DVB Logo
Home
Lead Story
အန်အယ်လ်ဒီနဲ့ ပူးပေါင်းမယ်၊ အစိုးရအဖွဲ့ထဲပါဖို့ မသေချာဘူး - ဦးစိုင်းလိတ်
DVB
·
March 25, 2016
အန်အယ်လ်ဒီနဲ့ ပူးပေါင်းမယ်၊ အစိုးရအဖွဲ့ထဲပါဖို့ မသေချာဘူး - ဦးစိုင်းလိတ်
Donate to DVB

ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာရော ပြည်နယ်အစိုးရ အဖွဲ့ထဲမှာပါ ပါဝင်မှာမဟုတ်ဘဲ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ အန်အယ်လ်ဒီပါတီရဲ့ မိတ်ဘက်ပါတီတခုဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပြီးရင် တနိုင်ငံလုံးမှာ ဒုတိယအမတ်အများဆုံး အနိုင်ရထားတဲ့ ပါတီဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲမှာတော့ လွှတ်တော် ၃ ရပ်စလုံးမှာ အမတ်နေရာပေါင်း ၄၀ အနိုင်ရခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့မှာ ၀န်ကြီးနေရာ တနေရာပေးဖို့ အန်အယ်လ်ဒီရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့သလို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာပါ မပါဝင်ဖို့ ဆုံးဖြတ်ရတာနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရ ဦးစိုင်းလိတ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီလအတွင်း အန်အယ်လ်ဒီက တင်သွင်းတဲ့ နိုင်ငံတော်အကြီးအကဲ နေရာတွေမှာရော၊ ပြည်ထောင်စုဝန်ကြီးများ နေရာတွေမှာပါ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က ပါဝင်လာတာ မတွေ့ရပါဘူး။ လာမယ့်ရက်ပိုင်းမှာလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်အမည်စာရင်းတွေပါ တင်သွင်းလာတော့မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထဲမှာရော ပါဝင်ဖို့ ကမ်းလှမ်းထားတာ ရှိပါသလား။
“ကျနော်တို့ အက်စ်အန်အယ်လ်ဒီနဲ့ အန်အယ်လ်ဒီကြားမှာပေါ့နော်၊ အန်အယ်လ်ဒီ ဥက္ကဋ္ဌအနေနဲ့ ကျနော်တို့ အက်စ်အန်အယ်လ်ဒီဟာတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့မှာပဲဖြစ်ဖြစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာပဲ ဖြစ်ဖြစ် ပါဝင်ကြရမယ်လို့ ပြောပါတယ်၊ ပြီးတော့ ပြည်ထောင်စုအဆင့်မှာ ၀န်ကြီးတနေရာ သူတို့ကမ်းလှမ်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကျနော်တို့ သွားတွေ့ပါတယ်။ ပြီးတော့မှ ရန်ကုန်ကို ပြန်လာပါတယ်၊ ဗဟိုကော်မတီအစည်းအဝေးထိုင်တယ်၊ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေး ရည်ရွယ်ချက်၊ ပြီးတော့ အခြေအနေအရပ်ရပ် အဲဒါတွေကို သုံးသပ်ပြီး အဲဒီကမ်းလှမ်းချက်ကို လက်မခံနိုင်တဲ့အကြောင်း အကြောင်းပြန်ပြီးပါပြီ၊ အဲဒါက ပြည်ထောင်စု အဆင့်ပေါ့နော်၊ နောက် ရှမ်းပြည်နယ်အဆင့်မှာလည်းပဲ ထိုနည်းလည်းကောင်း ဖြစ်ဖို့ များပါတယ်။”

တကယ်လို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်နေရာမှာ ယူဖို့ ကမ်းလှမ်းလာမယ်ဆိုရင်လည်း ငြင်းမှာဘဲလား။
“ဟုတ်ကဲ့ အဲဒီဝန်ကြီးချုပ်ကိစ္စလည်း ပြောချင်ပါတယ်။ ကျနော်တို့ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဆီကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က အင်တာဗျူးတခုဝင်ပါတယ်။ အဲဒီအင်တာဗျူးက မတ်လ ၄ ရက်နေ့မှာလုပ်တဲ့ အနေအထား၊ အခုနောက်ပိုင်း မတ်လ ၁၃ ရက် ၁၄ ရက်လောက်မှ သတင်းတွေတင်ကြတယ်။ အဲဒါနောက်ပိုင်းမှာ ဆက်သွယ်မေးမြန်းထားတာမဟုတ်လို့ အဲဒါကိုလည်း ကျနော်တို့က ဗဟိုကော်မတီဝင်ဆုံးဖြတ်ချက်နဲ့ ကွဲလွဲနေပါတယ်။ အဲဒီတော့ ကျနော်တို့က ရှမ်းပြည်နယ်အစိုးရမှာသော်လည်းကောင်း၊ ဗဟိုအစိုးရမှာသော်လည်းကောင်း အန်အယ်လ်ဒီနဲ့ သဟဇာတဖြစ်စွာ ဆက်ဆံရေးရှိတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ထဲ ပါဖို့မပါဖို့ဆိုတာတော့ ဘယ်တခုမှသေချာရေရာတာ မရှိပါဘူးခင်ဗျ။”

