DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စတော့အိပ်ချိန်း မနက်ဖြန်စမည်
DVB
·
March 24, 2016
ရန်ကုန်စတော့အိပ်ချိန်း မနက်ဖြန်စမည်
Donate to DVB

ရန်ကုန်စတော့အိပ်ချိန်းရဲ့ ပထမဆုံး စာရင်းဝင်ကုမ္ပဏီဖြစ်တဲ့ First Myanmar Investment Co., Ltd (FMI) က မနက်ဖြန် မတ်လ ၂၅ ရက်နေ့မှာ ပြိုင်ဘက်မရှိ အစုရှယ်ယာရောင်းဝယ်မှု လုပ်ငန်းကို စတင်မှာဖြစ်ပါတယ်။

ရန်ကုန်စတော့အိပ်ချိန်းက မနက်ဖြန်စတင်မယ့် စတော့ရှယ်ယာ အခြေပြုနှုန်းထားကို ဒီကနေ့ကြေညာရာမှာ စတော့ရှယ်ယာတယူနစ်ကို ၂ သောင်းခြောက်ထောင်ဖြစ်ပါတယ်။ တနေ့တာအတွင်း အမြင့်ဆုံးတက်ခွင့်ပြုတဲ့ဈေးနှုန်းက သုံးသောင်းတစ်ထောင်ကျပ်ဖြစ်ပြီး အနိမ့်ဆုံးကျခွင့်ပြုတဲ့ဈေးနှုန်းက နှစ်သောင်းတစ်ထောင်ဖြစ်ပါတယ်။

အမြင့်ဆုံးနဲ့ အနိမ့်ဆုံးဈေးတွေကို သတ်မှတ်မှုဟာ  စတော့ဈေးနှုန်းတွေ အလွန်အကျွံကျဆင်းမှုနဲ့ မြင့်တက်မှုဒဏ်တွေကနေ ကာကွယ်ပေးနိုင်အောင် စတော့ရောင်းချရေးစနစ်တွေက ဘောင်သတ်မှတ်ထိန်းချုပ်မှုလို့ သိရပါတယ်။ စတော့ဈေးတက်ခြင်း၊ ကျခြင်းကတော့ သက်ဆိုင်ရာ ကုမ္ပဏီရဲ့ အနာဂတ်အလားအလာ၊ ရောင်းလိုအား၊ ဝယ်လိုအားတွေအပေါ်မှာ မူတည်တယ်လို့ သိရပါတယ်။

First Myanmar Investment Company (FMI) ကို ၁၉၉၀ ပြည့်နှစ်စမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပြဌာန်းမှုနဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီးနောက် ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တဲ့ ကနဦးဆုံး အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။

FMI ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌဖြစ် ဦးသိမ်းဝေ (ခ) ဆာ့ခ်ျပန်းက “ရန်ကုန်စတော့ အိပ်ချိန်းတွင် စာရင်းတင်သွင်းရန် အတည်ပြုချက်အား ပထမဆုံးလက်ခံရရှိသောကုမ္ပဏီဖြစ်ရခြင်းအတွက်FMI အနေဖြင့် ဂုဏ်ယူပါကြောင်းဤသို့ ပထမဦးဆုံး စာရင်းတင်သွင်းခွင့်ရရှိမှုသည် ကျွန်တော်တို့ အတွက် အလွန်အရေးပါသည့်အောင်မြင်မှုနှင့် သမိုင်းဝင်ဖြစ်ရပ်တခုဖြစ်ပါကြောင်း YSX တွင် စာရင်းတင်သွင်းမှု ရရှိခြင်းက ကျွန်ုပ်တို့၏ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာရှင်များအား ငွေပေါ် လွယ်မှု ပိုမိုကောင်းမွန်စေရန် အခွင့်အရေးတရပ်ရရှိစေပါကြောင်း၊ တချိန်တည်းမှာပင် တိုးတက်ရရှိပြီးဖြစ်သည့် ဈေးကွက်အသိအမှတ်ပြုမှုနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကိုလည်း ပိုမိုရရှိစေပါကြောင်း၊ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေခြင်းကြောင့် ကျွန်တော်တို့အနေဖြင့် ဂုဏ်ယူမိပါကြောင်း” ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါသည်။

