DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်မည်- ဒေါက်တာဇော်မြင့်မောင်
DVB
·
March 25, 2016
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်မည်- ဒေါက်တာဇော်မြင့်မောင်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင်၊ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ဖြေကြားရာမှာ - သူက

၁) သူ့အနေနဲ့ မန္တလေးတိုင်း ၀န်ကြီးချုပ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်။

၂) ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအ၀င် တိုင်းနဲ့ပြည်နယ် ၁၄ ခုက ၀န်ကြီးချုပ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ခန့်အပ်မယ်၊

၃) ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြံရေးကောင်စီ အဖွဲ့ဝင် ဖြစ်ခွင့်ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူမယ်ဆိုတာ အတည်ပြုနိုင်တယ်။

၎) ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၀န်ကြီးရာထူးလက်ခံလို့ ပါတီလုပ်ငန်းမလုပ်ရပေမယ့် ပါတီခေါင်းဆောင်ဖြစ်တယ်လို့ ဖြေပါတယ်။

“ကျနော် ၀န်ကြီးချုပ်ဖြစ်မယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ။ ဒါကတော့ ဗဟိုကနေ ရွေးလိုက်ရင်တော့။ ခုလောလောဆယ်ထိကတော့ ဒီက အမည်မတင်သွင်းသေးဘူးပေါ့။ ကျနော်တို့မူကိုက National Reconcialation ဗဟိုမှာ ဖွဲ့တာပါနော်။ အဲဒီတော့ တိုင်းဒေသကြီးမှာ တချို့နေရာတွေမှာ ပါချင်ပါမယ်၊ တိုင်းဒေသကြီးတိုင်း တခြားပါတီက ပါမယ်ဆိုတာ ကျနော်တို့ယူဆလို့မရဘူးပေါ့။ ဆိုပါစို့ဆိုလို့ရှိရင် ရခိုင်မှာ၊ ရှမ်းပြည်နယ်မှာ ကျနော်တို့က လွှတ်တော်မှာ အများစုမနိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ဗဟိုမှာ ကျနော်တို့က မဲအပြတ်အသတ်နိုင်ထားတဲ့အတွက် သမ္မတက ၀န်ကြီးချုပ်ကို ခန့်တဲ့အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေပဲ ဖြစ်ပါမယ်။ အဲဒီတော့ တိုင်းဝန်ကြီးတွေကတော့ ဘာပဲပြောပြော ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပေါ်မှာ မူတည်ပြီးတော့ တခြားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေပါမှာပေါ့နော်။ ဒါကတော့ အခြေအနေပေါ်မှာ မူတည်ပြီးတော့မှပဲ ဖွဲ့မှာဖြစ်တဲ့အတွက် ဘယ်နေရာမှာ ဘယ်သူတွေ ပါမယ်ဆိုတာ ကျနော်ပြောလို့မရဘူး။

(ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးဌာန ၄ ခုကို ကိုင်တွယ်မယ်ဆိုပြီးတော့ ကောလာဟလတွေထွက်နေတယ်၊ အဲဒါကရော ဖြစ်နိုင်လား မေးခွန်းနဲ့ပတ်သက်လို့) “ကျနော့်ကိုမေးပါတယ်။ ကျနော့်လောလောဆယ်အဖြေကတော့ အသွင်ကူးပြောင်းရေးကာလမှာ ကျနော်ပြောရေးဆိုခွင့်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကျနော် ဒါကို Confirm (အတည်ပြု) မလုပ်ပါဘူး။ အဲဒီတော့ ၀န်ကြီးဌာန ၂၁ ခုရှိတဲ့အတွက် ၀န်ကြီးအရေအတွက် ၁၈ ဦးဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဘယ်နေရာကိုင်မယ်၊ ဘယ်နေရာကိုင်မယ်ဆိုပြီးတော့မှ ဖေ့စ်ဘွတ်ခ်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ကျနော်ကတော့ဒါကို Confirm (အတည်ပြု) မလုပ်နိုင်ပါဘူးနော်၊ ဒါကို အတည်မပြုနိုင်ပါဘူး။ ပြန်ပဲစဉ်းစားကြည့်ပေါ့ဗျာ ဒေါ်အောင်ဆန်းစုကြည် Cabinet (၀န်ကြီးအဖွဲ့) မှာ ပါမယ်ဆိုတာ သေခြာသွားပြီ။ အဲဒီတော့ Cabinet ကိုပါရင် ဘယ်နေရာပါမလဲ၊ ဟုတ်တယ်မလား။ ကျနော်တို့နိုင်ငံမှာ Cabinet နဲ့အတူ အရေးကြီးတဲ့ဟာရှိတယ်လေ။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး (ကောင်စီ)။ အဲဒီတော့ အဲဒီမှာပါဖို့က ဘယ်နေရာယူရင် ပါမှာလဲ။ ဒါက သတင်းသမားတွေသိပြီးသားပါ၊ အဲဒီတော့ စဉ်းစားကြည့်လိုက်လေ။ အဲဒီနေရာကတော့ဖြစ်မှာပေါ့။ ကျန်တာတွေကတော့ ကျနော် Confirm လုပ်လို့မရဘူး။ မနက်ဖြန်ဆိုရင် ကျနော်ထင်ပါတယ် ၀န်ကြီးအတည်ပြုပါလိမ့်မယ်။ နောက် ဟိုဟာဖြစ်ပြီးလို့ရှိရင် ဘယ်သူက ဘယ်ဌာနကိုင်မယ်ဆိုတာ ပေါ်မှာပါ။ ဒါကတော့ ပြည်ထောင်စုမှာသွားတဲ့ လွှတ်တော်တွင်း အာဂျင်တာအတိုင်းသွားမှာပေါ့။

