DVB Logo
Home
Lead Story
သယံဇာတ ထုတ်ယူသုံးစွဲမှု စနစ်တကျဖြစ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ် - ဦးစိုးသူရထွန်း
DVB
·
March 24, 2016
သယံဇာတ ထုတ်ယူသုံးစွဲမှု စနစ်တကျဖြစ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ် - ဦးစိုးသူရထွန်း
Donate to DVB

ပြည်သူ့လွှတ်တော် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့မှာပါတဲ့ အဖွဲ့ဝင်တွေအကြောင်း၊ ကော်မတီက လုပ်ဆောင်သွားမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းကို ဒီဗွီဘီသတင်းထောက် ကိုကျော်သက်မင်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒီ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ  ကော်မတီရဲ့ ဖွဲ့စည်းပုံနဲ့ ကော်မတီမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေရဲ့အကြောင်း နည်းနည်းလောက် ပြောပြပေးပါခင်ဗျ။

“သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှာ ဥက္ကဋ္ဌကတော့ ကျနော်ပေါ့။ ကျနော်က ကွမ်းခြံကုန်းမဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။ အတွင်းရေးမှူးကတော့ ဦးအေးနိုင်၊ ဒဂုံမြို့သစ်တောင်ပိုင်းရဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။ တခြား ကျန်တဲ့ အဖွဲ့ချုပ်ပါတီဝင် ၈ ဦးလောက်ရယ်၊ နောက်ထပ် ကျနော်တို့ တခြားပါတီတွေဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလည်းပါတယ်၊ နောက်တခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား တပ်မတော်သား ကိုယ်စားလှယ်ပေါ့။ အားလုံး ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။"

အစ်ကိုတို့ ကော်မတီအနေနဲ့ ကော်မတီရဲ့ ရည်ရွယ်ချက်တွေထဲမှာ သဘာဝ သယံဇာတတွေကို စနစ်တကျ ထုတ်လုပ်နိုင်ရေးအတွက် အားပေးကူညီဖို့ဆိုတဲ့ အချက်လေး တွေ့ရပါတယ်။ အဲ့ဒီလုပ်ပိုင်ခွင့်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့ စဉ်းစားထားလဲခင်ဗျ။

“သယံဇာတ ထုတ်ဖော်ခွင့်ဆိုတာက ဆိုရှယ်လစ်ခေတ်တုန်းကတော့ နိုင်ငံပိုင်အနေနဲ့ နိုင်ငံတော်ကပဲ လုပ်ခဲ့တာ။ ၁၉၈၈ နောက်ပိုင်းမှာတော့ ပုဂ္ဂလိကပိုင်တွေ စပြီး ဖြစ်လာခဲ့တယ်။ ဖြစ်လာတဲ့အခါမှာ အားလုံးမှတ်မိကြတဲ့အတိုင်းပဲ၊  စည်းကမ်း၊ နည်းလမ်း၊ ဥပဒေတွေ သိပ်ပြီးတော့ မရှိခဲ့ဘူး။ ၁၉၉၄ ခုနှစ်မှာတော့ ကျနော်တို့ မြန်မာနိုင်ငံ သတ္တုတွင်းဥပဒေဆိုတာ စပြီးတော့ ဖြစ်လာတယ်။ အဲ့ဒီ ဥပဒေအရလည်း သယံဇာတတွေကို ထုတ်ဖော်ခဲ့ကြတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ပြန်ကြည့်ရင် သူတို့က ရှိတဲ့ဥပဒေတွေအပေါ်မှာ လိုက်နာခဲ့တာနဲ့ ကျင့်သုံးမှုတွေ  အားနည်းချက်လေးတွေ ရှိပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ လွှတ်တော်ကနေ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ သတ္တုတွင်းဥပဒေ ပြင်ဆင်ချက်ဆိုပြီးတော့ ပြဋ္ဌာန်းခဲ့တာလည်းရှိတယ်။ ကျနော်တို့က ဒီအပိုင်းတွေအားလုံးကို ထပ်ပြီးတော့ အသေးစိတ် ထပ်စစ်ဆေးပြီးတော့  ပြည်သူလူထုနဲ့လည်း လိုက်လျောညီထွေအောင်၊ ပိုပြီးတော့လည်း လက်တွေ့လည်း ကျင့်သုံးနိုင်တဲ့ အခြေအနေဖြစ်အောင်၊ စနစ်တကျ ပိုပြီးတော့ ထုတ်ယူနိုင်အောင်၊ သုံးစွဲနိုင်အောင်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျနော်တို့ ဥပဒေနည်းလမ်း၊ စည်းကမ်းတွေအရ လေ့လာပြီးတော့ အသစ်ပြင်ဆင်၊ ရေးဆွဲတာတွေကို ကျနော်တို့ ပြုလုပ်သွားမှာပါ။ တဘက်ကလည်း ဒီဥပဒေတွေကို လိုက်နာဖို့ပေါ့၊ အဲ့ဒီအပိုင်းမှာလည်း ဘယ်လောက်ထိ တိတိကျကျ လိုက်နာမှုရှိ/မရှိ ဆိုတာကို တဦးချင်း၊ တဦးချင်း ဖြစ်ရပ်တွေနဲ့ လိုက်ပြီးတော့ ကျနော်တို့က ပြန်ပြီးတော့ စောင့်ကြည့်၊ စစ်ဆေးသွားဖို့ စီမံထားပါတယ်။”

နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက သဘာဝသယံဇာတတွေ ထုတ်ယူ သုံးစွဲမှုကလည်း လိုအပ်နေတယ် ဆိုတော့လေ။ အဲဒီလို ထုတ်ယူတဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ဘယ်လိုမူတွေအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်ရင် သင့်တော်မလဲခင်ဗျ။

“ဟုတ်ပါတယ်။ ဒီ သယံဇာတဆိုတာ ကျနော်တို့ကလည်း ခုနကပြောတဲ့ လူတွေရဲ့ဘ၀ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ထုတ်ယူသုံးစွဲရမှာပါ။ ထုတ်ယူသုံးစွဲမှုသည် ကျနော်တို့ရဲ့ နောက်ထပ် သားစဉ်မြေးဆက်ဖြစ်တဲ့ မျိုးဆက်သစ်တွေထိ သွားပြီး မထိခိုက်အောင်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ဖို့လည်း လိုပါတယ်။ နောက်တခါ လက်ရှိ သယံဇာတတွေ အနီးတ၀ိုက် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပြည်သူလူထုတွေကို မထိခိုက်ဖို့လည်း လိုပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဒါကို အသေးစိတ် စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးပေါ့။ သူတို့ကို ဘယ်လိုစည်းကမ်း၊ နည်းလမ်း ရှိတဲ့ ဥပဒေကို ကျနော်တို့ ထပ်ပြီးတော့ စိစစ်ပြဋ္ဌာန်းဖို့လိုလဲ ဆိုတာ စီစဉ်နေပါတယ်။ တဘက်ကလည်း ကျနော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေဆိုတာ ရှိပြီးသားပါ။ သူ့မှာလည်း နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြဋ္ဌာန်းထားတာတွေ ရှိပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေထဲမှာပေါ့။ ဒါတွေအားလုံးကို ကျနော်က လူတွေရဲ့ လက်တွေ့ လိုက်နာကျင့်သုံးမှု ဘယ်လောက်ထိ ရှိမလဲ ဆိုတာကို တဘက်ကလေ့လာဖို့၊ တဘက်ကလည်း ခုနကပြောတဲ့ ဥပဒေစည်းကမ်းတွေက လူတွေအတွက် လိုက်နာသင့်တဲ့ စံချိန် စံနှုန်းတွေနဲ့ မီ/မမီနဲ့ စံချိန်စံနှုန်းတွေက ပြည်သူတွေအတွက် လိုက်နာချင်လောက်အောင် မရှိဘူးဆိုရင် ဒါကို ဘယ်လိုနည်းနဲ့ လုပ်ပေးရမလဲ ဆိုတာကိုလည်း လေ့လာဖို့ စီစဉ်နေပါတယ်။”

အခုလက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတချို့ ရှိနေပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေနဲ့ကော အစ်ကိုတို့ကော်မတီက တွေ့ဆုံညှိနှိုင်း၊ အကြံဉာဏ်ယူတာတွေ လုပ်ဖို့ အစီအစဉ်တွေ ရှိလားခင်ဗျ။

“ရှိပါတယ်။ ကျနော့်ရဲ့ကော်မတီ အနေနဲ့ကတော့ သူတို့ကို တရားဝင် ဖိတ်ခေါ်ပြီးတော့ သူတို့ရဲ့ အမြင်တွေ၊ ဗဟုသုတတွေ၊ အယူအဆတွေ အားလုံးကို ကျနော်တို့ လက်ခံရမှာပါ။ ဘယ်လိုလက်ခံမှာလဲဆိုတော့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းဖို့အတွက်ကော၊ ပြန်လည်ဆန်းစစ်ဖို့အတွက်ကော၊ ဒါနဲ့ပတ်သက်ပြီး လက်တွေ့ကျင့်သုံး၊ အကောင်အထည် ဖော်နိုင်မှု ရှိ/မရှိ၊ အဆင်ပြေ ချောမွေ့မှု ရှိ/မရှိ ဆိုတာတွေလည်း သူတို့ရဲ့ အကြံဉာဏ်ကို ကျနော်တို့ လက်ခံရယူမှာပါ။”

