DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်
DVB
·
March 27, 2016
မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်
Donate to DVB

လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ ဦးမင်းမင်းဦးကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အန်အယ်လ်ဒီပါတီက ရွေးချယ်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မယ့် လူပုဂ္ဂိုလ်စာရင်းကို မော်လမြိုင်မြို့က ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မတ်လ ၂၇ ရက်နေ့က ဖွင့်ဖောက်ခဲ့တာဖြစ်ပါတယ်။

“လက်ရှိ လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမင်းမင်းဦးကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အရွေးချယ်ခံထားရပါတယ်” လို့ အစည်းအဝေး အတွင်းတက်ရောက်လာတဲ့ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ  အမည်မဖော်လိုသူတဦးက ပြောပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီပါတီကနေ ရွေးချယ်ခံထားရတဲ့ အသက် ၄၆ နှစ်အရွယ် ဦးမင်းမင်းဦးဟာ ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ရွေးချယ်ခံထားရသူပါ။

သူဟာ ၈၈ အရေးခင်းကာလတွေတုန်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်သ လို၊ B.E(Electronics) နဲ့ ကျောင်းပြီးထားသူတစ်ဦးပါ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာလည်း ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသူတဦး ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာမှာဘဲ မိသားစုဝင်တွေနဲ့ နေထိုင်ပြီး ရာဘာခြံလုပ်ငန်းကို လုပ်ကိုင်လာခဲ့သူပါ။ အန်အယ်လ်ဒီပါတီရဲ့ ဘီးလင်းမြို့နယ် ဒုဥက္ကဋ္ဌ အဖြစ်လည်း လုပ်ဆောင်နေခဲ့သူပါ။

“လုပ်ဆောင်နိုင်စွမ်းရှိသူတွေနဲ့ အတူလက်တွဲပြီး လုပ်ဆောင်သွားမယ်ဆိုရင် သူ့အနေနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နေဖြင့် ဦးဆောင်သွားနိုင်မှာပါ။ နောက်ပြီး ဒေသရဲ့အခြေအနေနဲ့ လူထု ကြားထဲ ကွင်းဆင်းလေ့လာနေဖို့လိုပါတယ်” လို့ ဘီးလင်းမြို့ခံတဦးက ပြောပါတယ်။

အန်အယ်လ်ဒီပါတီက မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ထားတဲ့ ဦးမင်းမင်းဦးကို မတ်လ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက ရွေးချယ်ထားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ လွှတ်တော်အတွင်း အတည်ပြုဆုံးဖြတ်ရအုံးမှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်ရဲ့ အတည်ပြုဆုံးဖြတ်ပြီးမှသာ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရမှာဖြစ်ပြီး၊လစ်လပ်သွားတဲ့ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ နေရာကို ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များထဲက ပြန်လည်ရွေးချယ်ပေးရ မှာဖြစ်ပါတယ်။

မွန်ပြည်နယ်လွှတ်တော်မှာ မဲဆန္ဒနယ်အသီးသီးက ပြည်သူတွေရွေးချယ်ထားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အပါဝင် စုစုပေါင်း ကိုယ်စားလှယ် ၄၅ ရောက်ရှိပါတယ်။

အဆိုပါ ၄၅ ယောက်အနက် တပ်မတော်သားကိုယ်စားလှယ် ၁၈ ယောက်နဲ့ မွန်ပါတီ အသီးသီးက ကိုယ်စားလှယ် ၃ ယောက်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁ ယောက်တို့မှအပ ကျန်ကိုယ်စားလှယ် ၂၃ ယောက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်တွေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013