
ကျောက်ဖြူမြို့ အရာရှိရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခံထားရသူကို ပယ်ဖျက်ပေးဖို့ မတ် ၂၆ ရက်နေ့က ရပ်ကွက်နေ လူ သုံးဆယ်ကျော်လောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အိမ်ခြေပေါင်း ၈၀၀ ကျော်ခန့်ရှိတဲ့ အရာရှိရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ လက်ရှိအုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ဦးကျော်ဖြူနှင့် ဦးစိုးဝင်း တို့ သုံးဦးယှဉ်ပြိုင်ခဲ့ကြပြီး ရွေးချယ်ခံထားရသူ ဦးကျော်ဖြူ ကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြကြတာလို့ ဦးဆောင်ဆန္ဒပြသူ ဒေါ်ခင်မြရီက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး အရွေးချယ်ခံထားရသူ ဦးကျော်ဖြူဟာ အရင် ရပ်ကွက်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက ရပ်ကွက်မှာ ငွေကြေးကောက်ခံပြီး ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးအရွေးခံထားရမှုမှ ပယ်ချပေးဖို့ ဆန္ဒပြတောင်းဆိုတာလို့ ဆိုပါတယ်။
“ရပ်ကွက်မှာ ငွေကြေးကောက်ခံပြီး ကိုယ်ကျိုးအတွက်အသုံးပြုခဲ့သူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် မလိုချင်ပါ။ ယခင်ကကောက်ခံခဲ့တဲ့ငွေကြေးကို ပြန်ရချင်လို့ ဆန္ဒပြရတာလည်းမဟုတ်ပါ။ တရားမျှတတဲ့ နည်းလမ်းနဲ့ ပြန်လည်ရွေးပေးစေချင်ပါတယ်။”
ဆန္ဒပြသူတွေက ဘက်လိုက်ခြင်းဖြင့်အုပ်ချုပ်ရေးမှူး မခန့်ပေးရေး၊ အရွေးခံထားသောအုပ်ချုပ်ရေးမှူးအား အလိုမရှိ စတဲ့ပိုစတာတွေကိုကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အခုလို ရပ်ကွက်နေပြည်သူတွေ ဆန္ဒပြတဲ့အပေါ် ဦးကျော်ဖြူက လက်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့လက်ထက်မှာ လုပ်ခဲ့တဲ့ပြဿ နာတွေကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဆန္ဒပြခိုင်းတာဖြစ်ကြောင်း၊ သူတို့စွပ်စွဲသလိုဘာမှမဟုတ်ကြောင်းနဲ့ ရပ်မိရပ်ဖတွေကို မေးမြန်းနိုင်ကြောင်း၊ ဆန္ဒပြခံရတာနဲ့ပတ်သက်ပြီး ရှေ့နေနဲ့တိုင်ပင်ကာ ဥပဒေအရဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
သတင်းဓာတ်ပုံ - Tun Tunnaing Ksng











