DVB Logo
Home
မြန်မာသတင်း
ကူးစက်မြန်ဦးနှောက်အမြှေးရောင်ရောဂါဖြင့်သေဆုံးသည့် ကလေးငယ် ၁၀ ဦးရှိပြီ
DVB
·
March 25, 2016
ကူးစက်မြန်ဦးနှောက်အမြှေးရောင်ရောဂါဖြင့်သေဆုံးသည့် ကလေးငယ် ၁၀ ဦးရှိပြီ
Donate to DVB

မန္တလေးတိုင်းအတွင်းမှာ မတ် ၂၃ ရက်နေ့အထိ ကလေးငယ် ၁၄ ဦး ကူးစက်မြန် ဦးနှောက် အမြှေးရောင်ရောဂါဖြစ်ပွားပြီး ၈ ဦး သေဆုံးသွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွေမှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသွားတဲ့ကလေးငယ်တွေဟာ သာစည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက အသက် ၉ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်လို့  တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝင်းနိုင်က သတင်း မှာပြောပါတယ်။

မတ်လ ၅ ရက်ကစ ဒီရောဂါဖြစ်ပွားမှုကြောင့်  သာစည်မြို့နယ်  အင်းကုန်းရွာမှာ ကလေးငယ် ၁ဦး၊ ပြွန်ကန်ရွာမှာ ၂ ဦး၊ ဘုရားလေးကုန်းရွာမှာ ၁ ဦး၊ သမန်းကန်ရွာမှာ ၁ ဦး၊ အောင်မြင်သာရွာမှာ ၂ ဦး၊ မောင်းတိုင်ရွာမှာ ၁ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်၁၄ ရက်နဲ့ ၁၈ ရက်တွေမှာလည်း ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်  ၂၁ ရပ်ကွက် စည်ပင်ဝန်ထမ်းအိမ်ရာမှာနေ ကလေးငယ်နှစ်ဦး ကူးစက်မြန် ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါနဲ့ သေဆုံးခဲ့ပြီး ရောဂါသံသယရှိတဲ့ ကလေးငယ် ၂၁ ဦးကို  ရန်ကင်းကလေးဆေးရုံမှာ ပို့ဆောင်ကုသပေးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ဦးနှောက်အမြှေးရောင်ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန  ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက “ဒီရောဂါအမျိုးအစားက အများကြီးရှိတယ်။  ၁၂ မျိုးရှိတယ်။ ၁၂ မျိုးမှာ အများဆုံးလူစုလူဝေးနဲ့ ကပ်အသွင်ဖြစ်နိုင်တဲ့ အမျိုးအစားတွေက အေ၊ စီ၊ ဒဗလျူနဲ့ ၀ိုင် အမျိုးအစားတွေပါ။ အခုက သာစည်မှာရော တောင်ဒဂုံမှာရော တွေ့တာက ဘီအမျိုးအစား။ ဒါကြောင့်မလို့ အစုလိုက် အကြီးအကျယ် မဖြစ်ဘူး။ သူက တနေရာမှ တယောက်စ နှစ်ယောက်စ ပဲဖြစ်တယ်။ တနေရာ တနေရာကို တခြားအမျိုးအစားတွေလောက် ကူးစက်မမြန်ဘူး။ ရောဂါဖြစ်ပွားတဲ့တရွာနဲ့ တရွာကလည်း အဝေးကြီးတွေ၊ တနေရာမှာ ၁ယောက် ၂ ယောက်အဲလိုပဲဖြစ်တာ။ ရန်ကုန်ဆိုရင်လည်း တောင်ဒဂုံတနေရာထဲမှာ ၂ ယောက်ဖြစ်ပြီး ပြီးသွားပြီ တခြားနေရာမဖြစ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအချိန်အထိ ကူးစက်မြန် ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေဆုံးသွားတဲ့ ကလေးငယ် ပေါင်း ရန်ကုန်နဲ့ မန္တလေးတိုင်း ၂ ခုပေါင်းရင် ၁၀  ဦးထိရှိနေပြီဖြစ်ပါတယ်။ ဒီကလေးငယ်တွေ ဟာ ရောဂါပိုးကြောင့်သေဆုံးတာဖြစ်သလို အပူဒဏ်အန္တရာယ်ကြောင့်လည်း ဖြစ်တယ်လို့  ဒေါက်တာ စိုးလွင်ငြိမ်းက ပြောပါတယ်။

