DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ တီဘီရောဂါဖြစ်ပွားမှုမှာ ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှု၏ သုံးဆခန့် မြင့်မားနေ
DVB
·
March 25, 2016
မြန်မာနိုင်ငံ၏ တီဘီရောဂါဖြစ်ပွားမှုမှာ ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှု၏ သုံးဆခန့် မြင့်မားနေ
Donate to DVB

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ တီဘီရောဂါဖြစ်ပွားမှုဟာ ကမ္ဘာ့တီဘီရောဂါ ဖြစ်ပွားမှုရဲ့ သုံးဆလောက် မြင့်မားနေပြီး နှစ်စဉ် တီဘီလူနာ ၂ သိန်းလောက်တွေ့မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအထဲက တစ်သိန်းခွဲလောက်ပဲ ရှာဖွေကုသပေးနိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

မတ်လ ၂၄ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောခဲ့တာပါ။

“မြန်မာနိုင်ငံမှာ တီဘီ၊ တီဘီ/အိပ်ခ်ျအိုင်ဗွီနဲ့ ဆေးယဉ်ပါးတီဘီရောဂါတွေဟာ ပြည်သူ့ ကျန်းမာရေး ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ချုပ်အစီရင်ခံစာအရ စုစုပေါင်း တီဘီလူနာ တစ်သိန်းလေးသောင်းကျော်ကို ရှာဖွေကုသပေးနိုင်ခဲ့ပါတယ်”လို့ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဆိုပါတယ်။

နှစ်စဉ် လူနာအသစ် နှစ်သိန်း သုံးသောင်းလောက်ဖြစ်မယ်လို့ ခန့်မှန်းထားပြီး ကိုးသောင်းလောက် ရှာဖွေကုသပေးဖို့ ကျန်သေးတယ်လို့ ကျန်းမာရေးဦးစီးဌာနရဲ့ ပြည်သူ လူထုအခြေပြု တီဘီရောဂါ စောင့်ရှောက်ရေး လုပ်ငန်းလမ်းညွှန်မှာဖော်ပြထားပါတယ်။

ဒီအတွက် ရွေ့လျား တီဘီရောဂါရှာဖွေရေးအဖွဲ့တွေနဲ့ ဓာတ်မှန်စက်သုံးပြီး အရှိန်မြှင့် ရှာဖွေလုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

တီဘီလူနာသစ်တွေရဲ့ ၅ ရာခိုင်နှုန်းဟာ ဆေးယဉ်ပါးတီဘီဖြစ်ပွားနေပြီး ၂၀၁၆ ခုနှစ်မှာတော့ မြို့နယ်အားလုံးမှာ ရှာဖွေကုသနိုင်အောင် စီစဉ်နေပါတယ်။

တီဘီရောဂါတိုက်ဖျက်ရေးအတွက် အစိုးရက ၂၀၁၅-၁၆ ခုနှစ်မှာ ကျပ်သန်းပေါင်း ၇၂၀၀ ကျော် ပံ့ပိုးထားပါတယ်။ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကလည်း ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၀၈ သန်း ထောက်ပံ့ထားပါတယ်။

တီဘီလူနာသစ်တွေ ရှာဖွေရှာမှာ စေတနာ့ဝန်ထမ်းတွေရဲ့ ကဏ္ဍကလည်း အရေးပါတဲ့ နေရာမှာ ရှိပါတယ်။

“တီဘီက လေကနေ ကူးစက်နိုင်တယ်လေ။ လူမျိုး၊ ဘာသာမရွေး လေကို ရှူနေရတဲ့အပေါ်မှာ ဒီလေကို ရှူနေသူအားလုံးမှာ ဖြစ်နိုင်တယ်။ ကျမ အများဆုံးတွေ့ရတဲ့ အုပ်စုတွေကတော့ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်တဲ့သူတွေ၊ တီဘီဆေး သောက်နေရသူရဲ့ မိသားစုဝင်တွေ၊ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူတွေမှာ အများဆုံး တွေ့ရတယ်”လို့ မန္တလေးမြို့က စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ မမော်မော်က ပြောပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံမှာ တီဘီကူးစက်ခံထားရပြီး နှစ်စဉ် လူပေါင်း ၉၆ သိန်းလောက် ဖြစ်ပွားနေတာပါ။ ပြီးတော့ ကမ္ဘာ့တီဘီအစီရင်ခံစာအရ တစ်နှစ်ကို လူပေါင်း ၁၅ သိန်းလောက်သေဆုံးနေတဲ့အတွက် တစ်မိနစ်ကို သုံးယောက်နှုန်း သေဆုံးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013