DVB Logo
Home
Lead Story
သေးငယ်သောအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်
DVB
·
March 25, 2016
သေးငယ်သောအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်
Donate to DVB

မတ်လ ၂၂ ရက် နေ့ကကျင်းသည့် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က လာမည့် ၅ နှစ်သက်တမ်းတာဝန် ထမ်းဆောင် ကြမည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးလောင်း ၁၈ ဦး၏ အမည်စာရင်းကို တင်သွင်း လိုက်ပြီဖြစ်ပါသည်။

လျာထားသတ်မှတ်ထားသော ပြည်ထောင်စုဝန်ကြီးဌာနဦးရေ မှာ ၂၁ ဌာန ရှိပြီး ဝန်ကြီးဦးရေမှာ ၁၈ သာရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲက ဝန်ကြီးဌာန (၄) ခုတာဝန် ယူမည်လော သို့တည်းမဟုတ် နောင်သင့်တော်သည့် ပုဂ္ဂိုလ်တွေ့ရှိသည့်အခါမှ လွှတ်တော်သို့ထပ်မံတင်သွင်းမည်လား ဆိုသည်ကိုသဲသဲကွဲကွဲ မသိရသေးပါချေ။

အကယ်၍ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးထဲနှင့် ဝန်ကြီးဌာန ၂၁ ခုကို ဦးဆောင်မည်ဆိုပါက ယခုအစိုးရသစ်သည် အစိုးရ ဟောင်းတွင်ရှိခဲ့သည့် ဝန်ကြီး ၃၆ ဦး၏ ၅၀ ရာခိုင်နှုန်း ကို လျှော့ချလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဝန်ကြီးတဦးစီကို ပြည်သူ့ဘဏ္ဍာမှထောက်ပံ့ရငွေ ထက်ဝက်လျှော့ချလိုက်ခြင်းဖြစ်သဖြင့် တလလျှင် သိန်းပေါင်း ၅၄၀၊ တနှစ်လျှင် သိန်းပေါင်း ၆၄၈၀ သက်သာသွားမည်ဖြစ်ပါသည်။ ဤသည်မှာ၎င်းတို့၏ လစာသက်သက်ကိုသာတွက်ထားခြင်းဖြစ်ပြီး အခြားအခြား သော ခံစားခွင့်များမပါသေးချေ။

လောလောဆယ်အမည်စာရင်းတင်သွင်းထားသူများတွင် NLD ပါတီမှ ၆ ဦး၊ အရပ်သားပညာရှင် ၆ ဦး၊ တပ်မတော်သား ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ ၁ ဦး၊ မွန်အမျိုးသားပါတီမှ ၁ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီထွက် ၁ ဦးတို့ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူမည်ဟု မှန်းဆရသောဝန်ကြီးဌာနများမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနများ ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးသည် အခြေခံဥပဒေပုဒ်မ ၂၀၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတကတင်ပြသည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခုနှင့် ချက်ခြင်းသံတမန် အဆက်အသွယ် ဖြတ်တောက်ရန် လိုအပ်သည့်အခါဆွေးနွေးခြင်း၊ နိုင်ငံတော်အားကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် စစ်ရေးအရလိုအပ်သလိုဆောင် ရွက်ခြင်း စသည့်ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးခွင့်ရမည် ဖြစ်သည်။ ထိုအဖွဲ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်အစုအဖွဲ့မှ တင်မြှောက်ထားသော ဒုတိယသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့လည်းပါဝင်ပေ လိမ့်မည်။ ကာလုံဟုခေါ်တွင်သော ထိုအဖွဲ့တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် အခြေခံဥပဒေတွင် ပြဌာန်းမထားသည့်အတွက် ၎င်းတို့ကဆန္ဒမရှိမရှိလျှင် အဆိုပါကိစ္စရပ်များကို ဆွေးနွေးခြင်း မပြုနိုင်ဟု ငြင်းပယ်နှိုင်သော်လည်း ၎င်းတို့ကဆန္ဒရှိလျှင်မူ ထိုကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီ ပါတီက ကြေညာထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲများပြုလုပ်ရန် အကောင်းဆုံး စတင်ရာနေရာဖြစ်လာနိုင်ပေသည်။

ထိုသို့သောအကြောင်းအပြင် နိုင်ငံခြားတိုင်းပြည်များနှင့်ဆက်ဆံရသည့် အဆိုပါ တာဝန်မှာ ဆက်ဆံရေးတွင် အဓိကလက်နက်ဖြစ်သည့် ဘာသာစကားကျွမ်းကျင်မှုလိုအပ်သောကြောင့်၎င်း၊ အစိုးရအဖွဲ့ကို ကောင်းစွာကိုယ်စားပြုပြောဆိုနိုင်ရန် ၎င်းလိုအပ်ချက်ကြောင့်၎င်း၊ တရားဝင်သမ္မတ မဖြစ်နိုင်သော ဒေါ်အောင်ဆန်းစုကြည်အတွက် အသင့်တော်ဆုံးတာဝန်တရပ်လည်း ဖြစ်ပေသည်။

