
အင်္ဂလန်ဘောလုံးလောကဟာ ဂိုးသမားတွေရဲ့ အချိန်ဆွဲနည်းဗျူဟာတွေကို တားဆီးဖို့အတွက် စည်းမျဉ်းအသစ်တခုကို စမ်းသပ်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။
ဒီစည်းမျဉ်းကို FA၊ ပရီးမီးယားလိဂ်၊ EFL၊ အမျိုးသားလိဂ်နဲ့ အမျိုးသမီးစူပါလိဂ်တို့က သဘောတူခဲ့တာပါ။
ဂိုးသမားတယောက် ဒဏ်ရာရလို့ ဆရာဝန်ကွင်းထဲဝင်ပြီး ကုသပေးရင် အသင်းရဲ့ ကစားသမား တယောက်ကို တမိနစ်ကြာ ကွင်းပြင်ထွက်ခိုင်းမှာ ဖြစ်ပါတယ်။
နည်းပြက ၁၀ စက္ကန့်အတွင်း ကစားသမားတယောက်ကို ရွေးချယ်ရမှာဖြစ်ပြီး မရွေးချယ်နိုင်ရင်တော့ အသင်းခေါင်းဆောင်က ကွင်းပြင်ထွက်ရမှာပါ။
ဒီစည်းမျဉ်းကို ကာရာဘောင်းဖလားပွဲစဉ်ဖြစ်တဲ့ ထရန်မီယာနဲ့ ရော့ချ်ဒေးပွဲမှာ စတင်စမ်းသပ်မှာပါ။
ဂိုးသမားတွေဟာ အချိန်ဆွဲတာ၊ ပြိုင်ဘက်အသင်းရဲ့ အရှိန်ကို နှောင့်ယှက်တာ ဒါမှမဟုတ် နည်းပြနဲ့ အချိန်ယူပြီး စကားပြောဖို့အတွက် ဒဏ်ရာရဟန်ဆောင်လေ့ရှိတာကြောင့် ဒီစည်းမျဉ်းကို ထုတ်ပြန်တာ ဖြစ်ပါတယ်။










