DVB Logo
Home
Lead Story
ပြည်သူ့အတွက် အလုပ်အကျွေးပြုနိုင်တဲ့ အခွင့်အရေးဟာ ရတောင့်ရခဲပါ - ဦးမန်းဂျော်နီ
DVB
·
March 26, 2016
ပြည်သူ့အတွက် အလုပ်အကျွေးပြုနိုင်တဲ့ အခွင့်အရေးဟာ ရတောင့်ရခဲပါ - ဦးမန်းဂျော်နီ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီက တင်မယ့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

အဘ ဧရာဝတီတိုင်းကို အခြေခံပြီးတော့၊  နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်လာတာ ကြာပြီဆိုတော့ ဧရာဝတီတိုင်းနဲ့ ဘယ်လိုဆက်စပ်ခဲ့သလဲ၊ အဘ မွေးရပ်ဇာတိ အကြောင်း၊ အဲ့ဒါကို အရင်ဆုံးပြောပြပေးပါခင်ဗျ။

“တို့ မွေးရပ်ဇာတိက ဧရာဝတီတိုင်း၊ နဂိုတုန်းက ပုသိမ် အရှေ့ပိုင်းမြို့နယ်လို့ခေါ်တယ်။ အခုက ကန်ကြီးထောင့်မြို့နယ်လို့ ခေါ်သွားပြီ။ ကန်ကြီးထောင့်မြို့နယ်မှာ တို့က မွေးပေမယ့်၊ နောက်ပိုင်း မှတ်ပုံတင်နံပါတ်တွေ ပြောင်းလိုက်တဲ့အခါမှာ၊ တို့က ကျုံပျော်မှာ အနှစ် ၄၀ ကြာသွားပြီ ဖြစ်တဲ့ အတွက်ကြောင့်၊ ၁၄/ကပန(နိုင်) နဲ့ ပြန်ပြီးတော့ ပြောင်းသွားတယ်။ဧရာဝတီတိုင်းသားစစ်စစ်ပါ။ ”

ဧရာဝတီတိုင်းဒေသကြီးက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်မှာ  ဘယ်လောက် အချက်အချာကျလဲ၊ ဘယ်လောက် အရေးပါလဲ ဆိုတာလေး ရှင်းပြပါခင်ဗျ။

“ဧရာဝတီတိုင်းဒေသကြီးဟာ တချိန်က မြန်မာ့ဆန်ဟာ ကမ္ဘာမှာ အကောင်းဆုံး ဆန်ပဲ။ နာမည်ကြီးတယ်။ ဒါပေမယ့် နှစ်ပေါင်း ၆၀ အတွင်းမှာ အကောင်းဆုံး ဆန်ဟာအဆင့်တွေ လျော့ကျသွားတယ်။ ပြီးတော့ ဒီအစိတ်အပိုင်းဟာ လူတွေရဲ့ စားဝတ်နေရေး ဆိုတဲ့ အစိတ်အပိုင်းမှာ မစားပဲ နေလို့မရဘူး။ ဆန်က အဓိက ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့၊ ဆန်ဟာ ကောင်းတဲ့နေရာကနေ၊ မကောင်းတာ ဘာလို့ ဖြစ်သွားသလဲဆိုတော့။ အဲ့ဒီတုန်းက စီမံအုပ်ချုပ်တဲ့သူတွေ ညံ့လို့လို့ မြင်တယ်။”

အဘတို့ ဒီဧရာဝတီတိုင်း ဒေသကြီးရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေ အနေလေးကို၊  ခြုံပြီးတော့ သုံးသပ်ပြပါလားခင်ဗျ။

“လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေဆိုရင် သူတို့ခင်းထားတဲ့ လမ်းကို တော်တော် ကြမ်းကြမ်းတမ်းတမ်း လျှောက်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင်  နံပါတ် ၁ အရှေ့က ‘မဆလ’ ၊ ပြီးတော့ ‘န၀တ’ ၊ ‘န၀တ’ ပြီးတော့၊ အခုလက်ရှိအုပ်ချုပ်နေတဲ့ ဒီမိုကရေစီ အမည်ပဲ ပြောနေပါတယ်။ ကျန်တဲ့ အစိတ်အပိုင်းတွေက ဒီမိုကရေစီ ရယ်လို့ အနှစ်သာရ မပါဘူးပေါ့။ အဲ့ဒါကြောင့် မို့လို့၊ အဲဒီလို သူတို့ လုပ်သွားတဲ့ ကိစ္စတွေ အားလုံးဟာ၊ တို့အခုတက်လာမယ့် အန်အယ်လ်ဒီ အစိုးရသစ်အတွက် စိန်ခေါ်မှုတွေကြီးပဲ။ ဒါတွေကို တော်တော်လေး၊ စိတ်ရှည်စွာ အာဃာတ ကင်းစင်စွာနဲ့ သွားမှ ရမယ်လို့ မျှော်လင့်တယ်။”

