DVB Logo
Home
Lead Story
တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့ကို ခွဲခြားသတ်မှတ်ပါ
DVB
·
March 23, 2016
တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့ကို ခွဲခြားသတ်မှတ်ပါ
1 / 2
Donate to DVB

မြန်မာသက္ကရာဇ်နဲ့ဆို တပေါင်းလ၊ ခရစ်သက္ကရာဇ်အရဆိုရင် မတ်လဟာ မြန်မာနိုင်ငံအတွက်တော့ တော်လှန်ရေးသမိုင်းကြောင်းတွေ အမြှောင်းအမြှောင်းထတဲ့လ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်တုန်းက မတ်လ ၂၇ ရက်နေ့မှာ ဗမာပြည်သူလူထုကြီးရဲ့ အမှန်တရားတွေနဲ့ ရဲစွမ်းသတ္တိတွေ ကုန်းရုန်းထခဲ့ကြတယ်။

ရာသီတွေ အလီလီပြောင်းလို့ နှစ်တွေဘယ်လိုပင်ဟောင်းဟောင်း နွေနေပူပူ ကျွတ်ကျွတ်ဆူတဲ့ ဟော့ဒီ မိန်ရာသီ တပေါင်းလ (သို့) မတ်လ၊ လက်ပံပွင့်နီနီတွေ ရဲရဲတောက်ပွင့်တဲ့ လရာသီကို ရောက်ပြီဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို နိုင်ငံတ၀ှမ်းလုံးမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်နဲ့ ပြည်သူတွေ ညီညီညာညာလက်တွဲလို့ တော်လှန်မောင်းထုတ်ခဲ့ကြတဲ့ မြန်မာပြည်သူတွေ ရဲရင့်ပြောင်မြောက်တဲ့ သမိုင်းကြောင်းနဲ့ နေ့ရက်ကို ပြန်ပြောင်းလို့ သတိရကြမြဲ၊ အထိမ်းအမှတ်ပြု ဦးညွှတ်ကြရမြဲပါ။

ဒါကြောင့်လည်း ကျဆုံးခဲ့ရတဲ့ တိုင်းရင်းသား ပြည်သူလူထုနဲ့တကွ တပ်မတော်သားအပေါင်းကို အမှတ်ရ ဦးညွှတ်ဂုဏ်ပြုဖို့အတွက်သာမက ဖိနှိပ်မှုတိုင်းကို ခေါင်းငုံ့မခံတတ်တဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ပြည်သူတွေကြားမှာ ထာဝစဉ်ရှင်သန်နေစေဖို့ မတ်လ ၂၇ ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့လို့ လွတ်လပ်ရေးရပြီးတဲ့ အစပိုင်းမှာ သတ်မှတ်ဂုဏ်ပြု ကျင်းပခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့က ဗိုလ်နေ၀င်းကို တပ်တွင်း ဆိုရှယ်လစ်ခေါင်းဆောင်အဖြစ် တင်ပြီး တပ်မတော်ကို လွှမ်းမိုးလာတဲ့ကာလ ၁၉၅၄ ခုနှစ်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ကို “တပ်မတော်နေ့” လို့ အမည်ပြောင်းခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ “၂၀၀၃ ခုနှစ်၊ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းခန်း” ကတဆင့် ကြားနာခဲ့ရပါတယ်။

ဒါဟာ တနိုင်ငံလုံးက ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့ သမိုင်းဝင်နေ့ကို တပ်မတော်အကြီးအကဲ စစ်ဗိုလ်တချို့က မူရင်းပိုင်ရှင် ပြည်သူတွေထံက မောင်ပိုင်စီး လုယူခဲ့တာဖြစ်သလို အဓိပ္ပာယ် အစစ်အမှန်ကိုလည်း ပျောက်ပျက်သွားစေပါတယ်။ တနည်းအားဖြင့်ပြောရရင် ဒီလိုမိုက်မဲတဲ့ အမည်ပြောင်းမှုဟာ ပြည်သူနဲ့ တပ်မတော်ကို သွေးခွဲလိုက်သလိုဖြစ်ပြီး စတင်ဝေးကွာလာစေခဲ့ပါတယ်။

တကယ်တော့ တပ်မတော်ကိုဂုဏ်ပြုဖို့ “တပ်မတော်နေ့” ရယ်လို့ သတ်မှတ်ရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့တဲ့နေ့ဖြစ်တဲ့ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ပဲ ဖြစ်သင့်တယ်လို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက အကြံပြုထားပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ အဆင်ခြင်နည်းတဲ့ စစ်ဗိုလ်တချို့ တပ်မတော်ကို အုပ်စီးခွင့်ရသွားခြင်းဟာ နိုင်ငံအတွက်သာမက တပ်မတော်အတွက်ပါ ကံဆိုးမိုးမှောင် ကျခဲ့ရတာပါပဲ။ ၁၉၆၂ ခုနှစ် နိုင်ငံ့အာဏာကို စစ်တပ်က ဓားပြတိုက် လုယူခဲ့တဲ့အချိန်ကစလို့ ဒီကနေ့အချိန်ထိအောင် နှစ်ပေါင်း ၅၀ ကျော်အတွင်း မိဘပြည်သူ ရဟန်းရှင်လူတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ဗိုလ်ကျအနိုင်ကျင့်ခဲ့တာ တကြိမ်တခါတည်း မဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါ မဟုတ်လား။