ဟုတ်ကဲ့ ဘာကြောင့်ဆိုတာကိုလည်း ရှင်းပြပေးပါဦး။
“ဘာကြောင့်လဲဆိုတော့ စောစောက ကျနော်ပြောသလိုပဲလေ၊ ကျနော်တို့နိုင်ငံရေး ရည်မှန်းချက်ပေါ့နော်၊ ကျနော်တို့က စည်းရုံးရေးစဆင်းစဉ်ကာလကတည်းက ပြည်တွင်ငြိမ်းချမ်းရေး၊ အဲဒီကနေတဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပေါ့နော်၊ အဲဒီဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်နိုင်မှသာလျှင်ကျနော်တို့ အားလုံးမျှော်မှန်းတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဆက်ပြီးလျှောက်လှမ်းနိုင်မှာကိုး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ အန်အယ်လ်ဒီအစိုးရနဲ့ ဘယ်လိုပဲ ပူးပေါင်းရပူးပေါင်းရ ကျနော်တို့ လက်တွဲဆောင်ရွက်သွားဖို့ရှိတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ထဲမှာတော့ ပါတီအနေအထားအရ အခြေအနေအရပ်ရပ်အရ ပါဝင်အားဖြည့်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တော့ လွှတ်တော်ထဲကနေ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်၇ွက်ကြဖို့ လမ်းညွှန်ထားပြီးသားပါ။ မလွဲမသွေ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။”

နိုင်ငံ့အရေးဆောင်ရွက်ရာမှာ အစိုးရအနေနဲ့ ဆောင်ရွက်တာနဲ့ လွှတ်တော်ပြင်ပကနေ ဆောင်ရွက်တာမှာ ဘယ်ဟာကပိုပြီး ထိရောက်မှုရှိတယ်ထင်ပါသလဲ။
“အစိုးရအဖွဲ့ထဲ ၀င်ရောက်ဆောင်ရွက်တယ်ဆိုတာ နိုင်ငံပြုကိစ္စပါ၊ နိုင်ငံ့အရေးအရာကို ပြန်လည်ပြုပြင်ထိန်းကျောင်းဆောင်ရွက်တဲ့ ကိစ္စပေါ့နော်၊ ဒါပေမယ့် ကျနော်တိုပြည်ထောင်စုနိုင်ငံရဲ့ တကယ့်လိုအပ်ချက်က ပြည်တွင်းစစ်ချူပ်ငြိမ်းရေးပဲဖြစ်တယ်၊ နောက်တဆင့်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ဖြစ်တယ်၊ အဲဒါမှသာလျှင် တိုင်းရင်းသားအားလုံးမျှော်မှန်းတဲ့ စစ်မှန်တဲ့ပြည်ထောင်စုကို သွားနိုင်မှာပါ၊ အဲတော့ တိုင်းပြည်ပြုပြင်ရေးကို သွားနေတဲ့အချိန်မှာ အားလုံးလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကိုလည်း ကြိုးပမ်းရမှာဖြစ်တယ်၊ ဒါကြောင့်မို့လို့ အစိုးရကလည်း အစိုးရလုပ်ငန်းတွေ ဆောင်ရွက်နေသလို တိုင်းရင်းသားပြည်သူတွေကလည်း လွှတ်တော်ပြင်ပကနေကြိုးပမ်းနေရမှာပါ။ ဘယ်ဟာမှ ထူးပြီး ပိုကောင်းတယ်၊ ပိုထိရောက်တယ်ဆိုတာ မရှိပါဘူး၊ ၂ ခုစလုံးက အရေးကြီးပါတယ်၊ လွှတ်တော်ထဲရော လွှတ်တော့်ပြင်ပမှာပါ အတူတူပဲ အရေးကြီးတယ်လို့ မြင်ပါတယ်။”

အရင်အစိုးရလက်ထက်တွေက မရှိခဲ့ဖူးတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
“တိုင်းရင်းသားရေးရာဝန်ကြီးဌာနဆိုတာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ဦးသိန်းစိန်လက်မှတ်ထိုး ပြီးတော့မှ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတဲ့ အောက်ကနေ ဖွဲ့စည်းလိုက်တဲ့ ၀န်ကြီးဌာနတခုလို့ ကျနော်တို့နားလည်ထားပါတယ်။ အဲဒီဥပဒေအရ ဖွဲ့စည်းတဲ့ဌာနဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံစံ၊ ရှေးဟောင်းအမွေအနှစ် စတာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ နောက်တဆင့် အဲဒီဌာနရဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးဟာ တိုင်းရင်းသားဒေသတွေမှာ သယံဇာတတူးဖော်ရေး၊ စီမံကိန်းကြီးများလုပ်ဆောင်မယ်၊ စီးပွားရေးကြီးတွေ လုပ်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာဒေသခံတိုင်းရင်းသားတွေ သိရှိနာလည်အောင် ကြေညက်အောင် ရှင်းလင်းတင်ပြပေးဖို့၊ ညှိနှိုင်းပေးဖို့ဆိုတဲ့ တာဝန်ဝတ္တရားတွေ ပေးထားတာပဲ တွေ့ရပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဟာ တိုင်းရင်းသားအားလုံးမျှော်မှန်းတဲ့ ပြည်တွင်းစစ်ကို ဘယ်လိုနည်းနဲ့ ငြှိမ်းသတ်မလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မလဲ၊ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ၊ နောက် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို တိုင်းရင်းသားတွေက ဘယ်လိုနည်းနဲ့ ပါဝင်ဆောင်ရွက်ခွင့်ပြုမလဲ ဆိုတာတွေကို အဲဒီဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူး၊ ဒါကြောင့်မို့လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁ ( က ) မှာ ရေးထားတဲ့အတိုင်းပေါ့နော်၊ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့ အခွင့်အရေးအကုန်လုံးကို တန်းတူညီမျှ ခံစားပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ တိုင်းရင်းသားတွေအတွက် အထူးအဲဒီအခွင့်အရေးဆိုင်ရာ အဲဒီဥပဒေကို အထူးထပ်ပြီးပြဋ္ဌာန်းစရာမလိုဘူးလို့ပဲ ကျနော်တို့ယုံကြည်ထားပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013