DVB Logo
Home
Lead Story
အန်အယ်လ်ဒီဖွဲ့မည့် အစိုးရအဖွဲ့အပေါ် အမြင်သဘောထားများ
DVB
·
March 23, 2016
အန်အယ်လ်ဒီဖွဲ့မည့် အစိုးရအဖွဲ့အပေါ် အမြင်သဘောထားများ
Donate to DVB

အန်အယ်လ်ဒီအစိုးရအဖွဲ့မှာ ပါဝင်မယ့် ၀န်ကြီးများအမည်စာရင်းကို မတ်လ ၂၂ ရက် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်နာယက ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

အစိုးရအဖွဲ့မှာ အနိုင်ရ အန်အယ်လ်ဒီပါတီက ၆ ဦး၊ ကြံ့ခိုင်ရေးပါတီက ၂ ဦးနဲ့ ပြင်ပ ပညာရှင် ၇ ဦးထိ ပါဝင်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်တဲ့ ဗိုလ်ချုပ်ကြီး ၃ ဦးနဲ့ စုစုပေါင်း ၀န်ကြီး ၁၈ ဦး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတရုံးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအ၀င် ၀န်ကြီးဌာန ၄ ခုကို ကိုင်တွယ်မယ်လို့ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။

အန်အယ်လ်ဒီဖွဲ့မယ့် အစိုးရအဖွဲ့အပေါ် ဘယ်လို သဘောထားနေကြပါသလဲ၊ နယ်ပယ်စုံက လူပုဂ္ဂိုလ်တချို့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်း က အခုတင်တဲ့အဖွဲ့စာရင်းက သိပ်ပြီး ဆွဲဆောင်မှု မရှိလှဘူးလို့ သုံးသပ် ပြောကြားပါတယ်။

“တင်လိုက်တဲ့ ၀န်ကြီးတွေထဲမှာ ပညာရှင်တွေလည်း ပါပါတယ်၊ အဖွဲ့အစည်း ပါတီက လူတွေလည်း ပါဝင်ပါတယ်၊ ဒါပေမယ့် ကျနော်မြင်တာတော့ သိပ်ပြီးတော့ ဆွဲဆောင်မှု မရှိလှဘူးလားလို့၊ နံပါတ်တစ်က အသက် ငယ်ငယ်ရွယ်ရွယ်သူတွေထက်စာရင် အသက်ကြီးတဲ့သူတွေ များတယ်၊ နောက်တခုက နိုင်ငံသိကျော်ကြားတဲ့ ပုဂ္ဂိုလ်မျိုး ပညာရှင်မျိုးထက်စာရင် တော်ရုံတန်ရုံလောက်ပဲ ဖြစ်နေတာ များတယ်၊ နောက် ၀န်ကြီးဖြစ်လာမယ့် သူတွေရဲ့ စွမ်းဆောင်မှုကလည်း ပြောမယ်ဆိုရင် စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေတာပေါ့၊ သူတို့ ဘယ်လိုမျိုး စွမ်းဆောင်မှုတွေ ဆက်လုပ်လာမလဲ စောင့်ကြည့်ဖို့တော့ လိုသေးတာပေါ့နော်။”

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာကတော့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ရွေးချယ်တဲ့အဖွဲ့ အပေါ် မေးခွန်းထုတ်ပါတယ်။

“လောလောဆယ်အနေနဲ့တော့ ရှာဖွေတဲ့နေရာမှာ ဒေါင့်စေ့အောင် မရှာဘူးလားပေါ့။ တကယ်ဆို မြန်မာနိုင်ငံမှာ အခု ခန့်ထားမယ့် ၀န်ကြီးတွေနဲ့ တန်းတူရည်တူ  အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိနေပါသေးတယ်ရှင့်။ ပါတီက မဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ ရှိနေပါတယ်။ အဲ့ဒီတော့ အဲ့ဒီလို အရည်အချင်းရှိတဲ့သူတွေကို ထပ်မံပြီး ဖိတ်ခေါ်ရင်တော့ ပိုကောင်းပါတယ်။ အဲ့ဒီမှာ အမျိုးသမီးတွေလည်း အများကြီး ရှိနေတာ မြင်ရပါတယ်။ လောလောဆယ် နာမည်ထွက်နေတာကလည်း ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းက ၀န်ကြီးဌာန ၄ ခုကို ကိုင်မယ်ဆိုတော့ အမျိုးသမီးတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် တယောက်တည်းက ၄ ဌာန ကိုင်မယ်ဆိုတော့  တကယ်တမ်း လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ  ဘယ်လိုထိန်းချုပ်မလဲ၊ ဘယ်လိုကိုင်တွယ်မလဲဆိုတာ အများကြီး ပြဿ     နာ ရှိလာနိုင်ပါတယ်ရှင့်။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း အလားတူ မေးခွန်းထုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနဲ့ ၀န်ကြီးဌာန ၄ ခုကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သိချင်တယ်လို့လည်း ပြောပါတယ်။

