DVB Logo
Home
Lead Story
ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုရင် ဖွဲ့စည်းပုံကို မပြင်မဖြစ် ပြင်ရမယ် - ဦးအေးသာအောင်
DVB
·
March 26, 2016
ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုရင် ဖွဲ့စည်းပုံကို မပြင်မဖြစ် ပြင်ရမယ် - ဦးအေးသာအောင်
Donate to DVB

ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ဒီမိုကရေစီစနစ် ထွန်းကားဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်မဖြစ် ပြင်ရမယ်၊ ပြင်ဖို့အတွက် ကြိုးပမ်းရမယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ဦးအေးသာအောင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

ပထမဦးဆုံးအနေနဲ့ အန်ကယ် အခုလို အမျိုးသားလွှတ်တော်ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး အန်ကယ့်ရင်ထဲက ခံစားချက်ကို အရင်ဆုံး ပြောပြပေးပါခင်ဗျ။

“ကျနော်ကတော့ ဒီရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲဝင်ဖို့ သဘောထား သိပ်မရှိဘူး။ အဲဒီတော့ ပါတီက ရင်းနှီးတဲ့သူတွေ၊ တချို့သံဃာတော်တွေက ၀င်ဖို့တိုက်တွန်းတဲ့အခါ မြေပုံမြို့နယ်ကလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ ဖိတ်ခေါ်တယ်၊ ဒါ့ကြောင့် ရွေးကောက်ပွဲ ၀င်ခဲ့တယ်။ ရွေးကောက်ပွဲမှာလည်း မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ် ၂ မြို့နယ်လုံးကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ ပြီးတော့ မဲကိုလည်း တခဲနက် ပေးတဲ့အတွက်ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့အခါကျတော့ အထူးသဖြင့် ပြည်သူတွေက ပေးလိုက်တဲ့တာဝန်၊ မဲဆန္ဒရှင်တွေ ပေးလိုက်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ စိတ်ကို လုံးလုံးချပြီး အမျိုးသားလွှတ်တော်ကို ရောက်လာတယ်။ အမျိုးသားလွှတ်တော်ကို ရောက်လာတဲ့အခါ အမျိုးသားလွှတ်တော်မှာ ဒု-ဥက္ကဋ္ဌနေရာကို တာဝန်ပေးမယ်ဆိုတဲ့ သတင်းတွေ ကြားတယ်။ နောက် ဦးဝင်းထိန်ကလည်း ပြောပြတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော့်အမြင်ကတော့ လွှတ်တော်မှာ တ၀န်ပေးတယ်ဆိုတာက ဒီလို ခန့်လို့ရတာမျိုးမဟုတ်ဘူး။ လွှတ်တော်မှာ အဆိုပြုရမယ်၊ လွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံမှ ဒီနေရာကို ရတာ။ ဆိုတော့ လွှတ်တော်ထဲကို တကယ်ရောက်လာတဲ့ အခါကျတော့ အဆိုပြုတယ်၊ အများကလည်းပဲ ထောက်ခံကြတယ်။ လွှတ်တော်ထဲကို ရောက်တဲ့ ကာလမှာလည်းပဲ အရင်က နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ၊ တိုင်းရင်းသား လုပ်ဖော်ကိုင်ဘက်တွေနဲ့ တွေ့ရတယ်။ တချို့ကတော့ အန်ကယ် ဖြတ်သန်းလာတဲ့ နိုင်ငံရေးခရီးမှာ ကြုံဖူး၊ တွေ့ဖူး၊ ကြားဖူး၊ မြင်ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ များပါတယ်။ သူတို့ကတော့ လွှတ်တော်ထဲကို ရောက်လာတော့ ၀မ်းပန်းတသာ ရှိကြတယ်၊ လာပြီး နှုတ်ဆက်ကြတယ်၊ ပြောကြဆိုကြတဲ့ အပေါ်မှာလည်း ကောင်းတယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်းပဲ အန်ကယ် တောက်လျှောက် ဖြတ်သန်းမှုအပေါ်မှာ လွှတ်တော်ထဲကို ရောက်လာတဲ့ ကိုယ်စားလှယ်အများစုက လိုလိုလားလား ရှိတယ်ဆိုတာ သိရတယ်။