လိုင်စင်ရငွေချေးသက်သေခံလက်မှတ်ရောင်း  ၀ယ်ရေးကုမ္ပဏီတစ်ခုမှာ စာရင်းဖွင့်လှစ်ပြီးဖြစ်တဲ့ အစုရှယ်ယာရှင်တွေဟာ မတ်လ ၂၅ ရက်နေ့မှ အစုရှယ်ယာများအား စတင်ရောင်းဝယ်မှု ပြုလုပ်နိုင်မှာဖြစ်ကြောင်း၊ ငွေချေးသက်သေခံလက်မှတ်စာရင်း ဖွင့်လှစ်ရခြင်း မရှိသေးတဲ့ အစုရှယ်ယာရှင်များအနေနဲ့ အစုရှယ်ယာရောင်းဝယ်ခြင်းမပြုလုပ်မီ ငွေချေးသက်သေခံ လက်မှတ် စာရင်းတစ်ခုဖွင့်လှစ်ထားရန်လိုအပ်တယ်လို့ FMI က ထုတ်ပြန်ထားပါတယ်။

စတော့ရှယ်ယာဈေးကွက်ဟာ မြန်မာနိုင်ငံအတွက် အသစ်အဆန်းဖြစ်နေတာကြောင့် တတ်သိ နားလည်သူတွေက ရှယ်ယာဝယ်လိုသူတွေအနေနဲ့ မ၀ယ်ယူမီမှာ စတော့ပွဲစားကုမ္ပဏီတွေ၊ ငွေးချေးသက်သေခံလက်မှတ်ကုမ္ပဏီတွေထံက အကြံဉာဏ်တွေရယူကြဖို့နဲ့ သုတေသန အဖွဲ့တွေက ထုတ်ပြန်တဲ့အချက်တွေကို စနစ်တကျလေ့လာဖတ်ရှုဖို့လိုတယ်လို့ ထောက်ပြကြ ပါတယ်။

ဒါ့အပြင် ရှယ်ယာကိုအခွန်ဆောင်ဝင်ငွေနဲ့ ၀ယ်သူရှိသလို အခွန်ရှောင်ဝင်ငွေ၊ တရားမ၀င် ငွေကြေးတွေနဲ့လည်း ၀ယ်ယူမှုတွေကြောင့် ရှုပ်ထွေးမှုတွေဖြစ်နိုင်တာကြောင့် ပြဋ္ဌာန်းထား ပြီးဖြစ်တဲ့ ငွေကြေးခ၀ါချမှုဥပဒေနဲ့ စနစ်တကျထိန်းချုပ်သင့်တယ်လို့ အကြံပြုချက်တွေလည်း ရှိပါတယ်။

ရန်ကုန်စတော့အိပ်ချိန်းဟာ မတ်လ ၁၈ ရက်နေ့က ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ KBZ Stirling Coleman Securities Co., Ltd.,  CB Securities Ltd., AYA Trust Securities Co., Ltd., KTZ Ruby Hill Securities Co., Ltd. တို့ကိုလည်း ရန်ကုန်စတော့အိပ်ချိန်းရဲ့ ရောင်းဝယ်ရေးအဖွဲ့ဝင်တွေအဖြစ် ခွင့်ပြုခဲ့ပါတယ်။

FMI ဟာ ညီနောင်ကုမ္ပဏီတွေဖြစ်ကြတဲ့ Serge Pun & Associates (SPA) နဲ့ Yoma Strategic Holdings Ltd. တို့နဲ့ အနီးကပ် လက်တွဲလုပ်ကိုင်နေပါတယ်။ First Myanmar Investment Co., Ltd. ဟာ လက်ရှိ အစုရှယ်ယာရှင် ၆,၇၀၀ ကျော်ရှိပြီး  ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုကဏ္ဍ၊ အိမ်ရောဖော်ထုတ် တည်ဆောက်ရေးကဏ္ဍနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ စတဲ့ အဓိကကဏ္ဍကြီး ၃ ရပ်မှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေတယ်လို့ ကုမ္ပဏီက ထုတ်ပြန် ထားပါတယ်။  မစ်ဆူဘစ်ရှီ၊ အပြည်ပြည်ဆိုင်ရာငွေကြေးလုပ်ငန်းကော်ပိုရေးရှင်း၊ အာရှဖွံ့ဖြိုးရေး ဘဏ်၊ လစ်ပိုကုမ္ပဏီအုပ်စု၊ တယ်လီနော၊ ပါဆန်ကုန်တိုက်တို့ အပါအ၀င် ထိပ်တန်းနိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ လည်းဖက်စပ်လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ရန်ကုန် စတော့အိတ်ချိန်းကို ရန်ကုန် ဆူးလေ ဘုရားလမ်းရှိ မြဝတီဘဏ် ရုံးချုပ် အဆောက်အအုံ ဟောင်းမှာ မနှစ် ဒီဇင်ဘာ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013