“အလျဉ်မီပါ့မလားပေါ့၊ တကယ်ရော ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် အနေအထား ရှိပါ့မလားလို့ စဉ်းစားမိတယ်။ ၀န်ကြီးဌာန ၄ ခုစလုံးကို ကိုင်မယ်ဆိုတယ်။ ဒုဝန်ကြီးထားမယ် ဆိုတဲ့ သတင်းလည်း မကြားရဘူး။ မကြားရတော့ အဲ့ဒါတွေကို သူဘယ်လိုလုပ် ကိုင်သွားမယ်ဆိုတာကို ကျနော်တို့ သိချင်နေတဲ့ သဘောလည်း ရှိပါတယ်။ အခုဟာက မျိုးတူလည်း မဟုတ်ဘူးဗျ၊ စွမ်းအင်နဲ့ လျှပ်စစ်၊ ပညာရေးဆိုတော့ သီးခြားဌာနတွေ ဖြစ်နေတော့ တော်တော့် ကို အရည်အချင်းရှိတဲ့သူက ကိုင်မယ်ဆိုရင်တော့ ဒါ ဝေဖန်စရာ မရှိပါဘူး။ စစချင်း ကိုင်တာက ကိစ္စမရှိပါဘူး။ နောင်အလုပ်တွေ သိပ်များလာတဲ့အခါကျတော့ လုပ်ငန်းဆောင်တာတွေ များလာတော့ တကယ်ပဲ ထိရောက်အောင် အချိန်ပြည့်စဉ်းစားပြီးတော့ လုပ်နိုင်ပါမလားလို့ စဉ်းစားမိပါတယ်။”

တခါ အစိုးရအဖွဲ့ဝင်စာရင်းပါ ၀န်ကြီးလုပ်မယ့်သူတွေ အသက်အရွယ်နဲ့ ပတ်သက်ပြီးတော့လည်း ဦးခင်မောင်ဆွေက အခုလို သုံးသပ် ပြောပါတယ်။

“ကျနော်တို့လည်း ၇၀ ကျော်နေပြီဗျာ။ ဦးနှောက်ပိုင်း ဆိုင်ရာကတော့ နည်းနည်းပါးပါးတော့ စဉ်းစားဖို့ ကျန်သေးတာပေါ့။ ဒါပေမယ့် ကိုယ်ကာယပိုင်းဆိုင်ရာက သိပ်ပြီးတော့ ၁၀၀ မှာ ၅၅ လောက်ပဲ လှုပ်ရှားနိုင်တော့တယ်ဗျ။ သွားတာလာတာနေတာထိုင်တာ ကျနော်တို့ အသက်အရွယ်အရ လှုပ်ရှားနိုင်မှုရဲ့ စွမ်းအင်က တော်တော်ကျသွားပြီဗျ၊ အသက် ၅၀ ၀န်းကျင်၊ ၆၀ အောက် လူကြီးတွေဆိုရင်တော့ ပိုပြီးတော့ စွမ်းအင်ပြည့်လှုပ်ရှားနိုင်တဲ့ အစိုးရရဖို့ ရှိတယ်လို့ ထင်တယ်လေ။ အသက် ၇၀ တန်းတွေချည်းပဲ တက်အုပ်ချုပ်တဲ့ တိုင်းပြည်မှာ ဒီလောက်ပဲ လူရှားသလားလို့လဲ စဉ်းစားစရာ ဖြစ်လာတာပေါ့ဗျာ။”

အန်အယ်လ်ဒီက အမည်စာရင်းတင်သွင်းတဲ့ ၀န်ကြီးတွေ အတော်များများဟာ ၆၀ ကျော် ၇၀ တန်းတွေများပြီး အသက်အကြီးဆုံး တိုင်းရင်းသားလျထားဝန်ကြီး နိုင်သက်လွင်က အသက် ၇၅ နှစ် ရှိပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013