DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးဌာန ၄ ခု ကိုင်မည့်အပေါ် အမျိုးမျိုးဝေဖန်
DVB
·
March 25, 2016
ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးဌာန ၄ ခု ကိုင်မည့်အပေါ် အမျိုးမျိုးဝေဖန်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် ၀န်ကြီးဌာန ၄ ခုကို တပြိုင်တည်း တာဝန်ယူမယ်ဆိုပြီး သတင်းတွေ ထွက်နေတဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံရေးပါတီတွေအကြား အမျိုးမျိုး ဝေဖန်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် လာမယ့်အစိုးရသစ် လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ၄ ခုလုံးကို တပြိုင်တည်း ထမ်းဆောင်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒါနဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက “လျှပ်စစ်နဲ့စွမ်းအင်က ကျနော်တို့ မြစ်ဆုံစီမံကိန်းလို တရုတ်နဲ့ ဆက်ဆံရေးနဲ့ အများကြီး ပတ်သက်နေနိုင်တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုင်လိုက်တာလည်း ဒီအကြောင်းအချက်လည်း ပါနိုင်တယ်။ အခြား အကြောင်းအချက်တွေလည်း ရှိပါတယ်။ ဆိုတော့ ပညာရေးကလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထားတဲ့ နယ်ပယ်တခု ဖြစ်တယ်ပေါ့နော်။ ဒါ မြန်မာပြည်ရဲ့ အဓိက ပြဿနာကြီး ၂ ခုဖြစ်တယ်လို့ ဖော်ပြလိုက်တာပဲလို့ ကျနော်ကတော့ အဲ့လိုပဲ အဓိပ္ပါယ်ကောက်ပါတယ်။ ခေါင်းဆောင်မှု အပိုင်းအားဖြင့် ဆိုရင်တော့ မပေးနိုင်စရာ အကြောင်းမရှိဘူးလို့ ကျနော်ထင်တယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တာဝန်ယူတာဟာ သင့်တော်သလို သမ္မတရုံးဝန်ကြီးဌာနကို တာဝန်ယူတာဟာလည်း သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ကိုက်ညီပေမယ့် ပညာရေးဝန်ကြီးဌာနဲ့၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှာ တခြားသင့်တော်သူနဲ့ ကျွမ်းကျင်သူတွေကိုသာ တာဝန်ပေးသင့်တယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က “သူ့သြဇာအာဏာကို သုံးပြီးတော့ မြန်မာနိုင်ငံ ကျောင်းသားတွေကို သူကိုင်တွယ်နိုင်မယ်လို့ ထင်လို့လား။ ဒါမှမဟုတ်လည်း ပညာရေးစနစ်ကြီး နိမ့်ကျနေတာကို သူ့လက်ထဲမှာ နိုင်ငံတကာ အဆင့်အတန်းမီဖို့ လုပ်ချင်လို့လား။ ဒါကတော့ တပိုင်းပေါ့။ သို့သော် ကျနော်ပြောချင်တဲ့ အပိုင်းက ဒီကျောင်းသားတွေက ၈၈ မှာ ပခုံးထမ်း တင်ပေးလိုက်လို့ သူဟာ ဒီကနေ့ နိုင်ငံတော်ရဲ့ အရေးအရာကို အဆုံးအဖြတ် ပေးခွင့်ရတဲ့ လူပုဂ္ဂိုလ် ဖြစ်လာတာ။ အဲ့လိုဖြစ်လာတဲ့ ပုဂ္ဂိုလ်က ဒီနေ့ ကျောင်းသားလူငယ်တွေရဲ့ ပြဿနာကို အရေးကြီးဆုံး ကိုင်တွယ်ရမယ့် အချိန်မှာ ပညာရေးကဏ္ဍကို ထဲထဲဝင်ဝင် လုပ်နိုင်ဖို့ရာ၊ သာမန်လမ်းညွှန်မှု ပေးရုံလောက်နဲ့ ပညာရေးဝန်ကြီးအဖြစ် သူဆောင်ရွက်မလား။ ကျနော့်အမြင်ကတော့ သူဟာ သမ္မတ၀န်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကတော့ သူဆောင်ရွက်နိုင်တယ်၊ ဆောင်ရွက်သင့်တယ်။ အခြေအနေလည်း ပေးတယ်။ ကျန်တဲ့ဟာ နေ့စဉ်ပြဿနာ ဖြေရှင်းရပြီးတော့ မပြီးပြတ်သေးတဲ့ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး ဆက်လက်အကောင်အထည်ဖော်ပေးရမယ့် တာဝန်ကြီးတွေအတွက်ကို လမ်းညွှန်ရုံလောက်နဲ့ ပညာရေးဝန်ကြီးအဖြစ် သူတာဝန်ယူ ဆောင်ရွက်မလား။ ကျနော့်အမြင်ကတော့ အဲ့ဒီမှာ အသက်လည်း အခုလို ၆၀ ကျော်တွေ မဖြစ်ဘဲနဲ့ ၄၀ နဲ့ ကြားထဲက ကျောင်းသားသမဂ္ဂ အတွေ့အကြုံ၊ ကျောင်းသားလှုပ်ရှားမှု အတွေ့အကြုံ ရှိတဲ့သူတွေကို ပညာရေးဝန်ကြီးပေးတာဟာ ပါမောက္ခတွေကို ပေးတာထက် ပိုကောင်းတယ်လို့ ကျနော် ယူဆတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိန်ခေါ်မှုနဲ့ အကျပ်တည်းများတဲ့ ၀န်ကြီးဌာန ၄ ခုကို တပြိုင်တည်း တာဝန်ယူတာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ သမိုင်းတွင်မယ့် စွမ်းဆောင်မှုဖြစ်ပေမယ့် လစ်ဟာမှုမရှိအောင် တာဝန်ထမ်းဆောင်နိုင်မလား ဆိုတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက် လက်ထက်မှာ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ၀န်ကြီးဌာန ၃၆ ခုနဲ့ ဌာနအများဆုံးဖြစ်ခဲ့ပြီးတော့ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ၂၁ ခုအထိ လျှော့ချပစ်လိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိအနေထားအရ အန်အယ်လ်ဒီအစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ ဦးထင်ကျော်နဲ့အတူ တိုက်ရိုက် ဦးဆောင်မှုပြုလုပ်မယ့် အနေအထားဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013