ပညာရေးဝန်ကြီးတာဝန်ကိုမူ ဒေါ်အောင်ဆန်းစုကြည်က လွန်စွာစိတ်ဝင်စားသည့် အတွက်ကြောင့် တာဝန်ယူခြင်းဖြစ်နိုင်ပေသည်။ ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်းက ပြဌာန်းခဲ့သော အမျိုးသားပညာရေးဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်များ တက်တက်ကြွကြွဝိုင်းဝန်းကြိုးပမ်းခဲ့သော ဥပဒေဖြစ်ပြီး အဆိုပါဥပဒေ အရ လက်တွေ့အကောင်အထည်ဖော်ပြခြင်းများကို ယခု ၅ နှစ်သက်တမ်းအတွင်း ဆက်လက် ဆောင်ရွက်ရန် စိတ်အားထက်သန်နေပုံ ရပါသည်။ ပညာရေးမှာ တမျိုးသားလုံး၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ဖွံ့ဖြိုးတိုးတက်စေရေးတွင် အခြေခံအုတ်မြစ်ဖြစ်ရာ ရေရှည်အာရုံစိုက် ဦးစားပေးရမည့်နေရာဖြစ်သည်။ သို့ သော်ပြီးခဲ့သည့် လွှတ်တော်ကာလက ပြဌာန်းခဲ့သည့် အဆိုပါဥပဒေကို မကျေမနပ်ဖြင့်ဆန္ဒပြကြသော ကျောင်းသားလှုပ် ရှားမှုရှိနေသည့်အတွက် သတိကြီးစွာအာရုံစိုက်ကိုင်တွယ်ရမည့် ဌာနတခု ဖြစ်လေရာ တခြားသောဝန်ကြီးတစ်ပါးပါး ကိုင်တွယ်သည်ထက် ဒေါ်အောင်ဆန်းစုကြည် ကိုင်တွင်ခြင်းက ပိုမိုအဆင်ပြေချောမွေ့နိုင်စရာ အကြောင်းရှိပေသည်။

ထို့နည်းတူ လျှပ်စစ်စွမ်းအားမလုံလောက်မှုမှာ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအတွက် အဓိကပြဿနာဖြစ်နေသည်။ လျှပ်စစ်စွမ်းအားကို ရေရှည်ဈေးချိုချိုနှင့် အများအပြား ရရှိနိုင်သည့် မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ရေးကိစ္စမှာ ပြည်တွင်းတွင် ပြည်သူများ၏ ဆန့်ကျင်မှုကိုခံထားရသလို တဖက်သတ်ဖျက်သိမ်းပစ်မည်ဆိုပါကလည်း အိမ်နီးချင်း တရုပ်ပြည်နှင့် ဆက်ဆံရေးဆိုးရွားသွားနိုင်ချေရှိပြီး ထိုမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုပါ ထိခိုက်လာနိုင်ဘွယ်ရာအကြောင်းများရှိနေသဖြင့် လွန်စွာသတိထား ကိုင်တွယ်ရမည့် ဝန်ကြီးဌာနဖြစ်လေသည်။

ယခင်ဦးသိန်းစိန်လက်ထက်က သမ္မတရုံးဝန်ကြီးဌာန (၆) ခုကို ယခုအစိုးရလက်ထက်တွင် (၁) ခုတည်းသာထားတော့မည်ကြောင်း အသိပေးကြေညာလိုက်ခြင်းက အစိုးရသစ်၏ ဖြုန်းတီးမှု ဆန့်ကျင်ရေးလုပ်ငန်းအတွက် အသိသာအထင်ရှားဆုံးနှင့် ပြည်သူလူထုက ကောင်းချီးသြဘာပေးမှု အခံရဆုံးပြယုဂ်ဖြစ်ပေလိမ့်မည်။

ယခင်အစိုးရလက်ထက်က အဆိုပါသမ္မတရုံးဝန်ကြီးများမှာ ထိုသမ္မတရုံးဝန်ကြီးတာဝန်ကို ဝန်ကြီးဌာနများကို ခွဲဝေတာဝန်ယူကြရသည်ဟု သိရှိရသည်။ သမ္မတသစ် ဦးထင်ကျော် လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ဝန်ကြီးဌာနကိုတာဝန်ယူလျက် ကျန်သော ဝန်ကြီးဌာနများကို တာဝန်ယူဦးဆောင်သွားမည့်ပုံပေါ်ပါသည်။ ထိုနေရာသည် သမ္မတနှင့်လည်း အနီးကပ်ရုံးထိုင်ရမည့် နေရာဖြစ်ကာ သမ္မတနှင့် အမြဲမပြတ်ထိတွေ့တိုင်ပင်နိုင်သလို အခြား အစိုးရအဖွဲ့ ဝန် ဝန်ကြီးများကိုလည်း လမ်းညွှန်ခြင်း၊ ကြပ်မတ်ခြင်း၊ ထိန်းကျောင်းခြင်းတို့ကို ပြုလုပ်နိုင်ပေလိမ့်မည်။

ထိုသို့ အုပ်ချုပ်ရေးတာဝန်ဖြစ်သည့် ပြည်ထောင်စုဝန်ကြီးတာဝန်ကို လက်ခံလိုက်ခြင်း အားဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ နှုတ်ထွက်ရမည်ဖြစ်သလို ပါတီ၏ လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်ခွင့်ရတော့မည် မဟုတ်ပေ။ သို့ဖြစ်လေရာ လာမည့် ၅ နှစ်တာကာလအတွင်း ပါတီ၏ လှုပ်ရှားမှုများနှင့် ကင်းကွာနေမည် ဖြစ်သည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီနှင့် မတူသည့် အချက်ကား အန်အယ်လ်ဒီပါတီတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဥက္ကဋ္ဌနေရာနှင့် သြဇာအာဏာကို စိန်ခေါ်လုယက်လာမည့် အခြေအနေ မရှိသည့်အတွက်၊ ပါတီိလှုပ်ရှားမှုများကို မိမိသြဇာ ညောင်းသူများနှင့် စိတ်ချလက်ချ လွှဲအပ်ထားနိုင်မည့်အပြင် မိမိ၏ ဆန္ဒသဘောထားများဖြင့် ထိုပုဂ္ဂိုလ်တို့မှတဆင့် ပါတီကို ဆက်လက် ဦးဆောင်မှုပေးနေနိုင် လိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

နိုင်ငံရေးသမားတဦး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013