
လန်းခန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (LMC) ၀င် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ဟိုင်နန် ပြည်နယ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
မြန်မာဒုတိယ သမ္မတ စိုင်းမောက်ခမ်း၊ တရုတ်ဝန်ကြီးချုပ် လီကီချမ်း၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၊ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ် သွန်ဆင်း သမ်မာဗွန်း၊ ဗီယက်နမ် ဒုတိယ၀န်ကြီးချုပ် ဖမ်ဘင်မင်းတို့ အစည်းအဝေးကို တက်ရောက်ကြပါတယ်။
အစည်းအဝေးအပြီးမှာ နိုင်ငံ အကြီးအကဲတွေရဲ့ ရှေ့မှောက်မှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ထိုးကြပါတယ်။
အစည်းအဝေး မတိုင်ခင် ဧည့်ခံပွဲမှာ တရုတ်ဝန်ကြီးချုပ်က ဒီ ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို စနစ်တကျ အကောင်ထည်ဖော်ခြင်းအားဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေပြီး နိုင်ငံတိုင်းရဲ့ အရင်းအမြစ်တွေ၊ စက်မှုလက်မှု လုပ်ငန်းတွေ၊ ဈေးကွက်တွေ၊ ဖွံ့ဖြိုးတိုးတက်စေမယ်လို့ ပြောပါတယ်။
လန်းခန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Lancang-Mekong Cooperation - LMC) ကို ၂၀၁၄ မှာ ဖွဲ့စည်းတာဖြစ်ပြီး လုံခြုံရေး၊ ဖွံ့ဖြိုးရေး ကိစ္စတွေအပြင် နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေး နယ်ပယ်တွေအထိ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။











