DVB Logo
Home
Lead Story
ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းဖြစ်အောင် လုပ်မှာပါ - ဦးလှသိန်း
DVB
·
March 25, 2016
ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းဖြစ်အောင် လုပ်မှာပါ - ဦးလှသိန်း
Donate to DVB

သမ္မတအဖြစ်ရွေးကောက်ခံထားရသူက ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြုတင်ပြထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းဟာ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ကော်မရှင်ဥက္ကဋ္ဌ လုပ်ခဲ့ဖူးသူဖြစ်ပြီး အငြိမ်းစားပါမောက္ခချုပ်တဦးလည်း ဖြစ်ပါတယ်။
ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တထပ်တည်းဖြစ်အောင်လုပ်မယ်လို့ ဦးလှသိန်းက ဒီဗွီဘီကို ပြောပါတယ်။

သူဟာ ၂၀၀၈ ခုနှစ်က မိတ္ထီလာတက္ကသိုလ်၊ ပါမောက္ခချုပ်အဖြစ်က အငြိမ်းစားယူခဲ့ပြီး ၂၀၁၀၊ ၂၀၁၂ ကြားဖြတ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့မှာ ခရိုင်ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်ဖွား ဦးလှသိန်းဟာ ခုခါ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး ဇနီး၊ သား ၂ ယောက်တို့နဲ့ မိတ္ထီလာမြို့မှာ နေထိုင်ပါတယ်။ ဦးလှသိန်းကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

အန်ကယ့်ကို အန်အယ်လ်ဒီက ဘယ်ပုံဘယ်နည်းဆက်သွယ်ပြီးတော့ ဒီတာဝန်ပေးလာ တာလဲခင်ဗျ။
“အဲ့ဒါတော့ ကျနော် မသိဘူးခင်ဗျ။ ဒါပေမယ့် ကျနော် ဘယ်ပါတီမှ ၀င်မထားပါဘူး။”

ဘယ်သူက ဘယ်နေ့က ဆက်သွယ်လာတာလဲ၊
“ကျနော် ကွန်ဖန်းက ခုမှပဲ သိတာ။ ကြေညာမှပဲ ကွန်ဖန်းဖြစ်တာဆိုတော့ ကျနော်လည်း အခုမှ သိတာ။”

အန်ကယ့်ကို ကြိုတင်ပြီး အသိပေးတာမျိုး မရှိဘူးလား။
“အဲ့လို သီးသန့်ကြီးတော့ မရှိပါဘူး။ ကျနော် တာဝန်ထမ်းဆောင်မယ် ဆိုတာတော့ ပြောဖူး တယ်လေ။ တာဝန်ထမ်းဆောင်နေဆဲဆိုတာတော့ ပြောဖူးပါတယ်။ ကျန်တာတော့ ကျနော် မသိပါဘူး။ တာဝန်ပေးရင်တော့ လုပ်ဖို့ ကော်မရှင်မှာတော့ ပြောထားတာပေါ့နော်။”

အန်အယ်လ်ဒီက ကမ်းလှမ်းပြီးတော့ ခန့်တာလား၊ ဘယ်လိုမျိုးလဲ။
“အဲ့ဒီလို သီးသန့် မရှိပါဘူးခင်ဗျ။

မကမ်းလှမ်းဘူးပေါ့။
“ဟုတ်ကဲ့ပါ။”

အန်ကယ့် ကိုယ်ရေးအကျဉ်းလေးပြောပြပါ။
“ကျနော်က ၁၉၄၈ ဖွား၊ အငြိမ်းစားပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်က၊ ၂၀၀၈ က ပင်စင်ယူတယ်။ မိတ္ထီလာမှာပဲ ဆက်နေပြီးတော့ မိတ္ထီလာခရိုင်ကော်မရှင်ဥက္ကဋ္ဌတာဝန်ကို ၂၀၁၀ ကတည်းက လုပ်လာတာပေါ့လေ။ ၂၀၁၂ ကြားဖြတ်နဲ့ အခု ၁၅ ပေါ့၊ ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့တာ၊ လက်ရှိလဲ ခုထိပေါ့နော်။”

အန်အယ့်ကို ဘာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနေရာ ပေးတယ်လို့ ထင်လဲခင်ဗျ။
“သူတို့ နောက်ကြောင်းတော့ စဉ်းစားဦးမှာပဲလေ၊ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခချုပ်ဘ၀အထိ၊ အပြစ်တွေ ရှိလား၊ လုပ်ရည်ကိုင်ရည် ကောင်းလား၊ အကျင့်စာရိတ္တကောင်းလား၊ သစ္စာရှိလား၊ စေတနာ ရှိလား၊ အလုပ်ကြိုးစားလား၊ ဒါတွေ လေ့လာမယ် ထင်တာပါပဲ၊ လူတယောက်ကို ရမ်းတော့ မပေးဘူးပေါ့လေ။”

