
နေပြည်တော် - ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် ၁၄၄/၄ မှာ ဒီနေ့မနက် ၇ နာရီကျော် အချိန်က အိမ်စီးကားတစီး ဘီးပေါက်အရှိန်လွန်ကာ တိမ်းမှောက်မှုကြောင့် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
ဟာရီယာ အမျိုးအစားအဖြူရောင်ယာဉ်ဟာ ယာဘက်ဘီးပေါက်ပြီး အရှိန်လွန်ကာ လမ်းဘေး ရေမြောင်းဘက်ထဲ ထိုးကျတိမ်းမှောက်ခဲ့တာပါ။
ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ အမျိုးသမီး ၂ ဦးဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျန်ဒဏ်ရာရရှိတဲ့ အမျိုးသမီးတဦးကို တောင်ငူဆေးရုံကနေ နေပြည်တော်ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းမှာ သေဆုံးခဲ့ပါတယ်။ ယာဉ်မောင်း အမျိုးသားနဲ့ အမျိုးသမီး ၁ ဦးအပါအ၀င် ၉ နှစ်အရွယ် ကလေးတဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တာကြောင့် တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ကုသထားပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် အုတ်တွင်းမြို့နယ် ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှ ယာဉ်မောင်း အား ယာဉ်(ပ)၁၁/၂၀၁၆၊ ၃၀၄-က၊ ၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။
သတင်းဓာတ်ပုံ - သားကြီး (တောင်ငူ)