အခုလက်ရှိ သဘာဝ သယံဇာတတွေ တူးဖော်ထုတ်လုပ်နေတဲ့ နိုင်ငံပိုင် ကုမ္ပဏီတွေကော၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေကော လက်ရှိ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီအညွတ် ရှာဖွေ၊ ထုတ်လုပ်တာကို လုပ်/မလုပ်ပေါ့နော်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးတဲ့အခါမှာ အစ်ကိုတို့အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ အဓိက ကြုံတွေ့ရလဲခင်ဗျ။

“ကြုံတွေ့ရမယ့် စိန်ခေါ်မှုကတော့ အမျိုးမျိုးပေါ့။ ပြီးခဲ့တဲ့ ၂၀၁၂ လွှတ်တော်မှာလည်း ကျနော်တို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးတဲ့အတွက် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး အစစ်ခံရတာမျိုး ရှိပါတယ်။ အဲဒီလိုပဲ ဒီတခုတည်း မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း အလားတူဖြစ်ရပ်မျိုး ရှိနေတာလည်း အားလုံး ကြားဖူးကြမှာပါ။ ဒါတွေအားလုံးကို ကျနော်တို့ ဆက်ပြီးတော့ ခုနကလို အဖွဲ့ခွဲလေးတွေ၊ ဖွဲ့ပြီးတော့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီးတော့ပဲဖြစ်ဖြစ် စနစ်ကျသွားအောင် လေ့လာပြီးတော့ ဆန်းစစ်သွားရမှာပါ။”

ဒေသခံတွေနဲ့ ပြဿဿ​  နာဖြစ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလို ဟာမျိုးဆိုရင် အစ်ကိုတို့ ကော်မတီအနေနဲ့ ၀င်ရောက် စစ်ဆေးပြီးတော့ ရှေ့ကတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကတော့ အစီရင်ခံစာတွေ တင်သွားတာတွေ ရှိပါတယ်။ အဲ့ဒီဟာကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့၊ အစ်ကိုတို့ လွှတ်တော်ရေးရာကော်မတီ အနေနဲ့ကော ဘယ်လိုမျိး ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါသလဲ။

"အဓိကက ခုနကပြောတဲ့ လက်ရှိ ရှိထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာတွေ၊ နောက်တခါ သူတို့ကိုယ်တိုင်လည်း ပတ်ဝန်းကျင်နဲ့ လူမှုထိခိုက်မှု အစီရင်ခံစာ ဆိုတာလည်း ပေးပို့ထားတာတွေ ရှိပါတယ်။ အဲ့နှစ်ခုလုံးနဲ့ လိုက်လျောညီထွေအောင် ဘယ်လောက်လုပ်ထားပြီးပြီလဲ ဆိုတာလည်း ကျနော်တို့ ဆန်းစစ်ရမှာဖြစ်ပါတယ်။”

လူထုတွေကြားထဲမှာ သိနေတဲ့ကိစ္စတခုကတော့ ဒီမြစ်ဆုံဆည်စီမံကိန်းပေါ့နော်။ အစိုးရအနေနဲ့ ဆောင်ရွက်သင့်/မသင့်ကို အစ်ကိုတို့ ကော်မတီက တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတော့ လွှတ်တော်မှာ အစီရင်ခံစာတင်တာတို့၊ တခုခု အကြံပြုချက်တင်တာတို့ အဲ့လိုလုပ်ဖို့ အစီအစဉ်တွေများ ရှိလားခင်ဗျ။

“ဟုတ်ပါတယ်။ ဒီအပိုင်းကလည်း အရေးကြီးတဲ့အပိုင်းပေါ့။ မြစ်ဆုံစီမံကိန်းမှ မဟုတ်ပါဘူး၊ တခြား ရေကာတာစီမံကိန်း အားလုံးလိုလိုပေါ့။ တခုချင်း၊ တခုချင်းကိုကော၊ အားလုံးခြုံပြီးတော့ပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ခုနကပြောတဲ့ သဘာဝပတ်ဝန်းကျင် ရှုထောင့်ကပေါ့။ နောက်တခုက ရေအားလျှပ်စစ်ထုတ်တယ် ဆိုတာကလည်း ရေသယံဇာတပါပဲ။ သဘာဝသယံဇာတပဲ ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး ကျင့်သုံးဖို့ကျတော့ ဘယ်လောက်ထိ စည်းစနစ်ကျလဲ၊ ဥပဒေနဲ့ညီညွတ်လဲ၊ သားစဉ်မြေးဆက် ရေရှည်အကျိုးအတွက် အကျိုးရှိ/မရှိကို အသေးစိတ် ပြန်ဆန်းစစ်ဖို့အတွက် စီမံတာပါ။”