အဲ့ဒီနေရာက အလွန် တာဝန်ကြီးသလို ဂုဏ်ယူစရာလည်း ကောင်းတဲ့ နေရာမျိုးပါ။ အန်ကယ် လုပ်နိုင်မယ်လို့ ထင်လား။
“ကျနော် တခွန်းတည်းပဲ ပြောမယ်၊ အဲ့ဒါလေးတော့ အလေးအနက် ထားလိုက်ပါ၊ ပြောချင်တာက ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တထပ်တည်းဖြစ်အောင် ကျနော် လုပ်မှာပါ။”

နောက်တခုက ၂၀၁၅ ရွေးကောက်ပွဲတုန်းက မိတ္ထီလာခရိုင်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တချို့ ထူးထူးခြားခြား အနိုင်ရခဲ့တယ်။ အဲ့ဒီခရိုင်ကို ကိုင်ခဲ့တဲ့ အန်ကယ့်ကို အခုလို ရွေးလိုက်တာရော ထူးဆန်းမနေဘူးလား။
“သာမန်ကြည့်ရင်တော့ ထူးဆန်းပါတယ်၊ ရိုးရိုးရှင်းရှင်း တွေးမယ်ဆိုရင်တော့လည်း ခင်ဗျားပြောသလို ထူးဆန်းတဲ့ အဆင့်ထဲ ပါတာပေါ့လေ။ ဒါပေမယ့် ကျနော့် မိတ္ထီလာခရိုင်မှာ ၄ မြို့နယ်ပါတယ်၊ အတူတူပဲ။ အန်အယ်လ်ဒီက ၂ မြို့နယ် နိုင်တယ်၊ ကြံ့ခိုင်ရေး ၂ မြို့နယ်နိုင်တယ်၊ ၅၀-၅၀ ပဲ။”

နောက်တခုက အန်အယ်လ်ဒီက ၂၀၁၂ မှာ မိတ္ထီလာက ရွေးခံခဲ့ရဖူးတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်နဲ့ အန်ကယ်နဲ့ သိလား၊ သူက အန်ကယ့်အကြောင်း သိလား။
“ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းကတော့ ကျနော့်အကြောင်း မသိဘဲ နေလို့ မရဘူးလေ။ ကြံ့ခိုင်ရေးကလည်း သိတာပဲ၊ ကြံ့ခိုင်ရေးကတောင် ပိုသိဦးမယ်။ ဦးဝင်းထိန် ရောက်မလာခင်ကတည်းက ကျနော်ပါချုပ်ဘ၀ ဌာနအကြီးအကဲအနေနဲ့ ကြံ့ခိုင်ရေးက လူတွေနဲ့ သိနေတာပဲလေ၊ ဦးဝင်းထိန်ထက်စာရင် ကြံ့ခိုင်ရေးကလူတွေနဲ့ ကျနော် ပိုသိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က အန်အယ့်ကို ဒီလောက်ကြီးမားတဲ့ တာဝန်ပေးခဲ့တဲ့အပေါ်ရော ဘာပြောချင်သလဲခင်ဗျ။
“ကျနော့်ရဲ့ ကိုယ်ရေးရာဇ၀င်တွေ လုပ်ရည်ကိုင်ရည်တွေကြည့်ပြီး ပေးတာဖြစ်တဲ့အတွက် သင့်တော်လို့ ပေးတယ်လို့ပဲ ကျနော် ယူဆတယ်၊ မသင့်တော်ဘဲနဲ့တော့ ကျနော်လည်း မပေးရဲဘူး၊ ခင်ဗျားလည်း ပေးရဲမှာ မဟုတ်ဘူး။”

အန်ကယ့်ကို အခု ရွေးထားတယ်ဆိုတော့ နေပြည်တော် သွားရမှာပေါ့၊ ဘယ်လို သိထားလဲ။
“ခုချိန်ထိတော့ ကျနော့်ကို တရားဝင် အကြောင်းမကြားသေးဘူး၊ ဘယ်ကမှ အကြောင်းမကြားသေးဘူး။ ဒါပေမယ့် အက်စ်ဘီကတော့ ကျနော့်ကို လှမ်းပြီး သတင်းယူနေပါတယ်။”

အန်ကယ်နဲ့အတူပါလာတဲ့ အဖွဲ့ဝင် ၄ ယောက်ကိုရော အန်ကယ်သိလား။
“ခု ကြေညာတာတော့ ကျနော် မှတ်ထားလိုက်တယ်၊ နာမည်ပဲ သိတယ်၊ လူချင်း တယောက်ချင်း ကျနော် မရင်းနှီးပါဘူး။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ရွေးချယ်လျာထားခံရသူ ဦးလှသိန်းဟာ ဘူမိဗေဒဘာသာနဲ့ ဒေါက်တာဘွဲ့ရထားသူတဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013