“ကျနော်တို့ ကွင်းဆင်းဆောင်ရွက်တဲ့အခါကျတော့ ရောဂါပိုးကြောင့် သေတာလည်းပါတယ်။ နောက် ကျနော်တို့ ကွင်းဆင်းတဲ့ အချိန်မှာကို အပူချိန်က ၄၁- ၄၂ ဒီဂရီလောက်ရှိတယ်။ ကလေးတွေက နေ့လည်ဖက် ဘောလုံးကန်တယ် ဆိုတော့ ပိုဆိုးသွားတာပေါ့။ ဒီလရာသီတွေက ပွဲလမ်း သဘင်တွေများတယ်။ ရောဂါပိုး လူကောင်းမှာလည်းပဲရှိနိုင်တယ်။ နှာခေါင်းနဲ့ အာခေါင်မှာ  နေနေတယ်။ ဒါပေမယ့် လက္ခဏာ မပြဘူး။ ဒီလိုလူတွေက ပွဲလမ်းသဘင်မှာ  လူစုလူဝေးထူထပ်တဲ့ နေရာတွေ သူတို့ သွားခဲ့တာရှိနိုင်တယ်။ ဘုရားပွဲ အကြီးကြီးတွေမှာ ရွာတွေက စုသွားပြီးတော့မှ အဲဒီက ပြန်လာတဲ့ လူတွေမှာ ကူးစက်တာပေါ့။ ဒီပိုးကကို အပူရာသီကို ကြိုက်တယ်။ နောက်တခါ ပွဲလမ်းသဘင်တွေမှာ ဖုန်ထတယ်ပေါ့ ဖုန်ထတော့ ဒီပိုးက ဖုန်တွေနဲ့ ကပ်ပါသွားပြီးတော့ သာမန် နှာချေလိုက်ရင် ၆ ပေလောက်သွားနိုင်ပေမယ့် သူက ပိုပြီးတော့ ဝေးဝေးတွေသွားပြီးတော့ ကူးစက်တယ်။ ဒါကြောင့် ပွဲလမ်းသဘင်တွေလုပ်ရင် ဒီရက်တွေဆိုရင် ဖုန်မထအောင် သေချာရေဖြန်းတာလုပ်ခိုင်းတယ် လူသူထူထပ်တဲ့နေရာတွေ မသွားဖို့ပေါ့။”

ဒီရောဂါဟာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များပြီး၊ လူထူထပ်တဲ့နေရာ၊ ဖုန်ထူထပ်တဲ့နေရာတွေကို မသွားရောက်မိဖို့ လိုအပ်ပြီး ကလေးငယ်တွေကို အာဟာ ရပြည့်ဝစွာ ကျွေးမွေးဖို့လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

ဒီရောဂါ ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားတွေဟာ အသက်ရှူလမ်းကြောင်းကနေ ကူးစက်နိုင်သလို  ချောင်းဆိုးနှာချေရာကနေ ထွက်လာတဲ့ အမုန်အမွှားတွေကို တိုက်ရိုက်ထိတွေ့ကိုင်တွယ်ရာက တဆင့်  ကူးစက်နိုင်ပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာအော့အံတာ၊   ဇက်ကြောတက် ခေါင်းကိုက်တာ၊ ခန္ဒာကိုယ်မှာ သွေးခြေဥတာ နဲ့ သတိလစ်တက်တာတွေ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားလျှင် ချက်ခြင်းဆေးရုံချက်ချင်းတက် အမြန်ဆုံးအရေးပေါ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပြီး ရောဂါဖြစ်ပွားသေဆုံးနှုန်းက ၁၀၀ မှာ ၅၇ ဦး  (၅၇ ရာခိုင်နှုန်း) ရှိပါတယ်။

ဆာဟာရဒေသခွဲက ဆီနီဂေါ၊ အီသီိယိုးပီးယားစတဲ့ အာဖရိက နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ ဒီရောဂါ အဓိကဖြစ်ပွားလေ့ရှိပြီး ၂၀၁၄ ခုနှစ်က ရောဂါဖြစ်ပွား သံသယလူနာ ၁၂၀၀၀ နီးပါးမှာ ၁၁၄၆ ဦးသေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၁၉၉၂ခုနှစ်လောက်က နထိုးကြီးမြို့နယ်မှာ ကူးစက်မြန်ဦးနှောက် အမြှေးရောင်ရောဂါ သံသယလူနာ ၄၀ လောက် ဖြစ်ပွားပြီး ၈ ဦးလောက် သေဆုံးခဲ့ဖူးတယ်လို့  ကျန်းမာရေးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013