DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရဦးဆောင်ခွင့်ပေးရန် တောင်းဆိုဆန္ဒပြ
DVB
·
March 23, 2016
ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရဦးဆောင်ခွင့်ပေးရန် တောင်းဆိုဆန္ဒပြ
1 / 8
Donate to DVB

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား ရခိုင်အမျိုးသားပါတီက ခန့်အပ်ခွင့်ရရှိရေးနဲ့ ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေး ထောက်ခံကြောင်းကို စစ်တွေမှာ လူထု ၁၅၀၀ လောက် ဒီနေ့ မနက်ပိုင်းက မြို့တွင်းလှည့်လည် ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးအောင်မြသိန်းက “ရခိုင်အမျိုးသားပါတီမှ ထုတ်ပြန်ခဲ့တဲ့ ၁/၂၀၁၆ ရယ်၊ ၂/၂၀၁၆ တို့ရဲ့ လိုလားချက်ရယ်။ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ အနာဂတ် ပါတီတခုအနေနဲ့ အန်အယ်လ်ဒီအစိုးရသစ်အနေနဲ့လည်း စဉ်းစားပေးဖို့အတွက်ရယ်၊ ကျနော်တို့ ပြည်သူလူထု တင်မြှောက်ထားတဲ့ ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ်အစိုးရ နေရာမှာ ၀န်ကြီးချုပ် နေရာရဖို့ရယ်၊ အစိုးရဖွဲ့စည်းနိုင်ဖို့ရယ်၊ အဲ့ဒါတွေကို လိုချင်လို့  ပြည်သူလူထု အင်အားနဲ့ လမ်းထွက်ပြီး ဆန္ဒပြရခြင်းဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီဆန္ဒထုတ်ဖော်ပြပွဲကို လူထုသဘောဆန္ဒနဲ့သာ ထုတ်ဖော်တာဖြစ်ပြီး   ရခိုင်အမျိုးသားပါတီမှ တစုံတရာပါဝင်မှု၊ တွန်းအားပေးမှုမရှိဘူးလို့လည်း သူက ဆက်လက်ပြောပါတယ်။

“ကျနော်တို့ ပြည်သူလူထုအနေနဲ့ ဆန္ဒထုတ်ဖော်ပြတာပါ။ ပါတီအနေနဲ့ပြတာ မဟုတ်ပါဘူး။ ပါတီနဲ့လည်း ဘာမှမဆိုင်ပါဘူး။ ကျနော်တို့မိတ်ဆွေ သူငယ်ချင်းတွေစုတယ်။ စိတ်ပါဝင်စားတဲ့ လူတွေ အားလုံးကို ဖိတ်ခေါ်တယ်။ ပြီးတော့ အဖွဲ့အစည်းဖွဲ့လိုက်တယ်။ ပြီးတော့ ဆန္ဒထုတ်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ ပြောပါတယ်။

ဒီကနေ့ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူတဦးဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူ မနွယ်နွယ်ခိုင်က “ကျမတို့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီမှ ခန့်အပ်စေချင်တယ်။ ရခိုင် ပြည်နယ်က ပြဿာနာဖြစ်တိုင်း အရမ်းထိရှလွယ်တယ်။ စိုးရိမ်စရာ အခြေအနေအထိလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် အန်အယ်လ်ဒီ အစိုးရသစ်အနေနဲ့ ပြည်သူတွေတောင်းဆိုမှု၊ လိုလားမှုကို လုပ်ပေး စေချင်တယ်။ လျှစ်လျှူရှုနေမယ်ဆိုရင် ဒါက အစိုးရကောင်းရဲ့ လက္ခဏာမဟုတ်ဘူး”လို့  ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ သဘောထားထုတ်ပြန်ချက်ကို အလေးအနက်ထား ဆောင်ရွက်ပေးရေး၊ ရခိုင်ပြည်သူသဘောထား အလေးအနက်ဆောင်ရွက်ပေးရေး၊ ပြည်သူများကို လေးစားပါ၊ တပါတီစနစ် မဖြစ်စေရေး၊ ANP အစိုးရဖွဲ့စည်းရေး စတဲ့ကြွေးကြော်သံတွေကို အော်ဟစ်ပြီး ၀င်္ကဘာကွင်းစုရပ်မှ ဦးဥတ္တမလမ်း၊ လမ်းမကြီးမှတဆင့် ကုန်သည်လမ်းကနေ စက်ရုံလမ်းအတိုင်း လူပေါင်း ၁၅၀၀ လောက် ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။

အခုဆန္ဒပြပွဲကို ရခိုင်အမျိုးသားပါတီက တစုံတရာတွန့်အားပေးတာ မရှိတဲ့အပြင် ဆန္ဒပြ ဦးဆောင်သူတွေကလည်း ပါတီကို အသိပေးတာ မရှိဘူးလို့  ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဒီဗွီဘီကို ပြောပါတယ်။

သတင်းဓာတ်ပုံ - ဇော်ခ

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013