ဒါကြောင့်မို့လည်း ပေါ်လာစဉ်ကာလတုန်းကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူတွေကြားက ပြည်သူ့သားသမီးတွေနဲ့ ဖွဲ့စည်းဖြစ်တည်လာတာမို့ တော်လှန်ရေးနေ့ ရောက်ရင်ပဲဖြစ်ဖြစ် ရှေ့တန်းကပဲ ပြန်လာပြန်လာ ပြည်သူလူထုကြီးက အားကိုးတကြီး အမြတ်တနိုးနဲ့ စွပ်ကျတဲ့ ပန်းကုံးတွေဖုံး တပြုံးပြုံး တပ်မတော်ဟာ အခုတော့ ပြည်သူမုန်းတဲ့ စစ်အာဏာရှင် ခါးပိုက်ဆောင်တပ်၊ ပြည်သူရွံရှာလို့ သရဲသဘက်တွေကို သံပုံးတီးထုတ်သလို မလာအောင် ဖဲကြိုးရောင်စုံနဲ့ မောင်းထုတ်ခံနေရတဲ့ ပြည်သူ့ချဉ်ဖတ် တပ်မတော်ဘ၀ လျော့ကျရောက်ရှိသွားတာကို ၀မ်းနည်းကြေကွဲဖွယ်ရာ တွေ့မြင်ရတာပါ။

ဒီနေရာမှာ တော်လှန်ရေးဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အချက်ကို ရေးပြချင်ပါတယ်။ ဘယ်ခေတ်မှာပဲဖြစ်ဖြစ်၊ ဘယ်စနစ်ကိုပဲ ကျင့်သုံးကျင့်သုံး ဖိနှိပ်မှုတွေရှိနေတဲ့ ခေတ်တိုင်း၊ စနစ်တိုင်း၊ အရပ်တိုင်းမှာ တော်လှန်ရေးဆိုတာ အမြဲတစေ ရှိနေမယ်ဆိုတဲ့ အချက်ပါပဲ။

ကျွန်ပိုင်ရှင်ခေတ်ကိုကြည့်ကြည့်၊ မြေရှင်ပဒေသရာဇ်ခေတ်ကိုကြည်ကြည့်၊ အရင်းရှင်ခေတ်၊ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ နာဇီစနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ စည်းကမ်းပြည့်ဝသော အရှေ့တိုင်း ဒီမိုကရေစီစနစ်၊ အနောက်တိုင်း ဒီမိုကရေစီစနစ် … ဘယ်လိုစနစ်ကိုပဲ ကျင့်သုံးသုံး ဖိနှိပ်မှု၊ မတရားမှုတွေရှိနေ၊ ဖြစ်တည်လာတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ တော်လှန်ရေးဆိုတာ မလွဲမသွေ ပေါ်ပေါက်လာတော့တာပါပဲ။

ဒါကြောင့်လည်း စစ်အာဏာရှင်ဖြစ်ဖြစ်၊ အရပ်သားအာဏာရှင်ဖြစ်ဖြစ် တော်လှန်ရေးဆိုတဲ့ စကားလုံးကို မကြားချင်၊ မပေါ်ပေါက်စေချင်ကြပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့ ဆုတောင်းဟာ ဘယ်တော့မှ မပြည့်ဝဘဲ မတရားမှုကိုဆန့်ကျင်တဲ့ လူထုအုံကြွမှု တော်လှန်ရေးကြီးတွေဟာ ဆုံမှတ်တခုခုကို ရောက်တာနဲ့ ပေါက်ကွဲ မွေးဖွားလာလေ့ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာလည်း မဆလ၊ န၀တ၊ နအဖ အာဏာသိမ်း စစ်အစိုးရတိုင်းဟာ သူတို့ရဲ့ မတရားမှု ဖိနှိပ်ဗိုလ်ကျမှုတွေကို ဆန့်ကျင်ကျတဲ့ ကျောင်းသားဆိုရင် ကျောင်းသားဆိုး၊ နိုင်ငံရေးသမားဆို ပြည်ပအားကိုး ပုဆိန်ရိုး၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေဆို သောင်းကျန်းသူလို့ အမြဲသမုတ်ပြီး ပြည်သူတွေ အမြင်မှားအောင် တံဆိပ်ကပ်၊ နိုင်ငံရေးနဲ့ မပတ်သက်ရဲအောင် ရက်ရက်စက်စက်နှိပ်ကွပ်ပြီး တော်လှန်ရေးဆိုတဲ့ စကားလုံးကို ဖျောက်ဖျက်ခဲ့ကြတာ မဟုတ်လား။