(၀န်ကြီးအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ပါသွားတော့ ပါတီဥက္ကဋ္ဌနေရာမှာ ပါတီကို ထိန်းချုပ်ဖို့ဘယ်လိုစီစဉ်သလဲ မေးခွန်းကို) “ပုဒ်မ ၂၃၂ ညမှာ ဘာပါလဲဆိုတော့ ပြည်ထောင်စု အဆင့်ဝန်ကြီးတဦးသည် အစိုးရ၀န်ထမ်းဖြစ်ခဲ့လို့ရှိရင် ၀န်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဟု မှတ်ယူရမည်” ဆိုပြီးတော့ ဒီအတိုင်းပဲရေးတယ်။ အဲဒီတော့ ဋ မှာကျတော့ ပြည်ထောင်စု ၀န်ကြီးသည် နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်ဖြစ်လို့ရှိရင် ပါတီ၏လုပ်ငန်းများကို ပါဝင်ဆောင် ရွက်ခြင်းမပြုရပဲပြောတာ၊ နုတ်ထွက်ခြင်းမပြုရဆိုတာ မပါပါဘူး။ ဆိုလိုက်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင် ၊ ခေါင်းဆောင်ပါပဲ။ ပါတီရဲ့လုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမပြုတာပဲရှိမယ်။ ရှေ့သွားလည်းရှိခဲ့ပြီးပြီ၊ ဦးသိန်းစိန် (သမ္မတ) တုန်းကလည်း အဲလိုပဲ။ ကျနော်တို့ လွှတ်တော်မှာ တရားဝင်မေးတယ်၊ ဒီအတိုင်းပဲဖြေပါတယ်။ ပါတီလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြု။ ပါတီလုပ်ငန်းတွေကိုတော့ ကျနော်တို့ အတွင်းရေးမှူးအဖွဲ့ဝင်တွေရှိပါတယ်။ အတွင်းရေးမှူးအဖွဲ့ဝင်တွေရှိပါတယ်။ နောက်ပြီးကျ ကျနော်တို့ ကိုယ်စားလှယ်များကို တိုင်ကြားနိုင်တဲ့ အဖွဲ့ဆိုတာလည်း ရှိလာပြီ။ နောက်ထပ် ကော်မတီတချို့လည်း ချန်ထားခဲ့ပါတယ်။ ဘာပဲပြောပြော ပါတီကိုတော့ ဒီအဖွဲ့ဝင်တွေ၊ စီအီးစီက ရှိနေသေးတယ်။ စီအီးစီနဲ့ အတွင်းရေးမှူးအဖွဲ့၊ အားလုံးကို ကျနော်တို့ အန်အယ်လ်ဒီပါတီ ၅ နှစ်အတွင်းမှာ ဒီလိုပဲဆက်လက်ဆောင်ရွက်သွားမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လုပ်ငန်းကိုသာ ဆောင်ရွက်ခွင့်မရှိတာပေါ့။ ဟုတ်ပြီနော်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013