အခု အဘမြင်တွေ့ရသလောက်ဆိုရင် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ လတ်တလော အရေးတကြီး ပြုပြင်စရာ ကိစ္စတွေ ဘယ်လောက်များ ရှိလဲခင်ဗျ။

“အရေးတကြီး ပြုပြင်ဖို့ကတော့ ဧရာဝတီတိုင်းအတွင်းမှာရော၊ တနိုင်ငံလုံးမှာရော တရားဥပဒေစိုးမိုးမှုရှိဖို့ နံပါတ် ၁ လိုအပ်တယ်။ တရားဥပဒေစိုးမိုးမှု ရှိသွားပြီဆိုရင် တရားဥပဒေ ရှိတဲ့အတိုင်း အုပ်ချုပ်သူတွေက တသွေမတိမ်း ဘယ်ဘက်မှ မျက်နှာမလိုက်ဘဲနဲ့ သွားမယ်ဆိုရင် လာဘ်ပေးလာဘ်ယူတော့ ကင်းလာလိမ့်မယ်။ တရားဥပဒေ စိုးမိုးမှု မရှိဘဲနဲ့တော့ လာဘ်ပေး လာဘ်ယူတို့ဟာ စာရွက်ပေါ်မှာပဲ ရှိပြီးတော့ မပြောင်းနိုင်ဘူး။ နောက်တချက် ဧရာဝတီ တိုင်းအနေနဲ့ဆိုရင် လယ်ယာကဏ္ဍကို ပြုပြင်ပြောင်းလဲရမယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုတဲ့ အသုံးအနှုန်းကိုလည်း သုံးသွားတယ်။ သူလည်းဖြစ်စေချင်လို့ သုံးသွားတယ်လို့ တို့ယူဆတယ်။ ဒီလိုဆိုရင် ဒီဆင်းရဲမွဲတေမှုလျှော့ချရေးကို အန်အယ်လ်ဒီ အစိုးရအသစ်ကျလို့ရှိရင်၊ ဒီခေါင်းစဉ်ကိုတော့ ငါတို့ ကြိုက်တယ်။ ဆက်လုပ်မယ်။ ဒါပေမယ့် သူတို့လုပ်တဲ့ ပုံစံအတိုင်း ဟုတ်ချင်မှဟုတ်မယ်။ သူတို့လုပ်တဲ့ဟာတွေ ကောင်းရင်၊ ဆက်ပြီးတော့ သုံးမယ်။ မကောင်းရင် အကုန်လုံး ဖယ်ပစ်မှာပဲ။”

ဧရာဝတီတိုင်း ဒေသကြီးရဲ့ အဓိကလုပ်ငန်းတွေက လယ်ယာစိုက်ပျိုးရေးနဲ့၊ ငါးလုပ်ငန်း ဖြစ်တော့ အဲ့ဒီလုပ်ငန်း ၂ ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သီးခြားဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်များရှိလဲခင်ဗျ။

“လယ်ယာ ကဏ္ဍဆိုတာ တို့တိုင်းမှာဆိုရင် ‘အင်း’ တွေများတယ်။ အင်းတွေများတော့ အင်းနဲ့ လယ်ဟာ တော်တော်ကြီးကို ပြဿ    နာ တက်ခဲ့တယ်။ အခုနကပြောတဲ့အတိုင်း ဥပဒေတွေ အားလုံးက အင်းလည်း အင်းဥပဒေရေးထားပြီးသား၊ လယ်ယာလည်း လယ်ယာဥပဒေ ရေးထားပြီးသား။ အဲ့ဒါကို သေသေချာချာ ကြည့်ပြီးတော့ လယ်ကိုလည်းပဲ လယ်သမားရဲ့ ဥပဒေ အတိုင်း၊ အင်းကိုလည်း အင်းသမားရဲ့ ဥပဒေအတိုင်း သွားမယ်ဆိုရင် ဒါ clear ရှင်းနေတာပဲ။ အခုဟာက ပြဿ    နာဖြစ်နေတာက ပိုက်ဆံပေးတဲ့ လူတွေနောက်ကို အများဆုံး ပါသွားပြီးတော့ အဓိက ဆင်းရဲနေတာ လယ်သမားတွေ လယ်သမားတွေကြီးပဲ ခံနေရတာ။ ဦးရေနဲ့ ပြန်တွက်လိုက်မယ်ဆိုရင် အင်းသမားတယောက်က ပိုက်ဆံ အများကြီးရှိတယ်။ လယ်သမား ၅၀ နဲ့ အင်းသမား တယောက်နဲ့ ဘာမှ မဆိုင်ဘူး။ အဲ့ဒီအခါ ကျတော့ လယ်သမား ၅၀ အရေအတွက် ဆင်းရဲနေတဲ့သူတွေကို ဦးစားပေးမလား၊ အင်းသမား တယောက် ချမ်းသာမှုကို ဦးစားပေးမလား။ ဘယ်ဘက်ကိုမှ ဦးစား ပေးတယ်ဆိုတာ မလိုချင်ဘူး ဥပဒေ အတိုင်းပဲ လုပ်မှာ။”

