DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ညီလာခံ ချင်းမိုင်တွင် ပြုလုပ်
DVB
·
March 24, 2016
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ညီလာခံ ချင်းမိုင်တွင် ပြုလုပ်
Donate to DVB

အစိုးရ သစ်လက်ထက်မှာ ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ  ဒီနေ့စတင် ဆွေးနွေကြပါတယ်။

မတ်လ ၂၆ ရက်နေ့အထိ ကျင်းပမယ့် ဒီအစည်းအဝေးကို အန်စီအေ လက်မှတ်ထိုးတဲ့ ရျစ်ဖွဲ့အနက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်ကလွဲလို့ ကျန် ၇ ဖွဲ့က တက်ရောက်ပါတယ်။ ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်ဟာ လွန်ခဲ့တဲ့သီတင်း ပတ်က ကွယ်လွန်ခဲ့ပြီး ခေါင်းဆောင်သစ် တင်မြှောက်ခြင်းမရှိသေးပါဘူး။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက “ကျနော်တို့ ဒီနေ့ အဓိက ဆွေးနွေးဖြစ်တာကတော့ ဒီ ၈ ဖွဲ့ရဲ့ ညှိနှိုင်းရေးအဖွဲ့ အစီရင်ခံစာ နောက်တော့ ငြိမ်းချမ်းရေးဆွေးနွေးရေး ပူးတွဲကော်မတီတို့ သူတို့ရဲ့ လုပ်ငန်းအစီရင်ခံစာတွေတင်ပြတာကို ကျနော်တို့က ဆွေးနွေးကြတာပေါ့။ နောက် အစိုးရသစ်နဲ့ ကျနော်တို့ ရှေ့ဆက်ဆောင်ရွက်နိုင်တဲ့ ကိစ္စ၊ နောက် လက်မှတ်မရေးထိုးသေးတဲ့ ကျန်ရှိနေသေးတဲ့ ကျနော်တို့ ညီနောင်အဖွဲ့အစည်းတွေ ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့်ကိစ္စ အဲဒါကိုပဲ ကျနော်တို့ ဆွေးနွေး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အန်စီအေ သဘောတူစာချုပ်ကို အတည်ပြုနိုင်ပေမယ့် အဖွဲ့စုံပါဝင်ရေးမှာ သဘောမကိုက်ညီတာကြောင့် အဖွဲ့ပေါင်း ၂၀ ခန့်အနက် ၈ ဖွဲ့သာ လက်မှတ်ထိုး နိုင်ခဲ့ပါတယ်။

အပစ်ရပ်လက်မှတ်ထိုးနိုင်ပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်ပါတယ်။

အစိုးရသစ်အပြောင်းအလဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်အများစုအနိုင်ရရှိကာ အစိုးရဖွဲ့ဖို့ပြင်ဆင်နေပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးလုပ် ဆောင်မယ်လို့ ပြောထားသလို အရင်က မရှိခဲ့ဖူးတဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနတခုကို တိုး ချဲ့ခဲ့ပါတယ်။

အန်စီအေ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ ချင်းအမျိုးသားတပ်ဦး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီတို့ ၈ ဖွဲ့ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ဦးဆောင်မယ့် အစိုးရသစ်ဟာ ဧပြီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်လာမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ကြွေးကြော်ခဲ့တာကြောင့် တိုင်းရင်းသားအင်အားစုတွေ လိုလားချက်နဲ့အညီ ဆွေးနွေးပွဲတွေမှာ သမ္မတဦးသိန်းစိန်လက်ထက်ကထက် ညှိနှိုင်းရ လွယ်ကူနိုင်တယ်လို့ အကဲခတ်တွေက ယူဆနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို သူကိုယ်တိုင်ဦးဆောင်မယ်လို့ ထုတ်ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013