့လဲတာတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကတော့ “အရက်သောက်တာတို့ ပြီးတော့ ကိုယ်လက်လှုပ်ရှားမှု သွားလုပ်တာတို့ စသည်ဖြင့်ပေါ့နော်၊ အပူနဲ့ပတ်သက်ပြီးဖြစ်တဲ့ ရောဂါတွေက တော်တော်များတယ်နော်။ အဲဒါတွေကို သတိထားရမှာပေါ့။ ဒါကတော့ ဘယ်လိုခေါ်မလဲ မခံနိုင်တဲ့လူကတော့ ဒုန်းဆို ဖြစ်သွားမှာပေါ့။ ခံနိုင်တဲ့သူတော့ပဲ သူ့ဟာသူ ဘာမှမဖြစ်ဘဲလည်း ကျန်ရင်ကျန်မှာပေါ့။ သို့သော် risk ကတော့ ရှိနေတယ်ဆိုတာ သိရမယ်။ ဆော့တဲ့ လုပ်တဲ့သူတိုင်း အကုန်လုံး သေကုန်မယ်လို့ ပြောတာမဟုတ်ပါဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဟာ လာမယ့် ဇွန်လကုန်လောက်ထိ ရှိနိုင်ပြီး ပူပြင်းမှုတွေကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တချို့မှာ ရေခန်းခြောက်မှု၊ ရေရှားပါးမှုနဲ့  ကြုံတွေ့နေရပါတယ်။

အခုနှစ်သင်္ကြန်ကာလမှာ ရေကို လွန်ကဲစွာ သုံးစွဲခြင်းမပြုဖို့ ပရဟိတအဖွဲ့တွေကလည်း စတစ်ကာကမ်ပိန်း လှုပ်ရှားမှုတွေ စတင်ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013