အဘတို့ ဧရာဝတီတိုင်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက အဓိက ဖြစ်နေတော့ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ပြဿ   နာတွေနဲ့ ပတ်သက်ပြီးတော့၊ အဘတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတရပ်အနေနဲ့ ဘယ်လိုဖြေရှင်းဖို့ အစီအစဉ် ရှိလဲခင်ဗျ။

“လယ်ယာမြေတွေ သိမ်းထားတာက တပ်က သိမ်းဆည်းထားတာ ရှိတဲ့အပြင် စီးပွားရေး စီမံကိန်းတွေအတွက် တံတားဆောက်တယ်၊ လမ်းဖောက်တယ်။ အဲ့ဒီ အတွက် သိမ်းတာရှိတယ် ဆိုတော့ ဒီကိစ္စတွေအတွက် တချိန်က လယ်ယာမြေတွေကော၊ မြေကြီးတွေအားလုံးက နိုင်ငံတော်ပိုင်လို့ခေါ်တယ်။ အခု သူ့အပိုင်နဲ့ သူ့အပိုင်ရှိထားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကနေ့ လိုအပ်လို့ တံတားဆောက်မယ်ဆိုရင် ပြည်သူကိုလည်း နားလည်အောင် သေသေချာချာ ရှင်းပြပြီးတော့ ဒီနေရာမှာတော့ တံတားဆောက်မယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်။  ပြောပြီးတော့ ဒီရပ်ကွက်၊ ဒီဒေသ၊ ဒီမြို့နယ်အတွက် ဘယ်လောက် အကျိုးရှိမလဲဆိုတာကို၊ သေသေချာချာ ရှင်းပြရင် လယ်သမားတွေ လက်ခံပါတယ်။ လက်ခံလာတဲ့အခါမှာ သိမ်းတယ်တော့ မရဘူး၊ လက်ရှိ ပေါက်ဈေးအတိုင်း သူတို့ကို လျော်ကြေးမဟုတ်ဘူး ၀ယ်တဲ့ပုံစံမျိုး လုပ်ရမှာပေါ့။ ဒါဆို သူတို့လည်း ကျေနပ်မှာပဲ။  ပြီးခဲ့တဲ့ လွှတ်တော်ထဲမှာ ဥက္ကဋ္ဌက ဦးတင်ထွဋ်လေ။ အတွင်းရေးမှူးက ဦးသိန်းထွဋ် (ကျောင်းကုန်း)ပဲ။ သူတို့ ဖော်ဆောင်ခဲ့တဲ့ အတိုင်း တပ်က သိမ်းထားတာသည်၊ တပ် အတွက် လုံလောက်သော လုံခြုံရေးနဲ့၊ လုံလောက်သော မြေကြီးကို သိမ်းထားတာ။ အခု သိမ်းထားခဲ့တဲ့ ဟာတွေက ပိုပြီးတော့ သိမ်းထားတဲ့ အတွက်ကြောင့်မို့လို့၊ ဒီသိမ်းထားခဲ့တဲ့ ဟာတွေ ပိုနေတဲ့ဟာတွေကို ပြန်ပေး မပေးလို့မရဘူး။ သိမ်းခဲ့တဲ့ ဟာတွေကိုလည်းပဲ သူတို့မြေကြီး မဟုတ်ဘူး။ ပြည်သူပိုင်ထားတဲ့ အတွက်ကြောင့် မို့လို့ ပြည်သူတွေကို ထိုက်တန်တဲ့ လျော်ကြေး ပေးရမယ်။ ဥပဒေအရ ပေးကို ပေးရမယ် ဆိုတာ ရှိတဲ့အတွက်ကြောင့် ဥပဒေအတိုင်း သွားလိုက်ပါ။ အားလုံး ပြေလည်သွားပါလိမ့်မယ်။”