"အဲဒီလိုရှိတဲ့အတွက် ဒီအမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌတာဝန်ကို ပေးတယ်လို့ ယူဆတယ်။ အဲလိုပေးလိုက်တဲ့ အခါမှာ အန်ကယ့်ရဲ့အမြင် သဘောထားက ဘယ်လိုရှိလဲဆိုတော့ ရွေးကောက်ပွဲမှာ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်က မဲဆန္ဒရှင် ပြည်သူတွေက မဲထည့်ပြီး တာဝန်ပေးလိုက်တယ်။ တာဝန်ပေးလိုက်လို့ လွှတ်တော်ထဲကို ရောက်လာတယ်။ အမျိုးသားလွှတ်တော်ထဲမှာ ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုရဲ့ သဘောဆန္ဒအရ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ ဖြစ်လာတယ်။ ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် အသီးသီးသည် မြို့နယ်အသီးသီးကနေ ပြည်သူတွေက မဲပေးရွေးချယ်လိုက်လို့ ရောက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒီ ပြည်သူ့ကိုယ်စားလှယ်တွေကနေ ထပ်ဆင့်ပြီး ကျနော့်ကို အမျိုးသားလွှတ်တော်မှာ ဒု-ဥက္ကဋ္ဌတာဝန် ပေးတယ်ဆိုတာ မြန်မာနိုင်ငံ တနံတလျားမှာရှိတဲ့ အမြို့မြို့အနယ်နယ်က၊ ပြည်သူတွေရဲ့ ဆန္ဒနဲ့လည်း ကိုက်ညီမယ်လို့ မျှော်လင့်တယ်။ ဒီလိုဆိုရင် အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌတာဝန်ပေးခြင်းသည် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒါကြောင့် မူလကတော့ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ် ပြည်သူများရဲ့ လိုအပ်ချက်နဲ့ ပေးတဲ့တာဝန်တွေကို ထမ်းဆောင်ရမယ့်သဘောရှိတယ်။ ဒါ့အပြင် ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တယောက် ဖြစ်တဲ့အတွက်ကြောင့်လည်း ရခိုင်ပြည်နယ်၊ ရခိုင်အမျိုးသားများရဲ့ အကျိုးစီးပွားကိုလည်း ဆောင်ရွက်ရမယ့် တာဝန်ရှိတယ်။ အခုတော့ မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ လွှတ်တော်ထဲရောက်လာတဲ့ ကိုယ်စားလှယ်တွေက ထပ်ဆင့် တာဝန်ပေးတဲ့အတွက်ကြောင့် ဒီပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်တွေကိုလည်း အဓိကထားပြီး ဆောက်ရွက်ရမယ့် တာဝန်ရှိတယ်လို့ ခံယူပါတယ်။”

အန်ကယ်က အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတယောက်လည်း ဖြစ်သလို တိုင်းရင်းသားခေါင်းဆောင်တယောက်လည်း ဖြစ်တော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အန်ကယ့်သဘောထားလေးလည်း သိပါရစေခင်ဗျ။

“မြန်မာနိုင်ငံက ရာစုတ၀က်ကျော် အာဏာရှင်စနစ် အမျိုးမျိုးအောက်ကို ကျရောက်တော့ ဒီမိုကရေစီစနစ် ထွန်းကားဖို့၊ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ပြီးတော့ တိုင်းရင်းသားတွေနဲ့ သဟဇာတဖြစ်ဖို့ဆိုရင် ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့၊ ဒီပြည်တွင်းစစ်ကို ရပ်ဖို့အတွက် တိုင်းရင်းသားတွေ လိုလားတယ်။ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမယ်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိရမယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့အတွက် ကြိုးပမ်းရမယ်။ အဲဒီတော့ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။”

