DVB Logo
Home
မြန်မာသတင်း
ဦးနှောက်အမြှေးယောင် ကာကွယ်ဆေးထိုးရာတွင် အမျိုးအစားမှန်ကန်ရန်လိုအပ်
DVB
·
March 27, 2016
ဦးနှောက်အမြှေးယောင် ကာကွယ်ဆေးထိုးရာတွင် အမျိုးအစားမှန်ကန်ရန်လိုအပ်
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ဦးနှောက်အမြှေးယောင်ရောဂါဟာ ကပ်ရောဂါအသွင် မဟုတ်ပေမယ့် ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်တွေကို ဂရုစိုက်လိုက်နာဖို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းထဲက ကလေးတချို့ ဦးနှောက်အမြှေးယောင်ရောဂါဖြစ်ပွားခဲ့ပြီး ကလေး ၁၀ ယောက်ကျော် သေဆုံးခဲ့တာပါ။

ဦးနှောက်အမြှေးယောင်ရောဂါ အမျိုးအစား ၁၂ ရှိပြီး အခုတွေ့ရှိနေတာကတော့ ကူးစက်တာ မမြန်တဲ့ ရောဂါပါလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့အမျိုးအစား ၆ မျိုးထဲမှာ ခုတွေ့ရတာကတော့ (ဘီ) အမျိုးအစားပါ။ သူက ကူးစက်တာ မမြန်ဘူး” လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဒီရောဂါဟာလည်း ဖြစ်တာနဲ့ ကုသဖို့ လိုပါတယ်။

“ရောဂါပျိုးရက်က တစ်ရက်ကနေ နှစ်ပတ်အတွင်းဖြစ်တယ်။ ဒါပေမယ့်တစ်ချို့မှာတော့ ဒီနေ့ ကူးတယ်၊ ရောဂါလက္ခဏာတွေ ပြတယ်။ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ အန်မယ်၊ ဇက်ကြောတောင့်မယ်၊ အရေပြားမှာ အနီစက်တွေ အနီကွက်တွေထွက်မယ်၊ တက်မယ်၊ သတိလစ်မယ် စတဲ့ လက္ခဏာတွေ ပြပြီဆိုရင် ချက်ချင်းဆေးရုံကို ပြပြီး ကုသမှုခံဖို့လိုတယ်။ ရောဂါက သေဆုံးမှုနှုန်း များပါတယ်။ တစ်ရာမှာ ၅၀၊ ၆၀ လောက်က သေတယ်။ အချိန်နောက်ကျတာနဲ့အမျှ သေဆုံးမှုနှုန်းက များပါတယ်” လို့ ဒေါက်တာစိုးလွင်ငြိမ်းက ဆိုပါတယ်။

ဦးနှောက်အမြှေးယောင်ရောဂါဟာ ပူပြင်းတဲ့ ရာသီနဲ့ ဖုန်ထူထပ်တဲ့နေရာတွေမှာ ပိုအဖြစ်များပါတယ်။ အသက် ၁၀ နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပြီး လူကြီးတွေလည်းဖြစ်တတ်တာပါ။

အစုလိုက် ကာကွယ်ဆေးထိုးဖို့ လိုအပ်ရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ညှိနှိုင်းထားပြီး လက်ရှိမှာတော့ ထိုးဖို့ မလိုအပ်သေးဘူးလို့ သူက ပြောပါတယ်။

တချို့သူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကာကွယ်ဆေးထိုးနေတာတွေ ရှိနေပြီး ရောဂါနဲ့ဆေး ကိုက်ညီဖို့အတွက်လည်း သူက အကြံပေးပါတယ်။

“ကာကွယ်ဆေးက ဖြစ်တဲ့နေရာဒေသနဲ့ ပတ်ဝန်းကျင်ကိုပဲ တိုက်တာ။ ဆေးသောက်ထားလို့ မကူးဘူး မဟုတ်ဘူး။ သူက သွေးထဲမှာ ၂၄ နာရီပဲနေတယ်။ ကူးစက်မိရင် ခံနိုင်ရည်ရှိဖို့နဲ့ ထပ်ကူးစက်ရင် မပြင်းထန်ဖို့အတွက်ပါ။ ကာကွယ်ဆေးသောက်ပေမယ့် ဆင်ခြင်ဖို့တော့ လိုတယ်။ နောက်တစ်ခုက ကာကွယ်ဆေးထိုးရင်လည်း ဖြစ်နေတဲ့အမျိုးအစားနဲ့ ကိုက်ညီဖို့လိုပါတယ်။ ခုက Type B ဖြစ်နေလို့ အဲဒီတစ်မျိုးတည်း ထိုးရင်လည်း တစ်ခြားနိုင်ငံတွေ သွားရင် အဆင်မပြေနိုင်ဘူး။ အဲဒါကြောင့် တက်ထရာဗေးလဲ့န် လို့ခေါ်တဲ့ လေးမျိုးလောက်ကို ကာကွယ်နိုင်တာမျိုး ထိုးသင့်ပါတယ်” လို့ သူက ပြောပါတယ်။

ရောဂါကာကွယ်ဆေးနဲ့ ကုသဆေးတွေကို မြို့နယ်တွေအထိ ဖြန့်ဝေထားပြီး ရောဂါလက္ခဏာတွေ တွေ့ရတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို သွားရောက်ပြသဖို့အတွက် ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013