အခု နောက်ဆုံးအနေနဲ့ ဒီဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ အဘကို မဲပေးလိုက်တဲ့  မဲဆန္ဒရှင် ပြည်သူလူထုကို ဘာများမှာချင်ပါလဲခင်ဗျ။

“ပြည်သူလူထုကို ပြောချင်တာကတော့ တို့တွေကို ရွေးထားတာသည် ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာပြီ။ တို့အနေနဲ့ ပြည်သူရဲ့ ကိုယ်စားလှယ်ဖြစ်ရတာ တကယ်ဂုဏ်ယူတယ်။ ပြည်သူ့ ကိုယ်စားလှယ်ဖြစ်တာ၊ ပြည်သူ့အတွက် အလုပ်အကျွေးပြုနိုင်တဲ့ အခွင့်အရေးဟာ ရတောင့်ရခဲပါ။ တို့ အသက် ၇၅ နှစ်ရှိနေပြီ၊ အဲ့လို အခွင့်အရေးကို ၃ ကြိမ် ရခဲ့ပြီးပြီ။ နံပါတ် ၁ အကြိမ်တုန်းက ၉၀ ခုနှစ်တုန်းက အရွေးခံ ကိုယ်စားလှယ် ဖြစ်တယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ပြည်သူ့အတွက် လုံးဝပြောလို့  မရဘူး။ ရတဲ့အနေအထားနဲ့ ရသလို ကြိုးစားပြီးတော့ လုပ်ခဲ့တဲ့အတွက်ကြောင့် အကုန်လုံး အချုပ်ခံရတယ်၊ အကျဉ်းချခံရတယ်၊ တိုက်ပိတ်ခံခဲ့ရတယ်။ ဒါကတော့ ၉၀ ခုနှစ် ကိုယ်စားလှယ်ဖြစ်ရခြင်းရဲ့ အရသာပေါ့ကွာ။ နောက်တခါ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျပြန်တော့လည်း၊ တို့က မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ ထပ်မံပြီးတော့ အရွေးခံရပြန်တယ်။ အဲ့ကျတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက် ဒုတိယအကြိမ် ဖြစ်လာတဲ့အခါမှာ လွှတ်တော်ထဲကို ၄၅ ယောက်ရောက်လာတယ်။ အဲ့ဒီ ၄၅ ယောက်ဟာ တခြားပါတီရဲ့ အရေအတွက်နဲ့ ယှဉ်မယ်ဆိုရင် ဘယ်လို ယှဉ်ယှဉ် ရှုံးမှာကြီးပဲ။ ဒါပေမယ့် အရည်အသွေး အရ ပေးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ကျန်တဲ့ ရွေးကောက်ပွဲကနေပြီးတော့ ပါဝင်လာပေမယ့်လို့ ငါတို့သည် ကမ္ဘာခြိမ်းအောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖော်ဆောင်နိုင်ခဲ့တယ်ဆိုတာကို ငါတို့ကိုယ်တိုင် ယုံကြည်တယ်၊ အသိအမှတ်ပြုတယ်။ တတိယ အကြိမ် ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာ တို့က ကျုံပျော်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ ကနေ ၀င်ပြိုင်တယ်။ အခုတခါလည်း နိုင်တယ်။ နိုင်တဲ့အခါကျတော့ ၃ ကြိမ်၊ ၃ ခါ အရွေးခံရပြီးတော့၊ ပြည်သူတွေအတွက် ကောင်းကောင်း အလုပ်လုပ်ရတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ပြည်သူ့အတွက် အခုသက်တမ်းမှာ လုပ်ခွင့်ရတာ တကယ့် အခွင့်အရေးကောင်း တခုဖြစ်တဲ့အတွက် တကယ့် ဥပဒေအတိုင်း အလုပ်လုပ်မယ်။ ဘယ်ဘက်ကိုမှ မျက်နှာ မလိုက်နိုင်ဘူး။ တကယ့်သီလ သမာဓိအတိုင်း အလုပ်လုပ်သွားမယ် ဆိုတာကို ပြည်သူတွေကို ပြောချင်ပါတယ်။ ပြည်သူတွေဘက်ကလည်းပဲ ငါတို့ကိုလည်း ပြန်ခိုင်းဖို့ ဖြစ်တယ်။ သူတို့ လိုချင်တဲ့ဟာကို ငါတို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးတော့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောပါ။  သူတို့အတွက် ငါတို့နိုင်သလောက် လွှတ်တော်မှာ ပြောပေးမယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013