DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဟောင်းများ ပရိဘောဂပစ္စည်းများယူသွားသည့်ကိစ္စ ဦးရဲထွဋ် ရှင်းလင်း
DVB
·
March 24, 2016
ဝန်ကြီးဟောင်းများ ပရိဘောဂပစ္စည်းများယူသွားသည့်ကိစ္စ ဦးရဲထွဋ် ရှင်းလင်း
Donate to DVB

မတ်လကုန်မှာ တာဝန်ကနေ အနားယူတော့မယ့် ပြည်ထောင်စုဝန်ကြီးတွေ အိမ်ပြောင်းရွှေ့ရာမှာ ပရိဘောဂတွေ ပါမချန် သယ်ယူနေကြတယ်ဆိုပြီး အွန်လိုင်းပေါ်က  ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ရှင်းလင်းပြောကြားလိုက်ပါတယ်။

ဦးရဲထွဋ်ရဲ့  ရှင်းလင်းချက် အပြည်အစုံ

“အင်တာနက်ပေါ်မှာ ၀န်ကြီးဟောင်းတွေက အိမ်ကပစ္စည်းတွေအကုန်ယူသွားတယ်ဆိုပြီး ဖြန့်နေပါတယ်။ အဲဒါလုံးဝမဟုတ်ပါဘူး။

တာဝန်လွှဲပြောင်း အစည်းအဝေးမှာလည်း ဦးဝင်းထိန်က သူတို့ဝန်ကြီးအိမ်တွေ သွားကြည့်တဲ့အခါ ပရိဘောဂတွေမရှိဘူး။ အဲကွန်းလည်း တစ်လုံးပဲတွေ့တယ်။ ယူသွားကြတယ်။ လမ်းစဉ်ပါတီခေတ်က ၀န်ကြီးတွေအိမ်မှာ ပရိဘောအပြည့်အစုံထည့်ပေးထားတယ်လို့ ဆွေးနွေးတယ်။ သူက လမ်းစဉ် ပါတီခေတ်ပဲမီခဲ့တာကိုး။

အဲဒါဟာ လုပ်ထုံးလုပ်နည်းကို မသိပဲ ကိုယ့်ဘာသာကိုယ်ကောက်ချက်ဆွဲတာဖြစ် တယ်လို့ ပြန်ရှင်းပြခဲ့ရတယ်။ နေပြည်တော်မှာ ၀န်ကြီး၊ ဒုဝန်ကြီးအိမ်တွေကို ၀န်ကြီး၊ ဒုဝန်ကြီး ခန့်အပ်ခံရသူတွေကို ပေးတဲ့အခါ အိမ်အခွံပဲ ပေးတာပါ။ အသင့်ပါတာဆိုလို့ အဲကွန်းတစ်လုံးနဲ့ ရေမီးစနစ်ပဲပါ ပါတယ်။ ပြီးရင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀န်ကြီး၊ ဒုဝန်ကြီး ခန့်အပ်ခံရသူကို ပရိဘောဂစရိတ် သိန်းသုံးဆယ်ထုတ်ပေးပါ တယ်။ အဲဒီငွေနဲ့ ကိုယ့်ဘာသာဖြည့်ရပါတယ်။ မိမိမှာမူလထဲက ပရိဘောဂရှိပြီးဖြစ်ရင်ကျန်တာဝယ်ပေါ့။

ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ပြီးရင် မိမိကို ခွင့်ပြုငွေနဲ့ ၀ယ်ထားတဲ့ပရိဘောဂများကို ယူသွားပြီး အိမ်ကို မူလအတိုင်း ပြန်လွှဲပေးရပါတယ်။ ကိုယ်စိုက်ခဲ့တဲ့အပင် ရွှေ့လို့ရရင် ရွှေ့ယူမှာပေါ့။ နိုင်ငံတော်က စိုက်ပေးထားတာမှမဟုတ်တာ။ နောက်ဝန်ကြီး၊ ဒုဝန်ကြီးအသစ်တွေအတွက် အိမ်ပေးတဲ့အခါ ပရိဘောဂ စရိတ် သိန်းသုံးဆယ်ထပ်ပြီးထုတ်ပေးပါတယ်။ အခု အစိုးရသစ် ၀န်ကြီး၊ ဒုဝန်ကြီးများအတွက်လည်း အဲဒီလိုပေးနိုင်ဖို့ ဘတ်ဂျက်လျာထားပြီး ဖြစ်ပါတယ်။

အဲဒီ စနစ်ကို ဦးဝင်းထိန်က မလေ့လာဘဲ ပြောလို့ အသေးစိတ်ရှင်းပြပြီး ၀န်ကြီး၊ ဒုဝန်ကြီးအိမ်တွေ လွှဲတဲ့အခါ ပါတဲ့ ပစ္စည်းစာရင်း (မီးလုံး၊ ရေပိုက်ခေါင်း) စတာတွေနဲ့ အလွှဲအပြောင်း စစ်ဆေးချက် ပုံစံတစ်စုံကို နမူနာပေးလိုက်ပါတယ်။

ဦးဝင်းထိန်က အခန်းအားလုံး အဲကွန်းတပ်ရင် သိန်းသုံးဆယ် နဲ့ မလောက်ဘူး၊ ၀န်ကြီးသစ်တွေက ကိုယ့်အိပ်ယာလိပ်နဲ့ ကိုယ်လာရမှာလားပြောလို့ အန်ကယ်တို့ အစိုးရဖြစ်ပြီပဲ၊ မလောက်ဘူးထင်ရင် သိန်းတစ်ထောင်ပေးလဲ ရပါတယ်လို့တောင် ပြန်ပြောခဲ့ရပါတယ်။

အဲဒီနေ့ကလည်း ဦးဝင်းထိန်ကို အန်ကယ်တို့ မသိပဲ ပြောတာအရေးမကြီးဘူး၊ အန်ကယ်တို့ လူတွေက လေဖမ်း ဒါန်းစီးပြီး ရေးနေဦးမယ်။ အဲဒီအခါကျရင် ကျွန်တော် မီဒီယာပေါ်က တက်ရှင်းရလိမ့်မယ်လို့ သတိပေးခဲ့သေးတယ်။ ထင်တဲ့အတိုင်း အခုလို လျှောက် ဖွ ရေးတာတော့တာပါပဲ။

ကျွန်တော်တို့ဟာ တာဝန်လွှဲပြောင်းရေးကို အကောင်းဆုံးဖြစ်အောင်လုပ်နေပါတယ်။ ရှေ့လူ လုပ်သွားတာနဲ့ ပတ်သက်ပြီး မရှင်းလင်းရင် ရှင်းအောင်မေးပါ။ အချက်အလက်အားလုံး သိရပြီဆိုရင် ကောင်းတယ်၊ မကောင်းဘူး ဝေဖန်ပါ။ အဲဒီလို မဟုတ်ပဲနဲ့ မိမိအထင်နဲ့ ကောက်ချက်ချ၊ ပြီးတော့ အနားကလူတွေကို ပြောတာ မျိုးကတော့ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013