အခုတော့ ခေတ်ကပြောင်းလာပြီ၊ ပြည်သူတွေကလည်း နိုင်ငံရေးကိစ္စတွေ ပိုမိုနားလည်လာကြပြီ။ အရင်လို သတင်းအမှောင်ဖုံး၊ သမိုင်းမှန်တွေဖုံးပြီး လိမ်ညာကောက်ကျစ်လို့ အလုပ်မဖြစ်တော့ဘူး။ အဲ့ဒီအာဏာရှင် အကျင့်ဆိုးကို မဖျောက်နိုင်ရင်တော့ ရှေ့လျှောက် နစ်သထက်နစ်၊ ဖွတ်သထက်ညစ်ဖို့ပဲ ရှိတယ်။

လက်ရှိအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ရရင် ဗမာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ မြောင်းထဲရောက်နေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မိဘလုပ်သားပြည်သူတွေ အနေနဲ့ တပ်မတော်ဟာ သူတို့ဘက်က ရပ်တည်ကာကွယ်ပေးမယ့် ပြည်သူ့တပ်မတော်လို့ မယုံကြည်ကြပါဘူး။ ဘာလို့လဲဆိုတော့ တပ်မတော်ဟာ စစ်အာဏာရှင် အမိန့်ကိုသာ နာခံလို့ အာဏာရှင် ခါးပိုက်ဆောင်တပ် ဖြစ်ခဲ့တာ ၁၉၆၂ ခုနှစ်ကနေ ခုချိန်ထိတိုင်အောင်ပဲ မဟုတ်လား။

ဒီတော့ လက်ရှိတပ်မတော်ကို ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်လာဖို့ဆိုတာ တကယ်ဆန္ဒရှိရင် မခဲယဉ်းပါဘူး။ ပြည်သူတွေဖြစ်ချင်တာတွေ၊ ပြောင်းလဲချင်တာတွေကို ပြည်သူနဲ့အတူ လက်တွဲ ဖြည့်ဆည်းပေးဖို့ပါပဲ။ ပြည်သူက တပ်မတော်ကို နိုင်ငံရေး အုပ်ချုပ်ရေးကိစ္စမှာ မပါစေချင်ဘဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ပရော်ဖက်ရှင်နယ်ကျကျ ဆောင်ရွက်နိုင်ဖို့ ဘားတိုက်ကို သိက္ခာရှိရှိ အမြန်ဆုံး ပြန်စေချင်တာ ကြာပါပြီ။ ပြည်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်ကြတယ်၊ ပုဒ်မ ၄၃၆ ကို ပြင်ချင်တယ်၊ လွှတ်တော်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ထွက်သွားစေချင်တယ်။ အဲ့ဒီပြည်သူ့ဆန္ဒတွေကို ဖြည့်ဆည်း လာတဲ့တနေ့မှာ ပြည်သူတွေက တပ်မတော်ကို ပန်းကုံးစွပ် ကြိုဆိုကြမှာ အသေအချာပါပဲ။

ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မတ်လ ၂၇ ရက်ဟာ တပ်မတော်နေ့ မဟုတ်ပါဘူး။ မြန်မာပြည်သူ ပြည်သား တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ ဖက်ဆစ်ကျွန်ဘ၀ကလွတ်မြောက်ဖို့ ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့စိတ်တူကိုယ်တူလက်တွဲကြပြီး အတူတစ်ကွတိုက်ပွဲဝင်ခဲ့ကြတဲ့ တော်လှန်ရေးကြီးကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့ မတ်လ (၂၇) ရက်နေ့ကို တော်လှန်ရေးနေ့ရယ်လို့ ကမ္ဗည်းထွင်း သမိုင်းဝင်စေခဲ့တာပါ။

တကယ့်တပ်မတော်နေ့ဖြစ်သင့်တာက ဗိုလ်ချုပ်အောင်ဆန်း နဲ့ရဲဘော်သုံးကျိပ်တို့ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့တဲ့နေ့ဖြစ်တဲ့ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ဘဲ ဖြစ်သင့်ပါတယ်။

အမှန်တရားကိုစောင်ရှောက်တတ်တဲ့ မတရားမှုကိုဆန့်ကျင်တတ်တဲ့ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးကို ဖျောက်ဖျက်ထားခြင်းအား ရပ်တန့်ဖို့အချိန်ကြပါပြီ။  ဂုဏ်ပြုအပ်တဲ့ တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့ကို ခွဲခြားသတ်မှတ်ပါလို့ အလေးအနက်တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးချုပ်အပ်ပါတယ်။

မင်းကောင်းချစ်

တပေါင်းလဆန်း (၁၄) ရက် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်

မတ်လ (၂၂) ရက် ခရစ်သက္ကရာဇ်၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013