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ဖို့ လိုမလဲခင်ဗျ။

“အဓိကကတော့ ဒါတွေကို ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ဒီမိုကရေစီစနစ် ထွန်းကားဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုရင် ဖွဲ့စည်းပုံကို မပြင်မဖြစ် ပြင်ရမယ်။ ပြင်ဖို့အတွက်တော့ ကြိုးပမ်းရမယ်။ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ကြိုးစားရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့အရေးနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း ပြင်ဖို့ ကြိုးစားခဲ့တယ်။ မအောင်မြင်ဘူး။ ဘာ့ကြောင့် မအောင်မြင် ဆိုတာကိုလည်း ပြည်သူတရပ်လုံး သိမှာပါ။ ဒါပေမယ့် အခုလွှတ်တော်အသစ်မှာ ထပ်ပြီးတော့ ဘာပဲဖြစ်ဖြစ် ကြိုးပမ်းရမယ်။ တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့၊ ဒီမိုကရေစီစနစ် ထွန်းကားဖို့၊ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်မဖြစ် ပြင်ရမယ်။ ဘယ်လို အခြေခံနဲ့ ပြင်မလဲ။ ဒီမိုကရေစီ အခြေခံ၊ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီအောင် ပြင်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုရင် ဖွဲ့စည်းပုံကိုလည်းပဲ ဖက်ဒရယ်မူနဲ့ ကိုက်ညီတဲ့ အခြေခံမူကို ချပြီးမှ ဖွဲ့စည်းပုံကို ရေးဆွဲဖို့လိုတယ်။ ဒါတွေကိုတော့ ဘာပဲဖြစ်ဖြစ် လွှတ်တော်ထဲမှာ အခြားအခြား လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပေါင်းစပ်ပြီး ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားဖို့ သဘောထား ရှိတယ်။”

အန်ကယ် အခု အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအပြင် တခြား ရေးရာကော်မတီတွေမှာ တာဝန်ယူထားတယ်လို့ သိရပါတယ်ခင်ဗျ။ အဲ့ဒီကော်မတီတွေ အကြောင်းလည်း ကျနော့်ကို ရှင်းပြပေးပါဦး။

“ဒီ ဒု-ဥက္ကဋ္ဌ တာဝန်အပြင် လွှတ်တော်အခွင့်အရေး ကော်မတီမှာလည်း ဥက္ကဋ္ဌတာဝန် ပေးတယ်။ လွှတ်တော်ရဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု ကော်မတီမှာလည်း ဥက္ကဋ္ဌတာဝန်ပေးတယ်။ အရေးကြီးတာတခုက ဥပဒေကြမ်း ကော်မတီ၊ နောက် ပြည်သူ့ငွေစာရင်းကော်မတီ၊ ဒီကော်မတီ ၂ ခုက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ၂ ခုပေါင်း ပူးပေါင်းကော်မတီလို့ ခေါ်ပါတယ်။ ပြည်သူ့လွှတ်တော်က ၇ ယောက်၊ အမျိုးသားလွှတ်တော်က ၇ ယောက်၊ ကျနော်က ၁ ယောက်၊ ၁၅ ယောက်နဲ့ ဥပဒေကြမ်း ကော်မတီမှာလည်း ၁၅ ယောက်၊ ပြည်သူ့ငွေစာရင်း ကော်မတီမှာလည်း ၁၅ ယောက်၊ ဒီ ပူးပေါင်းကော်မတီ ၂ ခုလုံးမှာ အန်ကယ်က ဥက္ကဋ္ဌတာဝန်ကို ယူရတယ်။”

အဲ့ဒီကော်မတီတွေရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေနဲ့ ဒီကော်မတီတွေဟာ လွှတ်တော်အတွက်ရော နိုင်ငံတော်တခုလုံးအတွက်ပါ ဘယ်လောက်အရေးကြီးတယ် ဆိုတာလေးလည်း ရှင်းပြပေးပါဦးခင်ဗျ။

