DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီနှင့် အန်အယ်လ်ဒီ လာမည့် သီတင်းပတ် ဆွေးနွေးမည်
DVB
·
March 25, 2016
ရခိုင်အမျိုးသားပါတီနှင့် အန်အယ်လ်ဒီ လာမည့် သီတင်းပတ် ဆွေးနွေးမည်
Donate to DVB

ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းမှု အပါအ၀င် ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေ လာမယ့်သီတင်းပတ်မှာ ဆွေးနွေးကြဖို့ မတ်လ ၂၄ ရက်နေ့က နှစ်ဘက် အစပျိုး သဘောတူချက် ရရှိကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်အမျိုးသားပါတီရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ် ၂၂ ဦး မတ်လ ၂၄ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာခန်းမမှာ တွေ့ဆုံခဲ့ရာ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်တွေထဲမှာ ပါတီက ဗဟိုအလုပ်အမှုဆောင်အဆင့် ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က “ကျနော်တို့က ဖွဲ့စည်းပုံအရ လုပ်တဲ့အခါမှာ ၀န်ကြီးချုပ် ဘယ်သူဖြစ်မယ်ဆိုတာလည်း ပြောထားပြီးပြီ။ အဲဒီနောက်အဖွဲ့မှာ လာမယ့်အစိုးရအဖွဲ့မှာ အေအန်ပီကလည်း ပါမယ်၊ တခြားပညာရှင်တွေလည်း ပါမယ်။ အန်အယ်လ်ဒီပဲ မဟုတ်ဘူးဆိုတဲ့ အကြောင်းကတော့ ရှင်းရှင်းလင်းလင်း  ပြောခဲ့ပြီးသွားပြီ” လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင်က “သူတို့က အန်အယ်လ်ဒီက အစိုးရလည်း မဖြစ်သေးဘူး။ အစိုးရမဖြစ်သေးတဲ့အတွက်ကြောင့် တချို့ကိစ္စတွေကလည်း ဘာမှ ဆောင်ရွက်နိုင်တဲ့ အနေအထား မရှိသေးဘူးဆိုတဲ့အကြောင်း ပြောပြတယ်။ ရေရှည်မှာ ဘာပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးပါတယ်" လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အသေးစိတ်ဖြေဆိုရာမှာ ပါတီတခုစီက ကိုယ်စားလှယ်သုံးဦးစီ လာမယ့်သီတင်းပတ်မှာ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်၊ ဦးထွန်းအောင်ကျော်နဲ့ ဦးသာထွန်းလှတို့ကို ရွေးချယ်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က မကြာခင် စာရင်းထွက်မှာ ဖြစ်ပါတယ်။

သူက “နိုင်ငံတော်မှာ တည်ဆောက်ဖို့အတွက် ရခိုင်ပြည်နယ်တဘက်တည်းကပေါ့လေ၊ ဒီလိုမျိုး ဖြစ်နေတယ်ဆိုရင် ဒီမိုကရေစီသွားတဲ့ လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တယ်။ အဲဒီအတွက်ကြောင့် အန်တီတို့ ရခိုင်တွေနဲ့ တူတူပေါ့နော်၊ ပူးပေါင်းပြီးတော့ ပါဝင်ပြီးတော့ပေါ့နော် အတူတူလက်တွဲပြီးတော့၊ ယုံကြည်မှု တည်ဆောက်ပြီးတော့ လုပ်သွားချင်ပါတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်” လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်အများစု ရရှိထားတဲ့ပါတီ ဖြစ်တာကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရရှိပြီး အစိုးရ ဖွဲ့စည်းလိုကြောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ် ၃ ဦးကို ရွေးချယ်ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောအတွင်းမှာ တွေ့ဆုံမှုမဖြစ်သေးဘဲ ပြည်ထောင်စုအဆင့်မှာရော ပြည်နယ်အစိုးရ အဆင့်မှာပါ ရခိုင်အမျိုးသားပါတီက ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘဲ အတိုက်အခံ လုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ လွန်ခဲ့တဲ့ လပိုင်းကာလတွေအတွင်း တည်ရှိနေတဲ့ အကြိတ်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

