DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် ပိုင်ဆိုင်မှုစာရင်း ချိပ်ပိတ်စာအိတ်ပြန်ယူမှုအပေါ် ဝေဖန်
DVB
·
March 27, 2016
သမ္မတဦးသိန်းစိန် ပိုင်ဆိုင်မှုစာရင်း ချိပ်ပိတ်စာအိတ်ပြန်ယူမှုအပေါ် ဝေဖန်
Donate to DVB

သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုစာရင်း ချိတ်ပိတ် စာအိတ်ပြန်ယူသွားတာနဲ့ ပတ်သတ်ပြီး နိုင်ငံရေး အသိုင်းဝိုင်းနဲ့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၈ အရ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ မိမိတို့ဦးစီးတဲ့ တစီးပွားတည်းဖြစ်သော မိသားစုပိုင် မြေအိမ် အဆောက်အအုံ စီးပွားရေးလုပ်ငန်း စုငွေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေကို တန်ဖိုးနဲ့တစ်ကွ စာရင်းပြုပြီး ပြည်ထောင်စုလွှတ်တော်အကြီးအမှူး ထံပေးပို့ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီစာရင်းတွေကို မှတ်တမ်းမတင်ထားပဲ ပြန်ယူသွားတယ်ဆိုရင်တော့ နိုင်ငံတော်အကြီးကဲတွေ လာဘ်စားမူရှိမရှိဆိုတာကို စစ်ဆေးဖို့ အခက်ခဲဖြစ်နိုင်တယ်လို့ အငြိမ်းစားတရားသူကြီး ဦးခင်သန်းက ပြောပါတယ်။

“နိုင်ငံတော်သမ္မတအပါအ၀င် ၀န်ကြီးတွေပေါ့။ ပွင့်လင်းမြင်သာမှုရှိအောင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြရမယ်။ အဲတော့ ဦးသိန်းစိန်က သူက လွှတ်တော်ကို ပေးထားတယ်။ ကျန်တဲ့ဝန်ကြီးတွေက ဦးသိန်းစိန်ကို ပေးထားတယ်။ အခုတော့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဒါကို သူပြန်ပြီးယူတယ်။ ယူတဲ့အခါမှာ တရားဝင်ယူသွားတယ်လို့ ပြောတယ်။ ဘာဖြစ်လာမလဲဆိုတော့ သူဟာ ပိုင်ဆိုင်မှုအားဖြင့် တိုးလာသလား၊ လျော့သွားသလား၊ တိုးလာရင် ဘာကြောင့်တိုးလာသလဲ၊ လျော့သွားရင်ရော ဘာကြောင့် လျော့သွားသလဲဆိုတာ ပြန်ပြီး စစ်ဆေးနိုင်တဲ့ အထောက်အထား ဆုံးရှုံးသွားမယ်။ အဖြေရှာလို့ မရနိုင်တဲ့အခြေအနေမှာ ဖြစ်သွားမယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး စစ်အစိုးရဆီက အာဏာကို အရပ်သားအစိုးရဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက လွှဲပြောင်းရယူခဲ့စဉ် ၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်က လွှတ်တော်အကြီးအမှူးထံကို သူပိုင်ဆိုင်တဲ့ ချိပ်ပိတ်စာအိတ်ကို ပေးပို့ထားတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်လို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ သူပိုင်ဆိုင်တဲ့ ချိပ်ပိတ်စာအိတ်ကို ပြန်တောင်းယူသွားတဲ့အကြောင်းပြည်ထောင်စု လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြည်တွင်းမီဒီယာတခုကို အတည်ပြုပြောဆိုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇင်အောင်က “ဒါကတော့ ရှင်းရှင်းပြောရရင် မရိုးသားမှုရှိလို့ ပြန်ယူသွားတာပေါ့။ တကယ်ရိုးရိုးသားသား လုပ်ခဲ့မယ်ဆိုရင် ဒါ ထားခဲ့ရမှာပဲလေ။ ဒါ သူတို့လုပ်တာ အများကြီး ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့သဘော ဖြစ်သွားတာပေါ့။ ပွင့်လင်းမြင်သာမှု ရှိတယ်၊ တိုင်းပြည်အတွက် တကယ်စေတနာ မှန်မှန်မှန်နဲ့ လုပ်ခဲ့တာဆိုရင် ဘာမှ ယူသွားစရာအကြောင်းမရှိဘူး။ တိုင်းပြည်အတွက် အစိုးရအနေနဲ့ သူတို့ အလုပ်လုပ်ခဲ့တာပဲလေ၊ ဒါတွေက ထားခဲ့ရမယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့ သမ္မတဦးသိန်းစိန်ပိုင်ဆိုင်တဲ့ ချိပ်ပိတ်စာအိတ်ကို ရုံးဝန်ထမ်းတွေဆီက တောင်းယူတာမရလို့ ပြည်ထောင်စု လွှတ်တော်နာယကထံ စာရေးတောင်းယူသွားတာလို့ မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှာရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013