“ဒီကော်မတီ ၂ ရပ်စလုံးသည် လွှတ်တော်အတွက်ရော၊ တိုင်းပြည်အတွက်ရော အရေးကြီးတယ်။ အဓိကလည်း ကျတယ်။ ဥပမာ ဥပဒေကြမ်းကော်မတီ ဆိုတာကတော့  ပြည်ထောင်စုလွှတ်တော်ကို တင်ရမယ့် ဥပဒေကြမ်းတွေရှိတယ်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို တင်ရမယ့် ဥပဒေကြမ်းတွေရှိတယ်။ အဲ့ဒီ ဥပဒေကြမ်းတွေဟာ ဒီကော်မတီကို ရောက်လာတယ်။ ဒီကော်မတီက စိစစ်၊ သုံးသပ်ပြီးမှ ပြည်ထောင်စုလွှတ်တော်ကို တင်ရမှာ။ ဒီဥပဒေကြမ်းကော်မတီက ဘာကြောင့် လွှတ်တော်အတွက်၊ တိုင်းပြည်အတွက် အရေးကြီးတာလဲ။ ကျနော်တို့တိုင်းပြည်က စောစောက ပြောသလို နှစ်ပေါင်း ၅၀ ကျော်၊ ရာစုတ၀က်ကျော်၊ အာဏာရှင်စနစ်အောက်ကို ကျရောက်ခဲ့တယ်။ အဲ့လို အစိုးရ အဆက်ဆက်မှာ ဥပဒေတွေ အမျိုးမျိုးပြဋ္ဌာန်းခဲ့တယ်။ အဲ့ဒီဥပဒေတွေကို ယေဘုယျ သုံးသပ်မယ်ဆိုရင် အစိုးရကို ကာကွယ်ပေးဖို့၊ ပြည်သူတွေကို ကန့်သတ်ဖို့၊ ဖိနှိပ်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိတယ်။ အဲ့တော့ ဒီဥပဒေတွေကို ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ဘက်က ကြည့်ပြီးတော့၊ ပြည်သူ့အတွက် ဖြစ်နိုင်ရင် ပြင်ဆင်ဖို့၊ ဒီထက် လုပ်နိုင်ရင် ဖျက်သိမ်းဖို့၊ ဒါတွေကို ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ နောက်တခုက ပြည်သူတွေအပေါ် ကာကွယ်ပေးဖို့၊ လယ်သမားတွေ၊ အလုပ်သမားတွေ၊ သာမန်ပြည်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဋ္ဌာန်းရမယ်။ ဒါတွေက အရေးကြီးတယ်။ ဒါ့ကြောင့် ဒီဥပဒေကြမ်းကော်မတီသည် လွှတ်တော်အတွက်ရော၊ ပြည်သူတွေအတွက်ရော အရေးပါတယ်၊ အရေးကြီးတယ်။ နောက် ပြည်သူ့ငွေစာရင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီက ၀န်ကြီးဌာနအလိုက်၊ တင်လိုက်တဲ့ ဘတ်ဂျက်တွေကို တကယ်ပဲ ဒီလောက်ထိ လိုအပ်သလား၊ မလိုအပ်ဘူးလား၊ ဒါတွေကို စိစစ်ရမယ်။ မလိုအပ်ဘူးဆိုရင်လည်း ဖြတ်တောက်ရမယ်။ ဒါနဲ့ မလုံလောက်သေးဘူး၊ ချပေးလိုက်တဲ့ ဘတ်ဂျက်တွေကို တကယ်ပဲ မှန်မှန်ကန်ကန် သုံးသလား၊ မသုံးဘူးလား ဆိုတာကို စိစစ်ရမယ့် တာဝန်လည်း ရှိပါတယ်။ ဒါ့အပြင် ဒီ လုပ်တဲ့ကဏ္ဍတွေမှာ တကယ်ထိရောက်မှု၊ အကျိုးသက်ရောက်မှု၊ ပြည်သူအတွက် အကျိုးရှိ၊ မရှိကိုလည်း စစ်ဆေးရမယ့် တာဝန်တွေ ရှိပါတယ်။ ဒါကြောင့် ဒီကော်မတီ ၂ ခုမှာ ဥက္ကဋ္ဌတာဝန်ကို ယူရတာက ဘာပဲဖြစ်ဖြစ် ပြည်သူတွေအတွက် တတ်စွမ်းသလောက် လုပ်သွားဖို့အတွက် ဆန္ဒရှိပါတယ်။”

အန်ကယ့်ကို မဲပေးရွေးချယ်လိုက်တဲ့ ပြည်သူတွေကို ဒီဗွီဘီကနေတဆင့် အန်ကယ် ဘာများ မှာကြားချင်ပါလဲခင်ဗျ။

“အခုလို ပြည်သူတွေက မဲပေးလိုက်တဲ့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်မှာ ဒု-ဥက္ကဋ္ဌ၊ ဒါ့အပြင် ခုနကပြောခဲ့တဲ့ ကော်မတီတွေမှာလည်း တာဝန်ပေးအပ်ခြင်း ခံရတယ်။ ဒါ့ကြောင့် တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်၊ ကိုယ့်အမျိုးသားအတွက်၊ ပြည်နယ်အတွက်၊ တိုင်းရင်းသားလူမျိုးအတွက် တတ်စွမ်းသလောက်၊ အစွမ်းကုန် ဆောင်ရွက်သွားမယ် ဆိုတာကို ပြောချင်ပါတယ်။"

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013