ဦးစိုးသူရထွန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကိုယ်စားပြုပြီးတော့ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒလေးတွေကို နည်းနည်းလောက် ရှင်းပြပေးပါခင်ဗျ။

“ဒီအပိုင်းနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကြေညာစာတမ်းမှာရော၊ အဖွဲ့ချုပ်ရဲ့ မူဝါဒ လမ်းစဉ်တွေမှာကော တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားပါတယ်။ သူ့သီးခြားတင် မဟုတ်ဘူး၊ တခြားကဏ္ဍတွေဖြစ်တဲ့ စက်မှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေ၊ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ၊ ကျန်တဲ့လုပ်ငန်းတွေ အားလုံးမှာလည်း ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အပိုင်းလေးတွေ ကျနော်တို့ အမြဲတမ်း ထည့်ထားပါတယ်။ ဥပမာဆိုရင် ပြီးခဲ့တဲ့ရက်မှာ လူသိများခဲ့တဲ့ ဖားကန့်မှာ မြေစာပုံတွေ ပြိုကျတဲ့ ကိစ္စမျိုးဆိုရင် ကျနော်တို့ ကြေညာစာတမ်းမှာကိုက သတ္တုရိုင်းတွေရဲ့ ကုန်ကြမ်းတွေ၊ ကုန်ထုတ်ထားတဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်ရမယ် ဆိုတာလေးတွေ သေချာထည့်ထားတာ တွေ့ရပါလိမ့်မယ်။ ကျနော်တို့ မူဝါဒကတော့ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ပြောတာထက်စာရင် ရှင်းပါတယ်။ ဒါ ခုနကပြောတဲ့ပေါ့၊ substainable development ပေါ့၊ သယံဇာတတွေကို စနစ်တကျ ထုတ်ယူသုံးစွဲခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် လက်ရှိအခြေအနေရော၊ နောက်တခါ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့ လိုက်လျောညီထွေ ဖြစ်နိုင်အောင်၊ သားစဉ်မြေးဆက်အတွက်ကော၊ အားလုံးအတွက်ကော၊ ရည်မှန်းတဲ့ မူဝါဒတွေပဲ ဖြစ်ပါတယ်။”

ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တယောက်အနေနဲ့ မြန်မာပြည်က ပြည်သူလူထုကို၊ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းသင့်တဲ့အကြောင်းကို မက်ဆေ့ခ်ျလေးတခုခုကို ကျနော်တို့ ဒီဗွီဘီကနေ ပြောပေးပါဦးခင်ဗျ။

“သယံဇာတဆိုတာကော၊ ပတ်ဝန်းကျင်ဆိုတာကော နှစ်ခုလုံးရဲ့ ရည်မှန်းချက်က တခုတည်းပါ။ Quality of life လို့ခေါ်တာပေါ့။ လူတွေရဲ့ ဘ၀ရှေ့ရေးမြင့်မားဖို့ပေါ့။ ဒီလိုမြင့်မားဖို့ကိုလည်း တဘက်ကလည်း သယံဇာတ ထုတ်ယူသုံးစွဲတာရှိမယ်။ တဘက်ကလည်း ဒီဟာကို ထုတ်ယူသုံးစွဲတဲ့နေရာမှာ စည်းစနစ်တကျ ထုတ်ယူသုံးစွဲရင် လက်ရှိအခြေအနေမှာကော နောင်လာမယ့် သားစဉ်မြေးဆက်တွေအတွက်ကော အကျိုးရှိနိုင်တာမို့လို့ ဒီနှစ်ခုလုံးကို ဟန်ချက်ညီညီနဲ့ စနစ်တကျဖြစ်ဖို့အတွက် ကျနော်တို့ ကြိုးစားနေပါတယ်။ အဲ့ဒါကိုလည်း ဒီမှာရှိတဲ့ မြန်မာပြည်သူပြည်သား အားလုံးကလည်း ကျနော်တို့နဲ့အတူ ပါဝင်ကူညီကြမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013