ဒေါ်ခင်စောဝေက “နောက်တခါ အန်တီတို့ကို အရင်တုန်းကပေါ့လေ ၁၉၉၀ တုန်းက ဦးအေးသာအောင်တို့နဲ့ လက်တွဲလုပ်လာတဲ့ အကြောင်းတွေကို ပြောပါတယ်။ ဒါကြောင့် အန်တီတို့ကလည်း ပြောလိုက်ပါတယ်၊ နောက်လာတဲ့ တိုင်းရင်းသားတွေ ရင်ထဲမှာလည်း ခံစားချက်တွေ ရှိကြပါတယ်လို့။ ဘာလို့လဲဆို ဦးအေးသာအောင်တို့ကိုချည်းပဲ ပြောတယ်၊ အန်တီတို့ တိုင်းရင်းသားတွေကိုလည်း မပစ်ပယ်ပါနဲ့ဆိုတော့ သူက ‘ပစ်ထားတာမဟုတ်ပါဘူး၊ အကုန်လုံးကို၊ ဒါပေမယ့် သူတို့ကို အရင်ဆုံးကတော့ ဦးအေးသာအောင်တို့နဲ့ သူတို့ ပူးပေါင်းပြီး လုပ်လာတဲ့အတွက်ပေါ့နော် ပိုပြီးတော့ ရင်းနှီးတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ အဓိက ကတော့ အန်တီတို့ ရခိုင်ပြည်နယ်က ဒီတွေ့ဆုံမှုကိုပဲ အဓိကထားပြီး ပြောသွားပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့၊ အန်တီတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့” လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့မှာ ၀န်ကြီး ၆ ဦးကို ပါတီက တာဝန်ပေးပြီး ပြည်ခိုင်ဖြိုးပါတီက ၂ ဦး၊ တတ်သိပညာရှင် ၆ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တိုင်းရင်းသားတဦးကို ခန့်ခဲ့ပါတယ်။

မတ်လ ၂၄ ရက်က ဆွေးနွေးရာမှာ အကြမ်းဖျဉ်းအားဖြင့် ပြည်နယ်အစိုးရ ဖွဲ့စည်းပုံကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့တယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

“အန်တီတို့ဘက်မှာ အစိုးရတွေ ခန့်ရင်လည်း သူတို့ရဲ့ပါတီ တခုတည်းက မဟုတ်ဘဲ အန်တီတို့ရဲ့ အေအန်ပီပါတီကလည်း ပါမယ်။ နောက်တခါ အပြင်က အတတ်ပညာရှင်၊ အသိပညာရှင်တွေကို ထည့်ပြီးတော့မှ လုပ်မယ်လို့လည်း ပြောသွားပါတယ်။ နောက်တခါ ၀န်ကြီးချုပ်တွေလုပ်တယ် ဆိုရင်လည်း သူတို့ကပေါ့လေ ဒီဝန်ကြီးချုပ်ကလည်း ကိုယ့်ရဲ့ သီးသန့်လုပ်ဆောင်ဖို့တော့ မရဘူးပေါ့နော်၊ ဗဟိုက အစိုးရနဲ့ ညှိနှိုင်းပြီးတော့မှ သူတို့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောသွားပါတယ်” လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက ၀န်ကြီးအဖွဲ့မှာ တာဝန်မယူဘူးဆိုပြီး ထုတ်ပြန်ထားချက်နဲ့ ပတ်သက်လို့ ဒေါ်ခင်စောဝေက “အန်တီတို့ ၁/၂၀၁၆ ပထမအချက်မှာ ပြောထားပါတယ်။ ဘယ်လိုပြောထားသလဲဆိုတော့ အန်အယ်လ်ဒီပါတီကသာ အန်တီတို့ကို ဆွေးနွေးပေးမယ်ဆိုရင်၊ ညှိနှိုင်းမယ်ဆိုရင် အန်တီတို့ ယူဖို့ဆိုပြီးတော့ အဲဒီမှာကို ပြောထားပြီးသားပါ။ အဲဒီအတွက်ကြောင့် အခု သူတို့ ဆွေးနွေးမယ်ဆိုရင် အန်တီတို့ရဲ့ ကြေညာချက်ဟာလည်း တမျိုးတမည် ပြောင်းနိုင်ပါတယ်။ နောက်အပတ်လောက်ကို ဆွေးနွေးဖို့ သူတို့ ရက်သတ်မှတ်ထားပါတယ်” လို့ ပြောပါတယ်။

မတ်လ ၂၃ ရက်နေ့တုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်တိုင်းရင်းသားပါတီကို ပေးဖို့ လူရာပေါင်းများစွာ စီတန်းလှည့်လှည် ဆန္ဒပြခဲ့ကြအပြီး ဒီဆွေးနွေးပွဲ ဖြစ်ခဲ့တာပါ။

ဒီဆွေးနွေးပွဲ ဖြစ်မြောက်မှုအပေါ် ကျေနပ်နှစ်သက်တယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

“ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆို အခု ဒီ နိုင်ငံတော်တည်ဆောက်ရေးမှာဆိုရင် ဒါဟာ အင်မတန်မှ ကောင်းပါတယ်။ အန်တီတို့ ရခိုင်မှာ ဖြစ်ပျက်နေတဲ့ လိုလားချက်တွေကို ဒီလိုမျိုး တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ပြည်သူတွေကလည်း ပိုပြီး ကျေနပ်လိမ့်မယ်။ အန်တီတို့ပါတီကလည်း ကျေနပ်မှုရှိပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013